စောင့်ကြည့်နေသည့် မျက်လုံးများ

စောင့်ကြည့်နေသည့် မျက်လုံးများ
Published 9 October 2022
ခက်ဝေ

ချန်သည် ယာဉ်ရပ်ထားခြင်းအတွက် ဒဏ်ငွေဆောင်ရန် သတိပေးစာရသည့် ကိစ္စအပေါ် သူ၏ဒေါသကို ထွက်ပေါက်ရှာသည့် အနေဖြင့် WeChat တွင် တဖျစ်တောက်တောက် ပို့စ်တင်ရေးသားခဲ့သည်။

WeChat ပေါ်မှ သူ၏စာသည် တရုတ်နိုင်ငံ၏အကြီးမားဆုံးလူမှုကွန်ရက်ပေါ်တွင် နေ့စဉ်တက်လာသည့်ပို့စ်များနှင့်ကြည့်လျှင် ဆင့်ပါးစပ်နှမ်းပက်သကဲ့သို့ ထင်ရသော်လည်း ဇွန်လက ယာဉ်ထိန်းရဲများကို ထိုသို့မကျေမနပ်ရေးတင်ခဲ့ပြီး မကြာမီပင်သူသည်  ကွန်မြူနစ်နိုင်ငံ၏ စောင့်ကြည့်မှုယန္တရား စက်ကွင်းအတွင်းရောက်ရှိနေသည်ကို သူ့ကိုယ်သူသိလိုက်ရသည်။

ချန်သည် ၎င်းပို့စ်ကို အဖျက်မြန်ခဲ့သော်လည်း အာဏာပိုင်များက သူ့ကိုခြေရာခံနိုင်ခဲ့ကာ ရဲတပ်ဖွဲ့ကို စော်ကားမှုဖြင့် နာရီပိုင်းအတွင်း ထိန်းသိမ်းခံလိုက်ရသည်။ သူသည် မသင့်လျော်သည့် ပြောဆိုရေးသားမှုအတွက် ငါးရက်ကြာအချုပ်ခံခဲ့ရသည်။ ချန်၏ဖြစ်စဉ်သည် ယနေ့ တရုတ်နိုင်ငံတွင် ကြုံတွေ့နေရသည်များကို လှစ်ဟပြနေသကဲ့သို့ ဖြစ်သည်။

 


ယနေ့ သာမန်တရုတ်နိုင်ငံသားတစ်ဦးသည်  မျက်စိနှစ်လုံးပွင့်နေသမျှ အချိန်တိုင်း နီးပါးကိုစောင့်ကြည့်နေသည့် မျက်လုံးများအောက်တွင်  ဖြတ်သန်းနေရသည်။

သုတေသနကုမ္ပဏီ Comparitech ၏ခန့်မှန်းချက်အရ တရုတ်မြို့ကြီးတစ်မြို့တွင် ပျမ်းမျှ လူဦးရေ ၁,၀၀၀ လျှင် စီစီတီဗွီ ကင်မရာ ၃၇၀ ကျော်ဖြင့် စောင့်ကြည့်နေပြီး ကမ္ဘာပေါ်တွင် စောင့်ကြည့်မှုအများဆုံးနေရာများ ဖြစ်နေကာ လန်ဒန်တွင်မူလူအရေအတွက် ၁,၀၀၀ လျှင် စီစီတီဗွီစောင့်ကြည့်ကင်မရာ  ၁၃ လုံး၊ စင်ကာပူတွင် ၁၈ လုံးသာ ရှိသည်ဟု ဆိုသည်။

နိုင်ငံအနှံ့ မြို့ပြစောင့်ကြည့်မှုစီမံကိန်း Skynet အားကောင်းလာသည်နှင့်အမျှ လုံခြုံရေးကင်မရာများက မျက်နှာ၊ အ၀တ် အစား၊ အသက်အရွယ်တို့ကို မှတ်သားလာနိုင်သည်။

အမည်မဖော်လိုသူ သဘာဝပတ်ဝန်းကျင် အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုလျှင် သူတို့ အချိန်ပြည့်စောင့်ကြည့်ခံနေရသည်ဟု  AFP ကို ပြောသည်။

