တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ပန္ဒလဲကျေးရွာတွင် အောက်တိုဘာလ ၄ ရက် ညနေပိုင်းက မိသားစုဝင် သုံးဦးသတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
သတ်ဖြတ်ခံရသည့် မိသားစုဝင် သုံးဦးမှာ ဦးသောင်းနိုင်၊ ဇနီးဖြစ်သူ ဒေါ်တင်ရှိန် နှင့် သားဖြစ်သူ မောင်မင်းနိုင် တို့ ဖြစ်ကြကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
“သူတို့ရဲ့ ရုပ်အလောင်းကို ပန္ဒလဲကျေးရွာ သချႋုင်းနဲ့ ဘောလုံးကွင်းကြားမှာ တခြားရွာကလူတွေတွေ့ရှိခဲ့ကြတာလို့ သိရတယ်။ အဲ့ဒီနေ့က သေနတ်ပစ်ခတ်သံတွေလည်း မကြားမိဘူး” ဟု ပန္ဒလဲကျေးရွာ ဒေသခံတစ်ဦး က ပြောကြားသည်။
အဆိုပါ မိသားစုဝင် သုံးဦးကို လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လောင်းလုံ - ပကဖ) နှင့် DDT တပ်ဖွဲ (၃) (ထားဝယ် - ပကဖ) အဖွဲ့တို့မှ ပူးပေါင်း၍ အောက်တိုဘာလ ၄ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်က ရှင်းလင်းခဲ့ကြောင်း လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၎င်းတို့အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖေါ်ပြထားချက်အရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက် ကလည်း ထားဝယ်ခရိုင် လောင်းလုံမြို့နယ်၊ သဘော့ဆိပ်ပြင်ကြီးကျေးရွာတွင် အသက် ၄၀ ရွယ်ခန့်ရှိသည့် ဦးဇော်ဦး ဆိုသူအား အမည်မသိသေနတ်သမားများမှ ၎င်း၏နေအိမ်အတွင်းဝင်ရောက်ပစ်ခတ်ခဲ့ရာမှ သေဆုံးခဲ့ကြောင်း နှင့် ဦးဇော်ဦး ၏ မိသားစုဝင်များဖြစ်ကြသည့် ဖခင်ဖြစ်သူ ဦးလှသိန်း အသက် ၆၃ နှစ် ၊ မိခင်ဖြစ်သူ ဒေါ်တင်သိန်း အသက် ၅၈ နှစ် ၊ ညီများဖြစ်ကြသော ကိုမင်းဝေဦး အသက် ၂၆ နှစ် နှင့် မောင်ဟိန်းထက်အောင် အသက် ၁၅ နှစ် တို့ လေးဦးမှာလည်း ပြီးခဲ့သည့် ဇွန်လ ၁၈ ရက် ညပိုင်းက ရေဖြူမြို့နယ်၊ အင်းပြားကျေးရွာရှိ နေအိမ်တွင် အမည်မသိသေနတ်သမားများမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဦးခေါင်းသေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။















