ယူကရိန်းနိုင်ငံကို ရုရှားက ဝင်ရောက်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အိန္ဒိယ၏ တရားဝင်ရပ်တည်မှုသည် မေးခွန်းထုတ်စရာအခြေအနေတစ်ခုအထိ ရောက်ရှိခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီကမူ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို လူသိရှင်ကြား ဝေဖန်ခဲ့ဖူးသည်။ “အခုအချိန်ဟာ စစ်ဖြစ်နေတဲ့ ခေတ်မဟုတ်ပါဘူး”ဟု မိုဒီက ပူတင်ကို လူသိရှင်ကြား အသိပေးပြောကြားခဲ့သည်။
သို့သော်လည်း အိန္ဒိယသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ယူကရိန်းနယ်မြေများအား ရုရှားက ၎င်းပိုင်ဆိုင်သည့်နယ်မြေများအဖြစ် သွတ်သွင်းမှုကို ရှုတ်ချသည့် မဲပေးမှုတွင် လက်ရှောင်ခဲ့သည်။
ထို့ပြင် ယူကရိန်းအရှေ့မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသရှိ နေရာဒေသအနှံ့အပြားတွင် ယူကရိန်းတပ်ဖွဲ့များက တန်ပြန်ထိုးစစ်များပြုလုပ်နေချိန်တွင် ပဋိပက္ခကို စစ်ရေးဖြင့် မဖြေရှင်းနိုင်ကြောင်း မိုဒီက ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးကို ပြောကြားခဲ့သည်။
ထို့ကြောင့် အိန္ဒိယနိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံများက ယူကရိန်းပဋိပက္ခတွင် အိန္ဒိယ၏ ရပ်တည်ချက်အပေါ် မေးခွန်းထုတ်ခဲ့ကြပြီး အိန္ဒိယအစိုးရကမူ မိမိတို့ အကျိုးစီးပွားကိုသာကြည့်ပြီး လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
ယင်းအဖြေသည် သင့်တင့်မျှတမှုရှိပြီး သဘောမတူစရာအချက်လည်း မရှိနိုင်ပေ။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာကလည်း မိမိတို့၏ အကျိုးစီးပွားကို ကောင်းမွန်စေသည့်အခြေအနေနှင့် ယင်းအခြေအနေကို မည်ကဲ့သို့ကာကွယ်ရမည်ကိုသိရှိနားလည်ထားပြီး အကဲဖြတ်ချင့်တွက်မှုများ၊ ဆုံးဖြတ်ချက်များကို ချမှတ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် မိုဒီလက်ထက်တွင် နိုင်ငံတကာဆက်ဆံရေးများတွင် အိန္ဒိယ၏ စံတန်ဖိုးများသည် အချုပ်အခြာအာဏာပိုင်မှုကို အမြင့်ဆုံး အခြေအနေအဖြစ် တွယ်ဆက်ထားခဲ့သည်။တစ်ချိန်တည်းမှာပင် အမျိုးသားအကျိုးစီးပွားများကိုလည်း စံတန်ဖိုးများကဲ့သို့ တန်ဖိုးဖြတ်ချင့်တွက်ခဲ့သည်။
ယူကရိန်းပဋိပက္ခတွင် ဟန်ချက်ညီစွာ ရပ်တည်နိုင်မှုတွင်တရုတ်နှင့်မတူသည့်အချက်မှာ အိန္ဒိယသည် ရုရှားထံမှ ဟိုက်ဒရိုကာဗွန်များကို အလွန်မီခိုနေရခြင်းဖြစ်သည်။
ထို့ကြောင့် အိန္ဒိယ၏ ရပ်တည်မှုသည် ရုရှားကို ထိခိုက်စေလိမ့်မည် မဟုတ်ပေ။ သို့သော် လာမည့် ဆယ်စုနှစ်တွင်မူ အိန္ဒိယ၏ စီးပွားရေးကို ပြောင်းလဲရန်နှင့် အိန္ဒိယလူငယ်များ၏ အနာဂတ်များအတွက် အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာများနှင့်စျေးကွက်များကို လိုအပ်မည်ဖြစ်သည်။ ထို့ပြင် တရုတ်နှင့် ပါကစ္စတန်ကဲ့သို့ ဒေသတွင်း ပြိုင်ဘက်များကို တန်ပြန်ရန် အနောက်နိုင်ငံများထံမှ လက်နက်များလည်း လိုအပ်မည်ဖြစ်သည်။
ယင်းအချက်ကို အိန္ဒိယပြည်သူများကလည်း သတိပြုမိခဲ့ပြီး အမေရိကန်၏ လှုပ်ရှားမှုများမှာလည်း မေးခွန်းထုတ်စရာဖြစ်လာစေခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့သည်ပါကစ္စတန်လေတပ်၏ F-16 တိုက်လေယာဉ်များကို ပြင်ဆင်မွမ်းမံမှုတွင် ကူညီပေးရန် ဒေါ်လာ သန်း ၄၅၀ တန်ဖိုးရှိ သဘောတူညီမှုတစ်ခုကို မကြာသေးမီက ကြေညာခဲ့သည်။
ပါကစ္စတန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာမာဗျာဗက် ဘာဂျ်ဝါကလည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမေရိကန်တွင် ဂုဏ်ပြုဆုတံဆိပ်ချီးမြှင့်ခံခဲ့ရသည်။
ထို့ပြင် အိန္ဒိယကို ဒေါသထွက်စေသည့် လှုပ်ရှားမှုတစ်ခုအဖြစ် ပြီးခဲ့သည့် သီတင်းပတ်က ပါကစ္စတန် နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သည် ပါကစ္စတန်နိုင်ငံဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသကို သွားရောက်ခဲ့သည်။
ထို့ကြောင့် အမေရိကန်သည် ယူကရိန်းပဋိပက္ခတွင် အိန္ဒိယ၏ ရပ်တည်မှုနှင့် ရုရှားအား ရှုတ်ချရန် ငြင်းဆန်မှုတို့ကို ကျေနပ်ခြင်းမရှိကြောင်းပြသသည့်အနေဖြင့် အိန္ဒိယ၏ ရန်ဘက်ဖြစ်သည့်ပါကစ္စတန်နှင့် ထိတွေ့ဆက်ဆံမှုများကို တိုးမြှင့်ပြသခဲ့ခြင်းဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။