ကွန်မြူနစ်ပါတီ၏ ထိန်းချုပ်မှုက အနောက်ဖျားပိုင်းဒေသဖြစ်သည့် ရှင်ကျန်းအရပ်တွင် အသိသာဆုံး ဖြစ်ပြီး ၎င်းအရပ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် မျက်နှာမှတ်သားမှုအပြင် DNA စုဆောင်းမှုကိုပါ အသုံးချခဲ့သည်။

ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါက တရုတ်၏ စောင့်ကြည့်ရေးလှုပ်ရှားမှုကို ပိုမိုအဆင့် မြှင့်တင်ပေးလိုက်ပြီး နိုင်ငံသားများက သူတို့၏ စမတ်ဖုန်းအတွင်းရှိ အက်ပလီကေးရှင်းမှတစ်ဆင့် အနီ၊ အ၀ါ၊ အစိမ်း စသည့် Code အရောင်များကိုအခြေခံကာသူတို့သွားခွင့်ရှိ  သည့်နေရာများကို ကန့်သတ်စောင့်ကြည့် ခံခဲ့ရသည်။

ယခင်က နာမည်ထုတ်ပြောရန်မလိုဘဲ ဆင်းမ်ကတ်ဝယ်ယူနိုင်သည့် အချိန်ကာလများ ရှိခဲ့သော်လည်း ထိုလွယ်ပေါက်များသည် ၂၀၁၂  ခုနှစ်နောက်ပိုင်း ထွက်လာသည့် စည်းမျဉ်းစည်းကမ်းများကြောင့် အဆုံးသတ်သွားခဲ့ရသည်။

 

အွန်လိုင်းပြစ်မှုများ

အွန်လိုင်းဈေးဝယ် အက်ပလီကေးရှင်းများမှာပင်  မှတ်ပုံတင်ရန် ဖုန်းနံပါတ်တစ်ခု အပြင် အထောက်အထား စာရွက်စာတမ်းတစ်ခုလည်း လိုအပ်သည်။

တရုတ်အစိုးရကိုဆန့်ကျင်သူ ၀မ်ဆိုသူက သမ္မတရှီကျင်းပင် မတိုင်မီခေတ်ကာလကို AFP အား ပြန်ပြောင်းပြောပြချက်အရ ထိုခေတ်ကာလက ဆင်ဆာလူကြီးများသည် နှံ့စပ်သူများမဟုတ်ဘဲ သမ္မတဟောင်းကျန်ဇီမင်းကို ဟာသလုပ်နောက်ပြောင်ခြင်းများလည်း ထိုစဉ်က အင်တာနက်တွင် အလွန်ခေတ်စားခဲ့သည်။

သို့သော် ၂၀၀၀ ပြည့်လွန်အစောပိုင်းနှစ်များမှစပြီး Great Firewall ခေါ် တရုတ် အင်တာနက်ဆက်သွယ်ရေးစနစ်သည် သိသိသာသာကြပ်မတ်သည့် ကဏ္ဍတစ်ခု ဖြစ်လာသည်။

ဝမ်သည် ၂၀၁၃ ခုနှစ်နောက်ပိုင်းဖော် ထုတ်ပြောဆိုမှုများကြောင့် အပြစ်ပေးခံရမှု၊ ဒဏ်ရိုက်ခံရမှု၊ ထိန်းသိမ်းခံရမှု ဖြစ်စဉ်ထောင်ပေါင်းများစွာကို ခြေရာခံစုဆောင်းနေသည့်  တွစ်တာအကောင့်တစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်သည်။

နာမည်ရင်းဖြင့် မှတ်ပုံတင်ရမှု၊ ရဲအာဏာပိုင်များနှင့် ဆိုရှယ်မီဒီယာပလက်ဖောင်းများအကြား ပူးပေါင်းဆောင်ရွက်မှုစသည် တို့ကြောင့် တရုတ်ပြည်သူများသည် အွန်လိုင်းပြစ်မှုဖြင့် အရေးယူခံရရန် ပိုလွယ်သွားသည်။

