ကမ္ဘာ့နိုင်ငံရေး၏ အဓိကပလေယာများ၏ လုံခြုံရေးအကျိုးစီးပွားနှင့် လုပ်ဆောင်ချက်များ ၀ိရောဓိဖြစ်လာစဉ် တောင်တရုတ်ပင်လယ်ဆိုင်ရာ နိုင်ငံရေး၊ စစ်ရေးအခြေအနေသည် အန္တရာယ်ရှိသော အခြေအနေတစ်ရပ်ဖြစ်လာခဲ့သည်။ မကြာသေးမီက တရုတ်ဂျက်တိုက်လေယာဉ် တစ်စင်းနှင့် အမေရိကန်စစ်လေယာဉ်တစ်စင်းတို့ ဝင်တိုက်လုနီးနီး ဖြစ်ခဲ့ခြင်းသည် တစ်ကြိမ်တစ်ခါသာ ဖြစ်ဖူးသည့် ဖြစ်ရပ်မျိုးတော့ မဟုတ်ပေ။ သက်ဆိုင်ရာနိုင်ငံများ၏ ပကတိဆက်ဆံရေး အခြေအနေပေါ် မူတည်၍ ယင်းဖြစ်စဉ်များ၏ အတိမ်အနက်နှင့် တင်းမာမှုတို့ ကွဲပြားနိုင်သည့်တိုင် ၂၀၂၃ ခုနှစ်ထဲတွင်လည်း ထိုဖြစ်စဉ်များ အဆုံးသတ်သွားဖွယ် မရှိပေ။
တရုတ်သည် တောင်တရုတ်ပင်လယ်နှင့် ယင်းကိုကျော်လွန်၍ အင်အားချဲ့ထွင်နိုင်စွမ်းကို လျင်လျင်မြန်မြန် တိုးမြှင့်လျက်ရှိသည်။ တစ်ချိန်တည်းတွင် အမေရိကန်ပြည်ထောင်စုသည်လည်း မျိုးဆက်တစ်ခုအတွင်း ၎င်းဒေသ၌ အင်အားချဲ့ထွင်မှုကို အသိသာဆုံးလုပ်ဆောင်လာသည့် နှစ်တစ်နှစ်ထဲသို့ ချဉ်းနင်းဝင်ရောက်လာခဲ့သည်။
ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ ဆက်လက်အားပြိုင်နေမှုနှင့် တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ တရုတ်၏ ပြောကြားချက်များကို စိန်ခေါ်သည့် အမေရိကန်၏ လွတ်လပ်စွာရေကြောင်း သွားလာခွင့် ရပ်တည်ချက်တို့ကြောင့် ပိုမိုရှုပ်ထွေးလာစဉ် ကိစ္စရပ်အများအပြားတွင် အခြေအနေပိုဆိုးရွားလာခဲ့သည်။ ယင်းသည် အမေရိကန်နှင့် တရုတ်၏ အားပြိုင်မှုဖြစ်သည်။ ထို့အပြင် သယံဇာတအရင်းအမြစ်များအတွက် တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံအချို့ကြားတွင်လည်း အားပြိုင်မှုများ ရှိနေသည်။
အထူးသဖြင့် ၎င်းတို့၏မဟာဗျူဟာလမ်းကြောင်းချင်း တူညီနေသည့် တောင်တရုတ်ပင်လယ်နှင့် ဒေသတွင်း၌ သြဇာလွှမ်းမိုးနိုင်ရေးအတွက် အမေရိကန်နှင့် တရုတ်၏ အားပြိုင်မှုသည် နိုင်ငံရေးဝန်းကျင်တစ်ခုလုံးအပေါ် ရိုက်ခတ်လျက်ရှိသည်။ တရုတ်သည် တစ်စုံတစ်ခုသော ပဋိပက္ခဖြစ်လာခဲ့သော် ၎င်း၏အနီးဝန်းကျင်ရှိ ပင်လယ်ပြင်များကို ထိန်းချုပ်ကာ အမေရိကန်ဝင်မလာနိုင်အောင် ဟန့်တားသည့် မဟာဗျူဟာကို ကျင့်သုံးလျက်ရှိသည်။
အမေရိကန်ကမူ တရုတ်၏ ကွပ်ကဲထိန်းချုပ်မှု၊ ဆက်သွယ်ရေး၊ နည်းပညာ၊ ထောက်လှမ်းစောင့်ကြည့် ကင်းထောက်မှုစနစ် (ISR) တို့အား ဟန့်တားနိုင်စွမ်းကို တည်ဆောက်ကာ တုံ့ပြန်နေသည်။ သို့ဖြစ်ရာ ISR သည် နှစ်နိုင်ငံစလုံးအတွက် အဓိကဦးစားပေးဖြစ်နေကာ တရုတ်၏ အနီးအနားတစ်ဝိုက်ရှိ ပင်လယ်ပြင်များ၏ ရေပေါ်ရေအောက်တို့တွင် ယင်းနှင့်ပတ်သက်၍ တစ်ဦးကိုတစ်ဦး အသာစီးယူနိုင်ရန် အပြိုင်အဆိုင်ကြိုးပမ်းနေသည်။
