ဆီးဂိမ်းစ်အကြို မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ အဓိကတွဲဆိုင်းတွင် အဲမွီနှင့် တောက်ရှား သရေကျ

ဆီးဂိမ်းစ်အကြို မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ အဓိကတွဲဆိုင်းတွင် အဲမွီနှင့် တောက်ရှား သရေကျ
Photo: Sky Net
Photo: Sky Net
Published 16 January 2023

ယခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းစ်အကြို(Pre SEA Games) မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဇန်နဝါရီ(၁၅) ရက်က ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းပြိုင်ပွဲ၏ အဓိကတွဲဆိုင်းအဖြစ် အဲမွီနှင့် တောက်ရှားတို့ ရင်ဆိုင်ထိုးသတ်ခဲ့ရာ(၅) ချီပြီးဆုံးသည်အထိ အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေကျခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်သည် ကမ္ဘောဒီးယားဆီးဂိမ်းစ်မတိုင်မီ ရိုးရာလက်ဝှေ့သမားများအတွက် လက်ရည်စစ်ပွဲအနေဖြင့် ပြိုင်ပွဲကို တွဲဆိုင်း (၆) ဆိုင်းဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(၄) ချီတွဲဆိုင်းတွင် နေရိုင်းနှင့် သန့်ဇင်တို့ ပူးတွဲသရေကျခဲ့ပြီး (၅) ချီတွဲဆိုင်းများတွင် သွေးလင်းထက်က လှလေးစိန်ကို (၃) ချီတွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။ အခြား(၅) ချီတွဲဆိုင်းများတွင် ဟိန်းထွန်းအောင်နှင့် ရှမ်းတောက်၊ ဇွဲရာမာန်နှင့် ကိုနိုင်း၊ အဲမွီနှင့် တောက်ရှားတို့မှာ အရှုံးအနိုင်အပေါ်ဘဲ ပူးတွဲသရေများဖြင့် ပြီးဆုံးခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲမတိုင်မီက ၂၀၂၂ ခုနှစ်အတွင်း တစ်ဟုန်ထိုးနာမည်ကျော်လာသည့် အဲမွီမှာ တောက်ရှားကို အနိုင်ရဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများရှိခဲ့သော်လည်း သရေရလဒ်ဖြင့်သာ အဆုံးသတ်ခဲ့သည်။

အဲမွီသည် ယခုနောက်ပိုင်း ထိုးပွဲများ စိပ်နေပြီး ဇန်နဝါရီ(၂၉) ရက်တွင် ကမ္ဘာရှားနှင့် ထိုးသတ်ရမည်ဖြစ်သည်။

Most Read

Most Recent