Gates ဖောင်ဒေးရှင်းက ပိုလီယိုရောဂါ တိုက်ဖျက်ရန် ဒေါ်လာ ၁.၂ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု ကတိပြု

Gates ဖောင်ဒေးရှင်းက ပိုလီယိုရောဂါ တိုက်ဖျက်ရန် ဒေါ်လာ ၁.၂ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု ကတိပြု
၂၀၁၈ ခုနှစ် ဧပြီ ၂၇ ရက်က Bill and Melinda Gates ဖောင်ဒေးရှင်းဌာနချုပ်အပြင်ဘက်တွင် လူတစ်ဦးလမ်းလျှောက်နေစဉ် (Photo-AP)
၂၀၁၈ ခုနှစ် ဧပြီ ၂၇ ရက်က Bill and Melinda Gates ဖောင်ဒေးရှင်းဌာနချုပ်အပြင်ဘက်တွင် လူတစ်ဦးလမ်းလျှောက်နေစဉ် (Photo-AP)
Published 17 October 2022
Ref:AFP

ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများက ဂျာမနီနိုင်ငံ ဘာလင်မြို့တော်တွင် ထိပ်သီးအစည်းအဝေးတစ်ရပ်အတွက် စုဝေးခဲ့ကြချိန်တွင် Bill and Melinda Gates ဖောင်ဒေးရှင်းက ပိုလီယိုရောဂါတိုက်ဖျက်ရန်အတွက် ဒေါ်လာ ၁.၂ ဘီလျံရင်းနှီးမြှုပ်နှံသွားမည်ဟု အောက်တိုဘာ ၁၆ ရက်၌ ကတိပြုပြောကြားခဲ့သည်။

“ပိုလီယိုကင်းစင်ရေးဟာ လုပ်နိုင်စွမ်းရှိတဲ့ အကွာအဝေးတစ်ခုမှာရှိနေပေမယ့် ကျွန်တော်တို့ရောက်နိုင်ဖို့ အလှမ်းဝေးနေပါသေးတယ်။ ဒီရောဂါဟာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေပါသေးတယ်” ဟု ဖောင်ဒေးရှင်း၏တွဲဖက်ဥက္ကဌ ဘေလ်ဂိတ်စ်က ပြောကြားခဲ့သည်။

ယင်းဒေါ်လာ ၁.၂ ဘီလျံကို ၂၀၂၆ခုနှစ် မတိုင်မီ ပိုလီယိုရောဂါကင်းစင်ရန်ရည်ရွယ်ထားသည့် နိုင်ငံတော်အစိုးရများ ဦးဆောင်သော အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် ကမ္ဘာလုံးဆိုင်ရာ ပိုလီယိုကင်းစင်ပပျောက်ရေးပဏာမခြေလှမ်း (GPEI) ထံ လှူဒါန်းသွားမည်ဟု ဆိုသည်။

ပိုလီယိုရောဂါသည် ဗဟိုအာရုံကြောစနစ်အတွင်းသို့ ဝင်ရောက်ကာ ကျောရိုးနှင့်ဦးနှောက်အတွင်းရှိ ဆဲလ်များကို ပျက်စီးစေသော ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပေါ်သည့် အလွန်ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်သည်။

ယင်းရောဂါသည် သေဆုံးစေနိုင်ပြီး အသက်ရှင်ကျန်သူများသည်လည်း မကြာခဏအကြောသေခြင်း သို့မဟုတ် ခြေလက်အင်္ဂါများ ကွေးညွတ်နေတတ်ခြင်းဖြစ်စေသည်။

ပိုလီယိုရောဂါသည် အသက်ငါးနှစ်အောက် ကလေးများကို မကြာခဏထိခိုက်စေသော်လည်း ကာကွယ်ဆေးမထိုးနှံရသေးသည့်မည်သူမဆို ကူးစက်ဖြစ်ပွားနိုင်သည်။

ယင်းအဖွဲ့ကို ထူထောင်သည့် ၁၉၈၈ခု နှစ်ကတည်းက GPEI သည် ကမ္ဘာတစ်ဝန်းတွင် ပိုလီယိုရောဂါဖြစ်ပွားမှုကို ၉၉ ရာခိုင်နှုန်းကျော် လျှော့ချပေးနိုင်ခဲ့ပြီး အကြောသေခြင်း ရောဂါဖြစ်ပွားမှု သန်း ၂၀ ကျော်ကို တားဆီးပေးနိုင်ခဲ့သည်ဟု ဖောင်ဒေးရှင်းက ထုတ်ပြန်ခဲ့သည်။

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့သည် ပိုလီယိုဗိုင်းရပ်စ်ပိုး ဆက်လက်ဖြစ်ပွားနေသည့် တစ်ခုတည်းသော နိုင်ငံနှစ်နိုင်ငံဖြစ်သော်လည်း မာလာဝီနှင့် မိုဇမ်ဘစ်နိုင်ငံတို့တွင် ၂၀၂၂ ခုနှစ်၌ ပြည်ပမှဝင်ရောက်လာသည့် ပိုလီယိုရောဂါဖြစ်စဉ်များကို ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ဆိုသည်။

“သမိုင်းတစ်လျှောက် တိုးတက်မှုရှိတယ်ဆိုပေမယ့် ပုံမှန်ကာကွယ်ဆေးထိုးနှံမှုကို အနှောင့်အယှက်ဖြစ်စေမှုတွေ၊ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ၊ နိုင်ငံရေးမငြိမ်မသက်မှုတွေနဲ့ ၂၀၂၂ ခုနှစ်က ပါကစ္စတန်မှာ ဆိုးရွားတဲ့ ရေကြီးမှုတွေဟာ ပိုလီယိုကာကွယ်ဆေးကို ပြီးဆီးအောင်ထိုးနှံဖို့ အရေးတကြီး လိုအပ်တယ်ဆိုတာကို မီးမောင်းထိုးပြနေပါတယ်” ဟုဖောင်ဒေးရှင်းက ဆိုသည်။“နောက်ထပ်စိုးရိမ်စရာတစ်ခုကတော့ ဗြိတိန်နဲ့အမေရိကန်လိုအရင်က ပိုလီယိုဗိုင်းရပ်စ်ကို နှိမ်နင်းနိုင်ခဲ့တဲ့နိုင်ငံတွေမှာ မကြာသေးခင်က ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်အသစ်တွေကို တွေ့ရှိခဲ့တဲ့ ကိစ္စဖြစ်ပါတယ်” ဟု WHO၊ Rotary International နှင့်အမေရိကန် CDC တို့အပါအဝင် မိတ်ဖက်အများအပြားရှိသော GPEI က ဆိုသည်။      

Most Read

Most Recent