အင်္ဂလန်တွင် မိမိထက်ပိုကောင်းသည့်နည်းပြမှာ မြို့ခံပြိုင်ဘက် မန်စီးတီးနည်းပြ ဂွါဒီယိုလာ တစ်ဦးတည်းသာရှိကြောင်း မန်ယူနည်းပြ တန်ဟက်ဂ် ကြုံးဝါး

အင်္ဂလန်တွင် မိမိထက်ပိုကောင်းသည့်နည်းပြမှာ မြို့ခံပြိုင်ဘက် မန်စီးတီးနည်းပြ ဂွါဒီယိုလာ တစ်ဦးတည်းသာရှိကြောင်း မန်ယူနည်းပြ တန်ဟက်ဂ် ကြုံးဝါး
Photo: Daily Mail
Photo: Daily Mail
Published 24 July 2024

 

မန်ယူအသင်းနည်းပြ တန်ဟက်ဂ် အသင်းကို စတင်တာဝန်ယူချိန်ကတည်းက အင်္ဂလန်တွင် မိမိထက်ပိုကောင်းသည့်နည်းပြမှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ တစ်ဦးတည်းသာရှိကြောင်း ဖွင့်ဟခဲ့သည်။

တန်ဟက်ဂ်သည် ၂၀၂၂ ခုနှစ် မေလတွင် မန်ယူအသင်းသို့ ရောက်ရှိလာပြီး သူ တာဝန်ယူသည့် ၁၁၄ ပွဲတွင် အသင်းမှာ ၆၈ ပွဲ အနိုင်ရခဲ့သည်။ ၎င်းအနေဖြင့် နှစ်နှစ်တာ ကာလအတွင်း ပရီးမီးယားလိဂ်တွင် ဂွါဒီယိုလာအပြင် ယာဂန်ကလော့ပ်၊ အာတီတာ၊ ပိုချက်တီနိုစသည့် ထိပ်သီးနည်းပြများနှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။ 

တန်ဟက်ဂ်သည် ပထမဆုံးရာသီတွင် အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယား တတိယနေရာနှင့်အတူ လိဂ်ဖလားရယူပေးကာ FA ဖလား ဗိုလ်လုပွဲသို့ ရောက်ရှိအောင်လည်း စွမ်းဆောင်ပေးခဲ့သည်။ သို့သော် ပြီးခဲ့သည့်ရာသီတွင် သူ၏အသင်းမှာ ရုန်းကန်ခဲ့ရကာ အသင်းသမိုင်း တစ်လျှောက် အဆိုးရွားဆုံးအဖြစ် အဆင့်  ရှစ်နေရာ ရပ်တည်ခဲ့ပြီး FA ဖလားပြိုင်ပွဲတွင် မန်စီးတီးအသင်းကို မထင်မှတ်ဘဲ အနိုင်ယူကာ ဗိုလ်စွဲခဲ့ခြင်းကြောင့် ရာထူးမြဲနေခဲ့ခြင်း ဖြစ်သည်။ 

"တကယ်တော့ FA ဖလား ဗိုလ်စွဲ ပြီးနောက် ပိုအင်အားကောင်းလာတယ်လို့ ခံစားရပါတယ်။ ဒီကလပ်ဟာ ကျွန်တော် ရောက်မလာခင်အထိ ခြောက်နှစ်ကြာ ဆုဖလားတွေ မရခဲ့ပါဘူး။ နှစ်နှစ်အတွင်း ဂွါဒီယိုလာပြီးနောက် အင်္ဂလိပ်ဘောလုံးလောကမှာ ကျွန်တော်တို့ ဆုဖလားအများဆုံး ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ ပြိုင်ဘက်အသင်းတိုင်းကို အနိုင်ယူနိုင်တာဆိုတာ ကြည့်လိုက်ပါ။  တစ်ကြိမ်တည်း မဟုတ်ပါဘူး။ စီးတီး၊ လီဗာပူးလ်အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ တစ်ကြိမ်ထက်ပိုပြီး အနိုင်ယူခဲ့ပါတယ်"ဟု တန်ဟက်ဂ် က The Times သတင်းစာသို့ ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့်နှစ်နှစ်အတွင်း အင်္ဂလိပ်ဘောလုံးလောကတွင် ဂွါဒီယိုလာက ဆုဖလားလေးလုံးနှင့် အအောင်မြင်ဆုံးနည်းပြ ဖြစ်ခဲ့ပြီး တန်ဟက်ဂ်က ဆုဖလား နှစ်လုံး၊ ပြီးခဲ့သည့် ရာသီကုန်တွင် သက်ဆိုင်ရာကလပ်များနှင့် အသီးသီးလမ်းခွဲခဲ့ကြသည့် ယာဂန်ကလော့ပ်က လိဂ်ဖလားနှင့် ဒေးဗစ်မွိုက်စ်က ကွန်းဖရန့်လိဂ်ဖလား တစ်လုံးစီ ရယူပေးခဲ့ကြသည်။  မန်ယူအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ် သက်တမ်းတိုးထားသူ တန်ဟက်ဂ်အနေဖြင့် ဂန္ထဝင်နည်းပြ ဖာဂူဆန်နောက်ပိုင်း အသင်းတွင် နှစ်ရာသီဆက် ဖလားယူပေးသည့် ပထမဆုံးနည်းပြ ဖြစ်လာခဲ့သည်။

Most Read

Most Recent