တရုတ်အတွက် တောင်တရုတ်ပင်လယ်၏ အရေးပါသော အဓိကအကြောင်းရင်းမှာ ဟိုင်နန်ပြည်နယ်၊ ယွီလင်မြို့တွင် အခြေစိုက်သည့် တန်ပြန်တိုက်ခိုက်ရေး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကို ဖြန့်ကြက်ချထားရန် အတော်အတန်လုံခြုံမှု ပေးစွမ်းနိုင်ခြင်းကြောင့်ဖြစ်သည်။ အမေရိကန်ကမူ တရုတ်ကို ထိုအခွင့်အရေးမရအောင် တားဆီးရန်အတွက် ရေငုပ်သင်္ဘောများကို ခြေရာခံထောက်လှမ်းရန်နှင့် လိုအပ်လာလျှင် ပစ်မှတ်ထားတိုက်ခိုက်ရန် ၎င်းင်း၏ ISR လုပ်ဆောင်မှုများကို အသုံးချနေသည်။
ယင်းသည် အမေရိကန်၏ ISR လုပ်ငန်းစဉ်များနောက်ကွယ်မှ မဟာဗျူဟာရှုထောင့်အရ တွက်ဆမှုဖြစ်ပြီး တရုတ်ကလည်း အမေရိကန်၏ ISR လုပ်ဆောင်မှုများကို တတ်နိုင်သမျှ ၎င်းတို့၏ စစ်ဘက်အသုံးအဆောင်များအနီးသို့ ရောက်မလာအောင် ထိန်းထားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ အမေရိကန်၏ ISR လုပ်ဆောင်မှုအချို့တွင် သြစတြေးလျလည်း ပါဝင်လာခဲ့ပြီး မကြာမီတွင်ဂျပန်လည်း ပါဝင်လာဖွယ်ရှိသည်။ ယင်းသို့ မဟာဗျူဟာမြောက် အားပြိုင်မှုများ မြင့်တက်လာရာ ပဋိပက္ခ ဖြစ်ပွားမှုများသည် အကြိမ်အရေအတွက်သာမက ပြင်းထန်မှုအရလည်း မြင့်တက်လာခဲ့သည်။
မိတ်ဖက်နိုင်ငံများတွင် အမေရိကန်က စစ်လက်နက်ပစ္စည်းဖြန့်ကြက်ထားရှိမှုများ တိုးမြှင့်လာဖွယ်ရှိရာ ယင်းနိုင်ငံများကို ပဋိပက္ခထဲသို့ ပိုမိုနက်ရှိုင်းစွာ ဆွဲသွင်းသကဲ့သို့ ဖြစ်လာပေလိမ့်မည်။ ၎င်းတို့အနက် အဓိကပါဝင်ပတ်သက်နေသည့် နိုင်ငံမှာ ဖိလစ်ပိုင်ဖြစ်သည်။ ဖိလစ်ပိုင်အစိုးရအနေဖြင့် တောင်တရုတ်ပင်လယ်၌ တရုတ်၏ ရန်လိုသည့် လုပ်ရပ်များကို တုံ့ပြန်ရာတွင် အမေရိကန်၏ ကျောထောက်နောက်ခံပေးမှုကို အလိုရှိနေသည်။
သို့ရာတွင် အပြန်အလှန် အကာအကွယ်ပေးရေးအတွက် အမေရိကန်-ဖိလစ်ပိုင်ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူစာချုပ်ကို အကောင်အထည်ဖော်ခြင်းဖြင့် ဖိလစ်ပိုင်တွင် ၎င်း၏ စစ်လက်နက်ပစ္စည်းများကို ထားရှိရန် အမေရိကန်က ဆန္ဒရှိနေပြီး လက်ရှိတွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ယင်းနှင့်ပတ်သက်၍ စဉ်းစားသုံးသပ်လျက်ရှိသည်။ တရုတ်နိုင်ငံဘက်ကလည်း တောင်တရုတ်ပင်လယ်၌ ဖိလစ်ပိုင်အပေါ် ရန်စမှုများ တိုးမြှင့်လုပ်ဆောင်ကာ လက်တုံ့ပြန်လာနိုင်သည်။
ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့သည် တရုတ်က ၎င်းတို့ပိုင်ဆိုင်သည်ဟု အခိုင်အမာ ဆိုထားသည့် နေရာများတွင် သယံဇာတအရင်းအမြစ် တူးဖော်ရှာဖွေမှုများကို ရှေ့တိုးလုပ်ဆောင်လျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံးသည် တရုတ်က ၎င်း၏ရေပိုင်နက်အဖြစ် သတ်မှတ်ထားသော Nine-dash Line ပိုင်နက်မျဉ်းအား တရားမဝင်ဟု ဆုံးဖြတ်ခဲ့သည့်တိုင် တရုတ်သည် ယင်းနှင့်ပတ်သက်၍ စောဒကတက်နေဆဲဖြစ်သည်။ ထိုစဉ်အတောအတွင်း အမေရိကန်သည်လည်း အခြေအနေကို စောင့်ကြည့်အကဲခတ်နေသည်။
ဖိလစ်ပိုင်အတွက်လည်း အဆုံးအဖြတ်ကာလရောက်ရှိလာတော့မည့် အခြေအနေဖြစ်သည်။ သမ္မတ မားကို့စ်ဂျူနီယာ၏ အစိုးရသည် တောင်တရုတ်ပင်လယ်ရှိ Reed Bank ဒေသတွင် Forum Energy ကို ရေနံတူးဖော်ခွင့်ပြုရန် စဉ်းစားလျက်ရှိသည်။ အဆိုပါကုမ္ပဏီကမူ ၎င်းတို့အား တရုတ်၏ နှောင့်ယှက်မှုများမှ အကာအကွယ်ပေးရန် ဖိလစ်ပိုင်အစိုးရကို တောင်းဆိုထားသည်။ ယင်းအခြေအနေသည် စစ်ရေးအရ ထိပ်တိုက်တွေ့ခြင်းဆီသို့ ဦးတည်သွားနိုင်ပြီး ဖိလစ်ပိုင်၏ စစ်ရေးမဟာမိတ် အမေရိကန်ကိုလည်း အဆိုပါအခြေအနေထဲသို့ ဆွဲသွင်းသလို ဖြစ်သွားနိုင်သည်။
အင်ဒိုနီးရှားသည်လည်း တရုတ်က ၎င်းတို့ပိုင်ဆိုင်သည်ဟု ဆိုထားသော Tuna Block ကမ်းလွန်ဓာတ်ငွေ့သိုက်တွင် တူးဖော်ရှာဖွေမှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် နှောင်းပိုင်းက ယင်းနေရာတွင် တူးဖော်မှုများကို ရပ်ဆိုင်းရန် တရုတ်က အင်ဒိုနီးရှားကို သတိပေးခဲ့သည်။ တရုတ်ရေယာဉ်များသည် အင်ဒိုနီးရှား၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည့် ရေနံဓာတ်ငွေ့တူးစင်တစ်ခုကို နှောင့်ယှက်ခဲ့ပြီး ယင်းနေရာတွင် လှည့်လည်စောင့်ကြည့်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။ လက်ရှိတွင် အင်ဒိုနီးရှားက ၎င်းဓာတ်ငွေ့သိုက် တူးဖော်မှုစီမံကိန်း ပထမအဆင့်ကို ခွင့်ပြုထားပြီးဖြစ်သည်။
အင်ဒိုနီးရှားရေတပ်သည် ၎င်းရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းအတွက် လုံခြုံရေးဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် ယင်းသည် စီးပွားရေးနှင့် နိုင်ငံရေးအရ အင်ဒိုနီးရှား၏ အချုပ်အခြာအာဏာပိုင်စိုးမှုအတွက် အခိုင်အမာ ရပ်တည်မှုဖြစ်သည်ဟု အဆိုပါစီမံကိန်းကို လုပ်ကိုင်နေသော ကုမ္ပဏီ၏ဥက္ကဋ္ဌဖြစ်သူက ဆိုသည်။
အင်ဒိုနီးရှားအနေဖြင့် ၎င်း၏နိုင်ငံရေးသဘောထားကို ထင်ထင်ရှားရှားပြသလျက် အမေရိကန်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာအားကောင်းအောင် လုပ်ဆောင်နေသကဲ့သို့ ၎င်းနေရာအနီးသို့ အကြီးစား ရေတပ်စစ်ရေယာဉ်စုကိုလည်း ပြောင်းရွှေ့ချထားကာ စစ်လက်နက်အသစ်များ တပ်ဆင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၂၅ ဘီလျံအသုံးပြုရန် စီစဉ်ထားသည်။
