သဘင်အဖွဲ့များ၏ စတိတ်ရှိုး အစီအစဉ်များတွင် အသုံးပြုသည့် သီချင်းများအတွက် မူလဖန်တီးသူများနှင့် သဘင်ပညာရှင်များအကြား စနစ်တကျပြေလည်စေရန် အကောင်းဆုံးညှိနှိုင်းပေးမည်ဟု မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က ထုတ်ပြန်သည်။
သီချင်းမူပိုင်ခွင့်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ ထုတ်ပြန်ချက်ထွက်ရှိလာပြီးနောက်တွင် သဘင်အစည်းအရုံးက ထပ်မံထုတ်ပြန်လာခြင်းဖြစ်သည်။
သဘင်အစည်းအရုံးအနေဖြင့် တေးသီချင်းမူပိုင်ခွင့်များနှင့် စပ်လျဉ်း၍ ယခင်ကပင်သဘင်အဖွဲ့များအား ကြိုတင်အသိပေးညှိနှိုင်းခြင်းများကို ဆွေးနွေးပွဲများကျင်းပပြီး ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါတွင် သက်ဆိုင်ရာအဖွဲ့အစည်းအချင်းချင်းတွေ့ဆုံဆွေးနွေးကာ မူလအနုပညာဖန်တီးသူများ၊ သဘင်အနုပညာရှင်များအကြား စနစ်တကျပြေလည်စေရန်အကောင်းဆုံး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သဘင်အဖွဲ့များအနေဖြင့်မူပိုင်ခွင့်အရေးအရာများအတွက် လိုအပ်သည့်အကူအညီများအား အစည်းအရုံးသို့ တိုက်ရိုက်ဆက်သွယ်ကာ အကူအညီရယူနိုင်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က ထုတ်ပြန်သည်။
AI ဖြင့်လည်းကောင်း၊ DJ Remix များဖြင့်လည်းကောင်း၊ ဇာတ်သဘင် စတိတ်ရှိုးဆိုရာတွင်လည်းကောင်း တေးသီချင်းမူပိုင်ရှင်များထံမှ ခွင့်ပြုချက်တောင်းခံရမည်ဟု မြန်မာနိုင်ငံဂီတအစည်းအရုံးက ထုတ်ပြန်ထားသည်။
တေးသီချင်းမူပိုင်ရှင်များက တိုင်ကြားမှုများရှိလာသဖြင့် ယင်းသို့ အသိပေးထုတ်ပြန်ရခြင်းဖြစ်ပြီး အနုပညာရှင်များအနေဖြင့် မူပိုင်ခွင့်ပိုင်ရှင်များ၏ ခွင့်ပြုချက်ရယူပေးရန် လိုအပ်နေပြီး ပျက်ကွက်ပါက ဥပဒေနှင့် ငြိစွန်းနေသည်ဟု ဂီတအစည်းအရုံးက ထုတ်ပြန်ထားသည်။
ဇာတ်သဘင်များကပြဖျော်ဖြေရာတွင် စတိတ်ရှိုးများ ၊ ပြဇာတ်များတွင် သီဆိုသည့် သီချင်းများသည် သက်ဆိုင်သည့်မူပိုင်ခွင့်ပိုင်ရှင်များ၏ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း၊ ထို့ပြင် Cover Song များ၊ကြော်ငြာသီချင်းများနှင့် Media Platform များတွင် အသုံးပြုသည့် မည်သည့်သီချင်းမဆို သီချင်းမူပိုင်ခွင့်ပိုင်ရှင်များထံမှ ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း ဂီတအစည်းအရုံးက ဆိုသည်။
လက်ရှိတွင် AI ဖြင့်သီချင်းပိုင်ရှင်များ၏ ခွင့်ပြုချက်မရှိပဲ အမျိုးသမီးဆိုသောသီချင်းများကို အမျိုးသားအသံဖြင့်လည်းကောင်း၊ အမျိုးသားသီဆိုသောသီချင်းများကို အမျိုးသမီးအသံဖြင့် လည်းကောင်း တေးသီချင်းမူပိုင်ရှင်များမသိရှိ၊ ခွင့်ပြုခြင်းမရှိပဲအမျိုးမျိုးသော ပြောင်းလည်းခြင်းများကို လုံးဝ(လုံးဝ)သုံးစွဲခြင်းမပြုရကြောင်း၊ DJ များသည် Remix များတီးရာတွင် သီချင်းပိုင်ရှင်များ၏ခွင့်ပြုချက်ရယူရန်နှင့်အခြားသီချင်းများပါဝင်ပါကလည်း မူပိုင်ခွင့်ပိုင်ရှင်များထံမှ ခွင့်ပြုချက်တောင်းခံရမည် ဖြစ်ကြောင်း ဂီတအစည်းအရုံးက ထုတ်ပြန်သည်။
အနယ်နယ်အရပ်ရပ် လှည့်လည်ကပြဖျော်ဖြေသည့် ဇာတ်သဘင်များတွင် အသုံးပြုသည့် သီချင်းများအတွက်သက်ဆိုင်ရာသီချင်းပိုင်ရှင်များ၏ခွင့်ပြုချက်ရှိမရှိကို သက်ဆိုင်ရာ တိုင်း /ခရိုင် / မြို့နယ်ဂီတအစည်းအရုံးများမှ စိစစ်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) မူပိုင်ခွင့်စီမံခန့်ခွဲရေးကော်မတီက ထုတ်ပြန်သည်။