ဝေပိုကဲ့သို့ ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် အကြောင်းအရာစိစစ်သူများစွာရှိပြီး နိုင်ငံရေးအရ ထိလွယ်ရှလွယ်သည့် စကားလုံးများပါလျှင် အလိုအလျောက်ဘလော့လုပ် ဖယ်ရှားပစ်သည်။ ဥပမာထိပ်ပိုင်းအရာရှိကြီးဟောင်းတစ်ဦးက မဖွယ်မရာကျူးလွန်ခဲ့သည်ဟု မနှစ်က စွပ်စွဲခဲ့သူ နာမည်ကျော် တရုတ်တင်းနစ်မယ် ဖန်ရွှိုင်ဆိုသည့်နာမည် စကားလုံးမျိုး အပိတ်ခံထားရသည်။

ထို့ပြင်ဆိုက်ဘာလုံခြုံရေးအာဏာပိုင်များက ပို့စ်များအောက်ရှိ မှတ်ချက်နေရာကိုပါ စောင့်ကြည့်ခွင့်ရှိမည့် စည်းမျဉ်းသစ်များကို အဆိုပြုထားသေးသည်။

 

အတွေးအမြင်စနစ်ဆိုင်ရာ ထိန်းချုပ်ကြပ်မတ်ခြင်း

အသုံးပြုနေသည့် စောင့်ကြည့်ရေးနည်းပညာအများစုကို အခြားနိုင်ငံများတွင်လည်း အသုံးပြုနေသည့် နည်းတူ တရုတ်တွင် အဓိကကွာခြားသည်က တီထွင်ဆန်းသစ်မှုများကိုအဓိပ္ပာယ်ရှိရှိ ဝေဖန်ပြနိုင်သည့် (သို့မဟုတ်)  ချွတ်ယွင်းချက်များကိုထောက်ပြနိုင်သည့် လူမှုအဖွဲ့အစည်းနှင့် လွတ်လပ်သည့် မီဒီယာ မရှိခြင်းဟု ယေးလ်ရှေ့နေကျောင်းရှိ  Paul Tsai တရုတ်စင်တာမှ ဂျယ်ရမီဒမ်ဆိုသူက ပြောသည်။

အောက်စ်ဖို့ဒ်တက္ကသိုလ်ရှိ မျက်မှောက်ခေတ် တရုတ်လေ့လာမှုရေးရာ အငြိမ်းစားပါမောက္ခ ဗစ်ဗီယန်ရှူကလည်းရှီသည် တရုတ် အဖွဲ့အစည်းကို ပုံစံသစ်လောင်းပေးထားပြီး ပြည်သူများက မည်သည့်အရာများကို သိသင့်တွေးသင့်၊  ပြောသင့်လုပ်သင့်သည်ကို ကွန်မြူ နစ်ပါတီက ပုံစံချပေးထားသည်ဟု AFP ကို ပြောသည်။

လူငယ်လူရွယ်များ တိုင်းတစ်ပါးလွှမ်းမိုးမှုမှ ကင်းဝေးစေရန်လည်း အာဏာပိုင်များက  နိုင်ငံခြားစာအုပ်များကို တားမြစ်ထားပြီးကျူတာနည်းပြကုမ္ပဏီများ နိုင်ငံခြားသား ဆရာ၊ ဆရာမများ ငှားရမ်းခြင်းကို ပိတ်ပင် ထားသည်ဟု AFP သတင်းက ဖော်ပြသည်။

ထိုသို့ အတွေးအမြင်စနစ်နှင့်ဆိုင်သည့် တင်းကြပ်မှုများက ဖက်ရှင်ကဏ္ဍတွင်ပါ သက်ရောက်မှုရှိနေပြီး ရုပ်သံမီဒီယာများတွင် တက်တူးပုံများ၊ အမျိုးသားများ နားကပ်ဝတ်ထားပုံများကို ဆင်ဆာ ဖြတ်တောက်ထားတတ်သည်။

သူ ပိုစိတ်ညစ်ရသည်က ဆင်ဆာစနစ်ကြောင့်တင်မဟုတ်ဘဲ ၎င်းစနစ်က ပြည်သူ များ၏တွေးမြင်ပုံစနစ်ကို ပုံသွင်းပေးထား ခြင်းကြောင့်ဟုလည်း တွစ်တာအကောင့်ပိုင်ရှင် ၀မ်က ပြောသည်။

 

Most Read

Most Recent