တရုတ်နှင့် ထိပ်တိုက်တွေ့လိုခြင်း မရှိသည့် မလေးရှားပင်လျှင် ၂၀၂၃ ခုနှစ်၌ ၎င်းပဋိပက္ခများထဲတွင် ပါဝင်လာနိုင်သည်။ ၂၀၂၀ ခုနှစ် ဧပြီလက မလေးရှား၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည့် West Capella ၏ ရေနံလုပ်ကွက်အား တရုတ်ရေယာဉ် တစ်စင်းက နှောင့်ယှက်ခဲ့ခြင်းကြောင့် အမေရိကန်နှင့် သြစတြေးလျတို့သည် မလေးရှားကို ကျောထောက်နောက်ခံပေးသည့်အနေဖြင့် စစ်သင်္ဘောများ စေလွှတ်ခဲ့သည်။
မလေးရှားအနေဖြင့် ၎င်းချဉ်းကပ်နည်းအပေါ် စိတ်မသက်မသာ ရှိနေသည့်တိုင် ၂၀၂၁ ခုနှစ် ဧပြီလက ဆာရာဝပ်ပြည်နယ်အနီးမှ တရုတ်စစ်လေယာဉ်များ ပျံသန်းခဲ့ခြင်းကို ဂျက်တိုက်လေယာဉ်များ အရေးပေါ် ပျံတက်ခြင်းနှင့် တရားဝင်ကန့်ကွက်ခြင်းတို့ ပြုလုပ်ကာ ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့သည်။ အမေရိကန်ကလည်း မလေးရှားဘက်မှ ထောက်ခံကြောင်း အတိအလင်း ပြောဆိုခဲ့သည်။
တင်းမာမှုများနှင့် ပဋိပက္ခများကို လျှော့ချရာတွင် အထောက်အကူ ဖြစ်စေမည့် ခိုင်မာသော ကျင့်ဝတ်စည်းမျဉ်းများကို မကြာမီ အပြီးသတ်နိုင်လိမ့်မည်ဟု ကျွမ်းကျင်သူအချို့က မျှော်လင့်နေသည်။ သို့ရာတွင် ပထဝီဝင် အတိုင်းအတာ၊ ဥပဒေကြောင်းဆိုင်ရာ အခြေအနေ၊ စည်းမျဉ်းထိန်းသိမ်း ကြပ်မတ်မှုလုပ်ထုံးလုပ်နည်းများနှင့် ပြင်ပအင်အားစုများ၏ အခန်းကဏ္ဍကဲ့သို့ အရေးပါသော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိသာထင်ရှားသော ကွဲလွဲမှုများ ဆက်ရှိနေနိုင်ကာ ယင်းတို့ကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ရန်မှာလည်း ဖြစ်နိုင်ခြေနည်းပါးနေသည်။
ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်းနှင့် မဖြစ်မနေ လိုက်နာရန်မလိုသည့် Declaration on Conduct of the Paries in the South China Sea တို့ဖြင့် ရှိရင်းစွဲအခြေအနေကို ထိန်းမတ်ပေးထားသည့်တိုင် ယင်းသဘောတူညီချက်များနှင့် သက်ဆိုင်သူအများစုက စည်းကမ်းချက်များကို မကြာခဏချိုးဖောက်လျက်ရှိသည်။
ယခုနှစ်တွင်လည်း လေယာဉ်ချင်း ဝင်တိုက်လုနီးပါးအခြေအနေနှင့် အသက်ရှူမှားလောက်သော အခိုက်အတန့်များ ထပ်မံမပေါ်ပေါက်နိုင်ဟု မည်သူမှ တပ်အပ်မပြောနိုင်ပေ။ သို့ဖြစ်ရာ အဓိကသက်ဆိုင်သော နိုင်ငံများအနေဖြင့် ပဋိပက္ခများ ပိုမိုနက်ရှိုင်းကြီးထွားမလာအောင် တားဆီးရန် အရေးတကြီး လိုအပ်နေသည်။
Ref:South China Morning Post










