ယူဂန်ဒါနိုင်ငံ အနှံ့အပြား$ အီဘိုလာ ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသော်လည်း မြို့တော်ကမ်ပါလာသို့ ကူးစက်ပျံ့နှံ့လာခြင်း မရှိသေးကြောင်း အာဏာပိုင်များက အခိုင်အမာပြောကြားခဲ့သည်။
ကမ်ပါလာတွင် ဇနီးမောင်နှံနှစ်ဦး$ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သော်လည်း ၎င်းက မြို့တော်သို့ ကူးစက်ပျံ့နှံ့လာခြင်းမရှိသေးဟု ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၂၀ ရက်က နိုင်ငံအလယ်ပိုင်း မူဘန်ဒီခရိုင်၌ ပထမဆုံး ကူးစက်မှုကို တွေ့ရှိခဲ့ပြီးနောက်ပိုင်း အလွန်ကူးစက်မြန်သော အီဘိုလာရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ ၅၈ ဦး ရှိလာကြောင်း ယူဂန်ဒါ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကမ်ပါလာ၌ အဆိုပါရောဂါဖြင့် သေဆုံးသူတစ်ဦးသာ တွေ့ရှိခဲ့ပြီး ၎င်းသည် မူဘန်ဒီခရိုင်မှ ထွက်ပြေးလာသည့် အသက် ၄၅ နှစ် အရွယ် အမျိုးသားတစ်ဦးဖြစ်ကာ ကမ်ပါလာသို့ ရောက်လာချိန်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမျိုးသား၏ ဇနီးသည်လည်း ကမ်ပါလာမြို့ရှိ ဆေးရုံတစ်ရုံတွင် မီးဖွားပြီးနောက် ဆေးစစ်ရာ၌ အီဘိုလာရောဂါ ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဌာန တာဝန်ရှိသူများကဆိုသည်။ မြို့တော် ကမ်ပါလာတွင် လူဦးရေ တစ်သန်းခွဲ နေထိုင်လျက်ရှိသည်။
အဆိုပါကူးစက်မှု ဖြစ်ပွားခဲ့သည့်တိုင် ကျန်းမာရေးဝန်ကြီး ဂျိန်းရုသ်အာဆန်းက ကူးစက်ခံရသည့် အမျိုးသမီးနှင့် ၎င်း၏ခင်ပွန်းဖြစ်သူတို့မှာ မူဘန်ဒီတွင် ရောဂါကူးစက်ခံရခြင်းဖြစ်သည့်အတွက် မြို့တော်ကမ်ပါလာအား အီဘိုလာကင်းစင်သည့်နေရာအဖြစ် သတ်မှတ်နိုင်ဆဲဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။
“အဲဒီအချက်ကြောင့် ကမ်ပါလာမှာ အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားနေပြီလို့ မဆိုလိုနိုင်ကြောင်း ကျွန်မ ရှင်းရှင်းလင်းလင်း ပြောကြားလိုပါတယ်” ဟု ကျန်းမာရေးဝန်ကြီး အာဆန်းက အောက်တိုဘာ ၁၃ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ရောဂါကူးစက်ခံထားရသူ အမျိုးသမီးက မွေးဖွားခဲ့သည့် ကလေးငယ်၏ အခြေအနေနှင့်ပတ်သတ်၍ ကျန်းမာရေးဌာန တာဝန်ရှိသူများက တစ်စုံတစ်ရာ ပြောကြားခြင်းမရှိပေ။
ခန္ဓာကိုယ်မှထွက်သော အရည်များမှတစ်ဆင့် လူအချင်းချင်းကူးစက်နိုင်သည့် အဆိုပါရောဂါ၏ အဓိကလက္ခဏာများမှာ ဖျားနာခြင်း၊ အော့အန်ခြင်း၊ သွေးထွက်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ဖြစ်သည်။ ကူးစက်မှုများကို ထိန်းချုပ်ရန် ခက်ခဲပြီး အထူးသဖြင့် မြို့ပြပတ်ဝန်းကျင်များတွင် ပိုမိုခက်ခဲသည်။ ကူးစက်ခံရသူသည် ရောဂါလက္ခဏာများ မပေါ်မီအချိန်အထိ ကူးစက်ခံရကြောင်း မသိရဘဲ ရောဂါပျိုးသည့် အချိန်သည် နှစ်ရက် မှ ၂၁ ရက်ကြားဖြစ်သည်။
မြို့တော်ကမ်ပါလာ၌ စာသင်ကျောင်း အချို့တွင် လက်ဆေးကြောသည့် နေရာများ စီစဉ်ပေးထားပြီး သွားလာလှုပ်ရှားမှုများ ပုံမှန်အတိုင်း ရှိနေဆဲဖြစ်သည်။ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် နာမကျန်းဖြစ်နေသူများအား တိုင်းရင်းဆေးဆရာများက ကုသပေးခြင်းကို သမ္မတက တားမြစ်ထားပြီး ရောဂါကူးစက်ခံထားရသည်ဟု သံသယရှိသော်လည်း သီးသန့်ခွဲမနေသူများကို ဖမ်းဆီးရန် ညွှန်ကြားထားသည်။














