စပါးနှင့်ပွဲတွင် ပွဲမပြီးမီ ဥမင်အတွင်းဝင်သွားသည့်ကိစ္စအတွက် စီရော်နယ်လ်ဒိုနှင့် ဖြေရှင်းရမည်ဟု အဲရစ်တန်ဟက်ဂ် ပြောကြား

စပါးနှင့်ပွဲတွင် ပွဲမပြီးမီ ဥမင်အတွင်းဝင်သွားသည့်ကိစ္စအတွက် စီရော်နယ်လ်ဒိုနှင့် ဖြေရှင်းရမည်ဟု အဲရစ်တန်ဟက်ဂ် ပြောကြား
Photo: Daily Mail
Photo: Daily Mail
Published 20 October 2022

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က စပါးအသင်းနှင့်ပွဲတွင် ပွဲမပြီးမီ ဥမင်အတွင်းသို့ ကြိုတင်ဝင်ရောက်သွားသည့်ကိစ္စအတွက် စီရော်နယ်လ်ဒိုနှင့် ဖြေရှင်းရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

ပရီးမီးယားလိဂ် ပွဲစဉ် (၁၂) အဖြစ် ဗုဒ္ဓဟူးနေ့ ညပိုင်းက မန်ယူနှင့် စပါးအသင်းတို့ အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ မန်ယူအသင်းက ကွင်းလယ်လူ ဖရက်ဒ် (၄၇ မိနစ်)၊ ဘရူနိုဖာနန်ဒက်စ် (၆၉ မိနစ်) တို့၏ သွင်းဂိုးများဖြင့် နှစ်ဂိုးပြတ်အနိုင်ရခဲ့သည်။

တန်ဟက်ဂ်သည် အထောင်တိုက်စစ်နေရာတွင် ရပ်ရှ်ဖို့ဒ်ကို ပွဲချိန်ပြည့်အသုံးပြုခဲ့ပြီး ၇၆ မိနစ်တွင် အန်တိုနီနေရာအတွက် တွမ်မီနေး၊ ၈၇ မိနစ်တွင် ကက်ဆီမီရိုနှင့် ဆန်ချိုနေရာအတွက် အဲရစ်ဆင်နှင့် အလန်ဂါတို့ကို ထည့်သွင်းအသုံးပြုခဲ့သည်။

လူစားလဲရန် နှစ်ဦးကျန်ရှိနေသော်လည်း စီရော်နယ်လ်ဒိုအနေဖြင့် ပွဲမပြီးဆုံးမီ ၈၉ မိနစ်မှာပင် အရန်ခုံမှထကာ ဥမင်အတွင်းသို့ ကြိုတင်ဝင်ရောက်သွားခြင်းဖြစ်သည်။

ယင်းအပြုအမူနှင့်ပတ်သက်၍ တန်ဟက်ဂ်က ''ဒီကိစ္စကို ဒီနေ့တော့ အာရုံမစိုက်နိုင်သေးပါဘူး။ မနက်ဖြန်ကျရင်တော့ ကျွန်တော်တို့ ဒါကိုဖြေရှင်းရပါမယ်။ ဒီနေ့အတွက် အာရုံစိုက်ထားတာက ကစားသမား ၁၁ ဦး စလုံးရဲ့ အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်အကြောင်းပါပဲ။ ပြန်ပြင်ပြီးပြောရပါမယ်။ ကစားသမား ၁၁ ဦးတင်မဟုတ်ဘဲ လူစားဝင်လာတဲ့သူတွေလည်း ပါပါတယ်။ အဲဒါက အသင်းတစ်သင်းရဲ့ စွမ်းဆောင်ရည်ပါပဲ။ သူ့ ရဲ့ကိစ္စကိုတော့ မနက်ဖြန်ကျရင် ကျွန်တော်တို့ ဖြေရှင်းမှာပါ'' ဟု ပွဲအပြီးတွင် ပြောကြားသည်။

စီရော်နယ်လ်ဒိုအနေဖြင့် ယင်းကဲ့သို့ ပွဲမပြီးမီ ကွင်းအတွင်းမှ ထွက်ခွာသွားခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ဇူလိုင်တွင် ဗယ်လက်ကာနိုအသင်းနှင့် ရာသီကြိုခြေစမ်းပွဲကစားစဉ်ကလည်း ပွဲမပြီးမီ ကွင်းအတွင်းမှ ထွက်ခွာ၍ ပြန်သွားခဲ့ဖူးသည်။

ထိုစဉ်ကလည်း ယင်းအပြုအမူမှာ လက်ခံနိုင်စရာမရှိကြောင်းနှင့် ပွဲပြီးဆုံးချိန်အထိ အတူရှိနေရမည်ဖြစ်ကြောင်း တန်ဟက်ဂ်က ပြောကြားခဲ့သည်။

 

Most Read

Most Recent