ကမ္ဘာ့ဖလားအတွက် အိမ်ရှင် ကာတာနိုင်ငံ အသင့်မဖြစ်သေးဘဲ အချိန်မီပြီးစီးရန် အလုပ်သမားများ နေ့ရောညပါ အလုပ်လုပ်နေရ

ကမ္ဘာ့ဖလားအတွက် အိမ်ရှင် ကာတာနိုင်ငံ အသင့်မဖြစ်သေးဘဲ အချိန်မီပြီးစီးရန် အလုပ်သမားများ နေ့ရောညပါ အလုပ်လုပ်နေရ
Photo: AFP
Photo: AFP
Published 10 November 2022

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ရန် တစ်ပတ်ကျော်သာ လိုတော့သော်လည်း အိမ်ရှင် ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပရန် အသင့်မဖြစ်သေးဘဲ အလုပ်သမားများအနေဖြင့် အချိန်မီပြီးစီးရန်အတွက် နေ့ရောညပါ အလုပ်လုပ်နေရကြောင်း The Telegraph သတင်းစာက ဖော်ပြခဲ့သည်။

The Telegraph ၏ ဖော်ပြချက်အရ ကာတာနိုင်ငံအနေဖြင့် နိုဝင်ဘာ (၂၀) ရက်တွင် စတင်ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လမ်းများနှင့် ပရိသတ်များစုဝေးရာ Fan Zone များကို အချိန်မီပြီးစီးရန် ပြင်ဆင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

၂၀၁၀ ပြည့်နှစ်က ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် အငြင်းပွားဖွယ် ရွေးချယ်ခံခဲ့ရသည့် ကာတာနိုင်ငံအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ယင်းကတည်းက ပြင်ဆင်ခဲ့သော်လည်း Fan Zone နှင့် အခြေခံအဆောက်အဦးအချို့မှာ အချိန်မီပြီးစီးဖွယ်မရှိကြောင်း The Telegraph  က ဖော်ပြခဲ့သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ပရိသတ်များ စုဝေးရာအဖြစ် သတ်မှတ်ထားသည့် Al Bidda ပန်းခြံတွင် အချိန်မီပြီးစီးရန် အလုပ်သမားများ  နေ့ရောညပါ အလုပ်လုပ်နေရကြောင်း သိရှိရသည်။

အဆိုပါ Al Bidda ပန်းခြံတွင် ဘောလုံးပရိသတ် (၄၀၀၀၀) ကျော် စုဝေးနိုင်ရန် ပြင်ဆင်ထားသော်လည်း အများစုမှာ လက်စသတ်ရန် လိုအပ်နေသေးကြောင်း သိရသည်။

The Telegraph ၏ ဖော်ပြချက်အရ ရွှေ့ပြောင်းလုပ်သားများသည် Al Bidda ပန်းခြံတွင် Fan Zone အတွက် လုပ်ငန်းခွင်တွင်ပင် တစ်ရေးအိပ်ကာ အလုပ်လုပ်ကို်င်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကာတာနိုင်ငံမှ လမ်းများတွင်လည်း လမ်းအမည်များ၊ အမှတ်အသားဆိုင်းဘုတ်များ တပ်ဆင်နေရဆဲဖြစ်ကြောင်းလည်း The Telegraph  က ဖော်ပြခဲ့သည်။

ကာတာနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ပြင်ဆင်မှုများပြီးစီးရန် အလုပ်ကြိုးစားနေရသော်လည်း ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများကမူ  ကာတာနိုင်ငံအနေဖြင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ကမ္ဘာ့ဖလားကာလအတွင်း ကာတာသို့ လူ(၁)သိန်း  လာရောက်ရန် မျှော်လင့်နေကြောင်း သိရသည်။

Most Read

Most Recent