အကြမ်းဖက်အဖွဲ့အစည်းမှ တည်ထောင်ဖွင့်လှစ်ထားသော Online စာသင်ကျောင်းများတွင် ကျောင်းအပ်နှံပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူမည်

အကြမ်းဖက်အဖွဲ့အစည်းမှ တည်ထောင်ဖွင့်လှစ်ထားသော Online စာသင်ကျောင်းများတွင် ကျောင်းအပ်နှံပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူမည်
Published 2 March 2023

အကြမ်းဖက်အဖွဲ့အစည်းမှ တည်ထောင်ဖွင့်လှစ်ထားသော Online စာသင်ကျောင်းများတွင် ကျောင်းအပ်နှံပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

NUG လက်အောက်ခံ FOEIM Online ပညာရေးစနစ်အပေါ် ဖော်ထုတ်တွေ့ရှိချက်များအား အများပြည်သူသိရှိစေရန် အသိပေးကြေညာချက်တွင် ထိုသို့ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

NUG လက်အောက်ခံ Free Online Education Institution Myanmar (FOEIM) Online ပညာရေးစာသင်ကျောင်းတွင် နှစ်စဉ်ကျောင်းဝင်ကြေးအဖြစ် မူ/လယ်/ထက်တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၀၀၀၊ ၂၀၀၀၊ ၃၀၀၀ ကောက်ခံခဲ့ပြီး ကျောင်းသားကျောင်းသူ နှစ်သောင်းခန့် ကျောင်းအပ်နှံခဲ့ကြောင်းနှင့် NUG အသိအမှတ်ပြုကျောင်း ၆၂ ကျောင်း ခွင့်ပြုထားသည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း ကျောင်းသုံးကျောင်းခန့်သာ ဖွင့်လှစ်သင်ကြားသည့် အထောက်အထားများ ဖော်ထုတ်တွေ့ရှိရကြောင်း၊ အဆိုပါ Online စာသင်ကျောင်းများ၏ ထောက်ခံချက်ဖြင့် တက္ကသိုလ်၊ ကောလိပ်ကျောင်းများတွင် ဝင်ခွင့်ဖြေဆိုတက်ရောက်နိုင်မှုမရှိဘဲ အချိန်ကုန်ငွေကုန်မည့်အပြင် အကြမ်းဖက်အဖွဲ့အစည်းမှ တည်ထောင်ဖွင့်လှစ်ထားသည့် FOEIM ကဲ့သို့ Online စာသင်ကျောင်းများတွင် ကလေးများအား ကျောင်းအပ်နှံပါက ငွေကြေးလိမ်လည်မှုကြောင့် ငွေကြေးဆုံးရှုံးသည်သာမက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပါ အရေးယူခံရမည်ဖြစ်ကြောင်း နစက က ထုတ်ပြန်သည်။

FOEIM သည် အကြမ်းဖက်အားပေး ထောက်ခံသည့် Online စာသင်ကျောင်းဖြစ်သည့်အပြင် နိုင်ငံတကာအသိအမှတ်ပြု အထောက်အထားများ ခိုင်လုံစွာ ပြသနိုင်မှုမရှိခြင်း၊ ကျောင်းအခြေပြု တည်နေရာ ပြသနိုင်မှုမရှိခြင်းနှင့် စနစ်တကျဖွဲ့စည်း အုပ်ချုပ်မှုမရှိခြင်းတို့အား ဖော်ထုတ်တွေ့ရှိရကြောင်း၊ NUG မှ ကျောင်းဝင်ငွေ၏ သုံးပုံတစ်ပုံအား ၎င်းတို့ထံ ပေးအပ်စေခဲ့ရာမှ FOEIM ကျောင်းသားလက်ခံရေး(ရုံးအဖွဲ့)အကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး ငွေကြေးသုံးစွဲမှုစာရင်း ချပြရှင်းလင်းနိုင်မှုမရှိဘဲ ငွေကြေးလိမ်လည်မှုဖြစ်ပေါ်ခဲ့ရာမှ ကျောင်းအပ်နှံသူများ၏ အမည်စာရင်း ပေါက်ကြားခဲ့ခြင်းဖြစ်သည်ကိုတွေ့ရကြောင်း၊  FOEIM Online စာသင်ကျောင်းမှ အချက်အလက်များ ပေါက်ကြားမှုမရှိစေရန် Facebook Page၊ Website နှင့် Telegram တို့မှ အာမခံချက်များပေးခဲ့သော်လည်း ယုံကြည်စွာဖြင့် ကျောင်းအပ်နှံခဲ့သည့် ကျောင်းသား ကျောင်းသူ ၅၀၀ ၏ အမည်စာရင်းများ ပေါက်ကြားလာခဲ့ကြောင်း နစက က ထုတ်ပြန်သည်။

ထိုသို့ အမည်စာရင်းများ ပေါက်ကြားခြင်းကို NUG ၏ Facebook Page မှ တာဝန်ယူဖြေရှင်းပေးမှုမရှိသည့်အပြင် ၎င်းတို့၏ သင်ကြားရေးနှင့် ကျောင်းသားလက်ခံရေး (ရုံးအဖွဲ့)တို့မှ ငွေကြေးလိမ်လည်သူ ငါးဦးဖော်ထုတ်ရရှိခဲ့သဖြင့် တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နစက က ထုတ်ပြန်သည်။

ထို့ကြောင့် ကျောင်းသားမိဘများအနေဖြင့် ပတ်ဝန်းကျင်အား မလွန်ဆန်နိုင်၍ ဖြစ်စေ၊ မသိနားမလည်၍ဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ အကြမ်းဖက်အဖွဲ့အစည်းမှ တည်ထောင်ဖွင့်လှစ်ထားသည့် Online စာသင်ကျောင်းများတွင် ကျောင်းအပ်နှံပါက ငွေကြေးလိမ်လည်မှုကြောင့် ငွေကြေးဆုံးရှုံးသည်သာမက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရပါ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် အစိုးရစာသင်ကျောင်းများနှင့် အစိုးရအသိအမှတ်ပြုစာသင်ကျောင်းများတွင်သာ ကျောင်းအပ်နှံပညာသင်ကြားကြရန် နစက က ထုတ်ပြန်သည်။

Most Read

Most Recent