၂၀၂၂ ခုနှစ် ဆေးပညာနိုဘယ်ဆုကို ဆွီဒင်မျိုးရိုးဗီဇပညာရှင်တစ်ဦးရရှိပြီး ရူပဗေဒနိုဘယ်ဆုကို အမေရိကန်၊ ပြင်သစ်နှင့် သြစတြီးယားသိပ္ပံပညာရှင်သုံးဦး ပူးတွဲရရှိ

၂၀၂၂ ခုနှစ် ဆေးပညာနိုဘယ်ဆုကို ဆွီဒင်မျိုးရိုးဗီဇပညာရှင်တစ်ဦးရရှိပြီး ရူပဗေဒနိုဘယ်ဆုကို အမေရိကန်၊ ပြင်သစ်နှင့် သြစတြီးယားသိပ္ပံပညာရှင်သုံးဦး ပူးတွဲရရှိ
အောက်တိုဘာ ၄ ရက်က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် နိုဘယ်ဆုရွေးချယ်ရေးကော်မတီဝင်များက ရူပဗေဒနိုဘယ်ဆုကို ပူးတွဲရရှိသည့် သိပ္ပံပညာရှင်သုံးဦးကို ကြေညာနေစဉ် (Photo : AFP)
အောက်တိုဘာ ၄ ရက်က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် နိုဘယ်ဆုရွေးချယ်ရေးကော်မတီဝင်များက ရူပဗေဒနိုဘယ်ဆုကို ပူးတွဲရရှိသည့် သိပ္ပံပညာရှင်သုံးဦးကို ကြေညာနေစဉ် (Photo : AFP)
Published 5 October 2022
Ref : nytimes

နှစ်စဉ် အောက်တိုဘာလတွင် ဆွီဒင်နှင့် နော်ဝေနိုင်ငံတို့၌ ကျင်းပလေ့ရှိသည့် နိုဘယ်ဆုများ ရွေးချယ်ချီးမြှင့်မှုကို ယခုနှစ်တွင်လည်း အစဉ်အလာမပျက်ပြုလုပ်ခဲ့ရာတွင် အောက်တိုဘာ ၃ ရက်က စတင်ချီးမြှင့်သည့် ဆေးပ ညာနိုဘယ်ဆုကို ဆွီဒင်နိုင်ငံမှ မျိုးဗီဇပညာရှင်တစ်ဦးရရှိခဲ့သည်။

ဆွီဒင်မျိုးဗီဇပညာရှင် ဒေါက်တာ စဗန်တီပေါ့ဘိုသည် မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သည့် လူသားမျိုးစိတ်အုပ်စုဖြစ်သည့် ဟိုမင်နင် (hominin) များ၏ ဂျီနုမ်းများနှင့် လူသားများ၏ဆင့်ကဲ ပြောင်းလဲတိုးတက်မှုများနှင့် ဆက်နွှယ်သည့် ၎င်း၏လေ့လာတွေ့ရှိချက်များကြောင့် ယခုနှစ်တွင် ချီးမြှင့်သည့် နိုဘယ်ဆုများထဲမှ ဆေးပညာနိုဘယ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ဒေါက်တာပေါ့ဘိုသည် နှစ်သက်တမ်း ၄၀၀၀၀ ရှိသည့် အရိုးများထံမှ မျိုးဗီဇဆိုင်ရာပစ္စည်းများကို ထုတ်ယူနိုင်ခဲ့ပြီး ပြည့်စုံသည့် Neanderthal ဂျီနုမ်းတစ်ခုကို ထုတ်လုပ်ပြီး ရှေးဟောင်း DNA လေ့လာမှုများ၏ နယ်ပယ်ကို စတင်ခဲ့မှုကြောင့် နိုဘယ်ဆုချီးမြှင့်ခံခဲ့ရ ခြင်းဖြစ်သည်။

ထို့ပြင် အောက်တိုဘာ ၄ ရက်က ချီးမြှင့်ခဲ့သည့် ရူပဗေဒနိုဘယ်ဆုကို အမေရိကန်၊ ပြင်သစ်နှင့် သြစတြီးယားနိုင်ငံတို့မှ သိပ္ပံပညာရှင်သုံးဦးက ပူးတွဲရရှိခဲ့သည်။

အမေရိကန်သိပ္ပံပညာရှင် ဂျွန်ကလောက်ဆာ ပြင်သစ်သိပ္ပံပညာရှင် အလိန်း အက်စပက်နှင့် သြစတြီးယား သိပ္ပံပညာရှင် အန်တန် ဇိုုင်လင်ဂါတို့သည် ကွမ်တန်နည်းပညာတွင် ၎င်းတို့၏ သီးခြားစီ စမ်းသပ်လေ့လာမှုများကြောင့် ရူပဗေဒနိုဘယ်ဆုကို ပူးတွဲရရှိခဲ့ ခြင်းဖြစ်ပြီး ဆုကြေးငွေ ဒေါ်လာ ၉ သိန်းကို ခွဲဝေရရှိမည်ဖြစ်သည်။

နှစ်စဉ်ချီးမြှင့်ခဲ့သည့် နိုဘယ်ဆုစုစုပေါင်း ခြောက်ဆုရှိသဖြင့် ကျန်ရှိနေသည့် နိုဘယ်ဆုများဖြစ်သည့် ဓာတုဗေဒနိုဘယ်ဆုကို အောက်တိုဘာ ၅ ရက်၊ စာပေနိုဘယ်ဆုကို အောက်တိုဘာ ၆ ရက်၊ ငြိမ်းချမ်းရေးနိုဘယ်ဆုကို အောက်တိုဘာ ၇ ရက်နှင့် စီးပွားရေး နိုဘယ်ဆုကို အောက်တိုဘာ ၁၀ ရက်တို့တွင် ချီးမြှင့်သွားမည်ဖြစ်သည်။

Covid-19 ကပ်ရောဂါကာလအတွင်း နိုဘယ်ဆုရွေးချယ်ချီးမြှင့်မှုများကို အနည်းငယ်အပြောင်းအလဲပြုလုပ်ခဲ့ကာ ၂၀၂၀  ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်က ဆုရရှိကြောင်း ကြေညာပွဲများကို အွန်လိုင်းမှတစ်ဆင့်ပြုလုပ်ခဲ့ပြီး နော်ဝေနိုင်ငံ အော်စလိုမြို့တော်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်သည့် အခမ်းအနားများ ကိုလည်း လူဦးရေအကန့်အသတ်ဖြင့်သာ ပြုလုပ်ခဲ့သည်။

ယခုနှစ်တွင်မူ နိုဘယ်ဆုရရှိသူများသည် ဒီဇင်ဘာလ၌ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ပြုလုပ်မည့် ဆုပေးပွဲအခန်းအနားသို့ တက်ရောက်ပြီး ၎င်းတို့၏ သက်ဆိုင်ရာနိုဘယ်ဆုများကို လက်ခံရယူကြမည်ဖြစ်သည်။

ဒိုင်းနမိုက်ကိုတီထွင်ခဲ့သည့် ဆွီဒင်နိုင်ငံသား အဲလ်ဖရက်နိုဘယ်၏ သေတမ်းစာအရ ၎င်းအမည်ကို အစွဲပြုပြီး ချီးမြှင့်ခဲ့သည့် ဂုဏ်သိက္ခာကြီးမားသည့် ယင်းဆုများအနက် ဆေးပညာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ စာပေနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုများကို ၁၉၀၁ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ကာ စီးပွားရေးနိုဘယ်ဆုကိုမူ ၁၉၆၉ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent