မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော် ခွန်ခမာပြိုင်ပွဲတွင် လာအိုဖိုက်တာ လန်ချန်းကို အမှတ်ဖြင့် အနိုင်ရ

မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော် ခွန်ခမာပြိုင်ပွဲတွင် လာအိုဖိုက်တာ လန်ချန်းကို အမှတ်ဖြင့် အနိုင်ရ
Photo: Town Sports
Photo: Town Sports
Published 22 July 2024

မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော်သည် ပြီးခဲ့သည့်ဇူလိုင် ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲတွင် လာအိုဖိုက်တာ လန်ချန်းကို အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

Kun Khmer Mattrid Grand Fight ဟု အမည်ပေးထားသည့် ခွန်ခမာပြိုင်ပွဲကို ဇူလိုင် ၂၁ ရက် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ရိုးရာလက်aဝှ့သမား စိုးမိုးဇော်သည် လာအိုဖိုက်တာ လန်ချန်းနှင့် ဒုခေါင်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

စိုးမိုးဇော်နှင့် လာအိုဖိုက်တာ လန်ချန်းတို့သည် ၆၃.၅ ကီလိုတန်းတွင် ခွန်ခမာစည်းမျဉ်းအတိုင်း ၃ မိနစ်၊ ၃ ချီ ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

စိုးမိုးဇော်သည် ပွဲစကတည်းက သူ၏ဟန်အတိုင်း အတင်းဝင်ကာ ပြိုင်ဘက်ကို ဖိအားပေးထိုးသတ်ခဲ့သည်။

ပထမအချီတွင် နှစ်ဦးစလုံး အကဲစမ်းသည့်အနေဖြင့် အောက်ခြေခတ်ချက်များ၊ အမြင့်ကန်ချက်များ၊ ဘယ်ညာတွဲလုံးများကို အသုံးပြုခဲ့သည်။

ဒုတိယအချီတွင် စိုးမိုးဇော်သည် ပြိုင်ဘက် လာအိုဖိုက်တာ လန်ချန်းကို အတွင်းသို့ အနီးကပ်ဝင်ပြီး တံတောင်ရိုက်ချက်များ အသုံးပြုခဲ့သလို ဘယ်ထောက်လက်သီးနှင့်   အားပါသည့် ညာဝိုက်လက်သီးတို့ကို ဆက်တိုက်အသုံးပြုခဲ့သောကြောင့် လျန်ချန်း အထိနာခဲ့သည်။

တတိယအချီတွင်လည်း စိုးမိုးဇော်ကပင် ပွဲကို စိုးမိုးထားခဲ့ပြီး အစီးထိုးသတ်သွားခဲ့သည်။

ယခုပွဲမှာ နှစ်ဦးစလုံး လုံးတူ၊ ဒေါက်တူဖြစ်သောကြောင့် ပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး မြိုင်ဆိုင်ခဲ့သည်။

စိုးမိုးဇော်နှင့် ထိုးသတ်ခဲ့သည့် လာအိုဖိုက်တာ လန်ချန်းသည် အသက် ၁၇ နှစ်သာရှိသေးပြီး  ၃၉ ပွဲထိုးသတ်ထားရာ ၃၂ ပွဲနိုင်၊ ၇ ပွဲ ရှုံးနိမ့်ထားသည်။

လာအိုဖိုက်တာ လန်ချန်း အနိုင်ရထားသည့် ၃၂ ပွဲတွင် ၁၀ ပွဲမှာ ပြိုင်ဘက်များကို အလဲထိုးဖြင့် အနိုင်ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။

စိုးမိုးဇော်သည် ယခုနောက်ပိုင်းတွင်  ခွန်ခမာပြိုင်ပွဲများကိုသာ အခြေစိုက်ထိုးသတ်နေသူဖြစ်ပြီး  အောင်မြင်မှုများ ရရှိနေသူဖြစ်သည်။

စိုးမိုးဇော်သည် ယခုပွဲမတိုင်မီ နောက်ဆုံးပွဲအဖြစ် ပြီးခဲ့သည့်ဇွန် ၂၁ ရက်က ခွန်ခမာပြိုင်ပွဲအဖြစ် ၆၃.၅ ကီလိုတန်းတွင် တရုတ်ဖိုက်တာ လီယိုရှင်ကျုနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့်ပင် အနိုင်ရရှိထားခဲ့သည်။

စိုးမိုးဇော်သည် တရုတ်ဖိုက်တာ လီယိုရှင်ကျုနှင့် ပွဲမတိုင်မီ ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲ ၆၃ ဒသမ ၅ ကီလိုတန်း ချန်ပီယံခါးပတ်လုပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ယင်း ချန်ပီယံခါးပတ်လုပွဲတွင် စိုးမိုးဇော်သည်  ဆီမီးဖိုင်နယ်အထိရောက်ရှိခဲ့ပြီး တတိယနေရာလုပွဲတွင် ဒဏ်ရာဟောင်းကို ပြန်လည်ထိခိုက်မိသောကြောင့် အရှုံးပေးခဲ့ပြီး အဆင့် ၄ နေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

စိုးမိုးဇော်သည် ယင်း ချန်ပီယံခါးပတ်လုပွဲတွင် ကွာတားဖိုင်နယ်အဆင့်၌ သုံးပွဲထိုးသတ်ခဲ့ရပြီး နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကာ ဆီမီးဖိုင်နယ်နှင့် တတိယလုပွဲတွင် အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာများကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။    

Most Read

Most Recent