‘ဘုန်းမီးနေလ မဟာအသောက’ မင်းသမီး တူနီရှာ ယခင်ကလည်း သေကြောင်းကြံစည်ခဲ့ဖူးဟု ချစ်သူဟောင်း ထွက်ဆို

‘ဘုန်းမီးနေလ မဟာအသောက’ မင်းသမီး တူနီရှာ ယခင်ကလည်း သေကြောင်းကြံစည်ခဲ့ဖူးဟု ချစ်သူဟောင်း ထွက်ဆို
Published 26 December 2022

အိန္ဒိယမင်းသမီးချော တူနီရှာရှာမာ ဆွဲကြိုးချ အဆုံးစီရင်သွားမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ တွဲဖက်သရုပ်ဆောင်၊ ချစ်သူ ရှီဇန်ခန်က တူနီရှာသည် ၎င်းမကွယ်လွန်မီ ရက်ပိုင်းကတည်းက သေကြောင်းကြံစည်ခဲ့သည့်အတွက် ကယ်တင်ခဲ့ရကြောင်း စစ်ဆေးမှုအတွင်း ထွက်ဆိုထားသည်။

ခန်က ၎င်းသည် ထိုအကြောင်းကို တူနီရှာ၏မိခင်ကို အသိပေးခဲ့ပြီး သမီးဖြစ်သူကို ဂရုစိုက်ရန်လည်း သတိပေးခဲ့သည်ဟု ဆိုသည်။

“ဘုန်းမီးနေလမဟာအသောက” ဇာတ်လမ်းတွဲဖြင့် လူသိများခဲ့သည့် အသက် ၂၁ နှစ်အရွယ်တူနီရှာသည် ဒီဇင်ဘာ ၂၄ ရက်က ရုပ်ရှင်ရိုက်ကွင်းတစ်ခုတွင် အဆုံးစီရင်သွားခြင်းဖြစ်ပြီး ထိုသို့ဖြစ်အောင်တွန်းပို့သူအဖြစ် ၎င်း၏မိခင်က တွဲဖက်သရုပ်ဆောင်ခန်ကို တိုင်ကြားထားသည်။ လက်ရှိတွင် ရုံးတော်က ခန်ကို လေးရက် ချုပ်မိန့်ပေးထားသည်။

ခန်သည် တူနီရှာနှင့်ချစ်သူဖြစ်ခဲ့ပြီး ဘာသာမတူသည့်အတွက်ရော အသက်ကွာဟလွန်းသည့်အတွက်ပါ လမ်းခွဲခဲ့သည်ဟု ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။

အခင်းဖြစ်သည့်နေ့က တူနီရှာသည် သန့်စင်ခန်းသွားမည်ဟုဆိုကာ ရိုက်ကွင်းမှ ပျောက်သွားခဲ့ပြီး အတန်ကြာသည်အထိ ပြန်ရောက်မလာသည့်အတွက် ရိုက်ကူးရေးအဖွဲ့သားများက လိုက်ရှာရာမှ ဆွဲကြိုးချအဆုံးစီရင်သွားသည်ကို တွေ့ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

တူနီရှာ၏ဦးလေးအဆိုအရလည်း ၎င်းသည် လွန်ခဲ့သည့် ၁၀ ရက်ခန့်က စိတ်သောကတစ်ခုကြောင့် ဆေးရုံတက်ထားရသည်ဟု သိရသည်။

Most Read

Most Recent