ရေငုပ်ရသည့်ဇာတ်ဝင်ခန်းအတွက် ကိတ်ဝင်းစလက်၏ အသက်အောင့်နိုင်မှုက တွမ်ခရုစ်၏စံချိန်ကို ချိုးထား

ရေငုပ်ရသည့်ဇာတ်ဝင်ခန်းအတွက် ကိတ်ဝင်းစလက်၏ အသက်အောင့်နိုင်မှုက တွမ်ခရုစ်၏စံချိန်ကို ချိုးထား
Published 12 December 2022

Avatar နောက်ဆက်တွဲဇာတ်လမ်းဖြစ်သည့် Avatar:The Way of Water ရိုက်ကူးစဉ်က ရေငုပ်အသက်အောင့်ရသည့်  ဇာတ်ဝင်ခန်းများပါခဲ့ပြီး ကိတ်ဝင်းစလက်က ၎င်းသည် ထိုသို့စွန့်စားရိုက်ရသည့်အခန်းများတွင် တွမ်ခရုစ်၏အသက်အောင့်နိုင်မှုစံချိန်ကို ကျော်ထားသည်ဟုပြောသည်။

အသက် ၄၇ နှစ်အရွယ် ကိတ်ဝင်းစလက်သည် ဇာတ်ကားလိုအပ်ချက်အရ ခုနစ်မိနစ်နှင့် ၁၅ စက္ကန့် ရေငုပ်သရုပ်ဆောင်ခဲ့ရပြီး Mission:Impossible- Rogue Nation ဇာတ်ကားအတွက် ခြောက်မိနစ်အသက်အောင့် သရုပ်ဆောင်ခဲ့သည့် တွမ်ခရုစ်စံချိန်ကို ချိုးလိုက်ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၆ ရက်ရုံတင်မည့် ဇာတ်ကားသစ်ထဲတွင် ရိုနယ်ဇာတ်ကောင်နေရာမှ ပါဝင်ထားသည့် ဝင်းစလက်က ၎င်းတွင် ဗီဒီယိုသက်သေရှိသည်ဟုဆိုပြီး ထိုဗီဒီယိုကို ရိုက်ကွင်းသို့ တိတ်တဆိတ်ရောက်ချလာသည့် ခင်ပွန်းသည်က ရိုက်ယူမှတ်တမ်းတင်ထားခြင်းဖြစ်သည်။

ရေငုပ်ခဲ့သည့်ကြာချိန်ကို ပြန်မေးသည့်အခါ မယုံနိုင်ခဲ့ဟုလည်း ဝင်းစလက်ကပြောသည်။ Avatar 2 ရုပ်ရှင်သည် ကမ္ဘာကျော် Titanic ရုပ်ရှင်ရိုက်ကူးပြီးနောက်ပိုင်း မင်းသမီးကိတ်ဝင်းစလက်နှင့် ဒါရိုက်တာဂျိမ်းစ်ကင်မရွန်းတို့ ပထမဆုံးပြန်လက်တွဲရိုက်ခဲ့သည့် ဇာတ်ကားလည်းဖြစ်သည်။

၂၀၀၉ ခုနှစ်က Avatar မူရင်းရုပ်ရှင်သည် ရုံတင်ပြသမှုတွင် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့ပြီး vasual effect ဆုအပါအဝင် အော်စကာဆုသုံးဆု ဆွတ်ခူးခဲ့သည်။

မူရင်းဇာတ်ကားထွက်ပြီး ၁၃န ှစ်အကြာမှ နောက်ဆက်တွဲရုပ်ရှင်ထွက်လာခြင်းဖြစ်ပြီး ဝက်ဝက်ကွဲအောင်မြင်ထားသည့် ရုပ်ရှင်ဇာတ်ကားများသမိုင်းတွင် အကြန့်ကြာဆုံး နောက်ဆက်တွဲရုပ်ရှင်ဖြစ်လာသည်။

Avatar 2 ဇာတ်ကားကြာမြင့်ချိန်က သုံးနာရီနှင့် ၁၂ မိနစ်ခန့်ရှိပြီး ဂျိမ်းစ်ကင်မရွန်းအတွက် ကြာမြင့်ချိန်အရှည်ဆုံးဇာတ်ကား မဟုတ်သေးပေ။ Titanic ဇာတ်ကားက ကြာမြင့်ချိန်အနည်းငယ်ပိုပြီး သုံးနာရီနှင့် ၁၅ မိနစ်ရှိသည်။

မူရင်းဇာတ်ကားမှ သရုပ်ဆောင်များအပြင် ထပ်တိုးသရုပ်ဆောင်များထဲ ကိတ်ဝင်းစလက်ပါဝင်လာခြင်းဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်က လန်ဒန်တွင် ဇာတ်ကားမိတ်ဆက်ပွဲပြုလုပ်ထားကာ ကိတ်ဝင်းစလက်အပါအဝင် ပါဝင်ကြသည့်သရုပ်ဆောင်များစွာ တက်ရောက်ခဲ့သည်။

Most Read

Most Recent