ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲအခြေအနေ

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲအခြေအနေ
Published 3 October 2022
မင်းနိုင်စိုး

ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် UWSP၊ NDAA၊ SSPP  အဖွဲ့တို့ တွေ့ဆုံဆွေးနွေးနေကြစဉ်

နစကအစိုးရအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရန် အာမခံသည်ဟု နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နစက ထိပ်ပိုင်းခေါင်းဆောင်များက မကြာခဏပြောကြားသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေ ခံသော ပြည်ထောင်စုတည်ဆောက်ရေးအ တွက် လွတ်လပ်ပြီး တရားမျှတသော ရွေး ကောက်ပွဲကျင်းပနိုင်ရေးသည် မရှိမဖြစ်လို အပ်သော အခြေအနေဖြစ်သည်။

လွတ်လပ်ပြီး တရားမျှတသော ရွေး ကောက်ပွဲများမှတစ်ဆင့်သာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင် စုကို တစ်ဆင့်ပြီး တစ်ဆင့် တည်ဆောက်နိုင် မည်ဖြစ်သည်။

ထိုသို့ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ပြီး ယင်း အတွက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အထူး လိုအပ်သည်။

နစကအစိုးရအနေဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ရည်ရွယ်၍ တိုင်းရင်းသာ လက်နက်ကိုင်အဖွဲ့အစည်းများ ကို နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံကာ ဆွေး နွေးမှုများ ပြုလုပ်ထားသည်။

လက်ရှိအချိန်အထိ နစကအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထား သည်။ အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများလည်း ပါဝင်သကဲ့သို့ NCA စာချုပ် လက်မှတ်မရေး ထိုးရသေးသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများလည်း ပါဝင်သည်။

NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များထဲမှ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA) ၊ ကရင်အမျိုးသားအ စည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်  ရေးအဖွဲ့-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့သည် နစကအစိုးရနှင့် တွေ့ဆုံဆွေး နွေးမှုများ ပြုလုပ်ထားသည်။

NCA စာချုပ်တွင် လက်မှတ်ရေးထိုးထား ခြင်း မရှိသေးသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများထဲမှ “၀” ပြည်သွေး စည်းညီညွတ်ရေးပါတီ (UWSP) ၊ မိုင်းလား အဖွဲ့ (NDAA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့သည် နစကအစိုးရနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ထားသည်။

ယခင်အစိုးရလက်ထက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံများမှ ရရှိထားသော ပြည်ထောင်စု သဘောတူစာချုပ်ပါ အချက် များနှင့် ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေ သော အကြောင်းအရာများကို နစက အစိုးရ နှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့တို့ ဆက်လက်ဆွေးနွေးကြခြင်းဖြစ် သည်။

နစကအစိုးရနှင့် NCA စာချုပ်တွင် လက် မှတ်ရေးထိုးထားခြင်းမရှိသေးသော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းသုံးဖွဲ့တို့အ ကြားတွင် ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးကြ ခြင်းဖြစ်သည်။

နစကအစိုးရနှင့် NCA စာချုပ် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့တို့၏ ဆွေးနွေးမှု ထက် NCA စာချုပ်တွင် လက်မှတ်ရေးထိုးထား ခြင်း မရှိသေးသော တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်း သုံးဖွဲ့တို့၏ ဆွေးနွေးမှုက လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့သည်။

နစကနှင့် “၀” ပြည်သွေးစည်းညီညွတ် ရေးပါတီ (UWSP) တို့၏ တွေ့ဆုံဆွေးနွေးမှု တွင် UWSP ဘက်က “၀” ပြည်နယ်ပေးရန် တောင်းဆိုထားသည်။

နစကနှင့် မိုင်းလားအဖွဲ့ (NDAA) တို့၏ တွေ့ဆုံဆွေးနွေးမှုတွင် NDAA ဘက်က ကိုယ် ပိုင် အုပ်ချုပ်ခွင့်ပေးရန် တောင်းဆိုထားသည်။ အဆိုပါ တောင်းဆိုချက်များနှင့် ပတ်သက်၍ နစကဘက်က မူအားဖြင့် သဘောတူသည်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်း ထွန်းက ပြောကြားသည်။

ယခင်အစိုးရလက်ထက်ကလည်း “၀” အဖွဲ့အနေဖြင့် “၀” ပြည်နယ်သတ်မှတ်ပေးရန် မကြာခဏ တောင်းဆိုခဲ့သည်။

ယင်းကိစ္စသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆက်စပ်နေပြီး ရွေးကောက်ပွဲမှ တစ်ဆင့် ပေါ်ထွက်လာမည့် လွှတ်တော်များ တွင် ယင်းအကြောင်းအရာနှင့်ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်သည့်အခါ တပ်မတော် ဘက်က ကန့်ကွက်ရန်မရှိသည့်သဘောမျိုး နစကတာဝန်ရှိသူများက ဆိုသည်။

နေပြည်တော်တွင် နစကနှင့် တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေး နွေးမှုများမှ ရရှိထားသော သဘောတူညီချက် များကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုး ထားကြသည်။

အဆိုပါ သဘောတူညီချက်များနှင့်ပတ် သက်လည်း နောင်လာမည့် လွှတ်တော်များ တွင် ဆွေးနွေး ဆုံးဖြတ်သည့်အခါ တပ်မတော် ဘက်က ကန့်ကွက်ရန် မရှိကြောင်း နစက ဘက်က ပြောကြားထားသည်။

နစကနှင့် လက်ရှိတွေ့ဆုံဆွေးနွေးနေကြ သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တို့အကြား ဆွေးနွေးမှုများတွင် တပ်မတော် ဘက်က သဘောတူထားပြီးဖြစ်သော အ ကြောင်းအရာများ ဖြစ်သည့်အတွက် ကန့် ကွက်ရန်မရှိခြင်းဖြစ်သည့်သဘောမျိုးဖြစ် သည်။ လက်ရှိအချိန်အထိ အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ သည် နစကအစိုးရနှင့် ဒုတိယအကျော့ တွေ့ ဆုံဆွေးနွေးမှုများပင် စတင်နေပြီဖြစ်သည်။ 

NCA စာချုပ်တွင် လက်မှတ်ရေးထိုးထား သည့် အင်အားကြီး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU)၊ NCA စာချုပ်တွင် လက် မှတ်မရေးထိုးရသေးသည့် အင်အားကြီး တိုင်း ရင်းသားလက်နက်အဖွဲ့အစည်း ုှုဥ။ုှုဗ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တချို့မှာ နစကနှင့် တွေ့ဆုံဆွေး နွေးခြင်း မရှိပေ။

KNU နှင့်KIA အဖွဲ့တို့သည် နစကအစိုး ရနှင့် တွေ့ဆုံဆွေးနွေးခြင်း မရှိသည့်အပြင် ၎င်းင်းတို့၏ လက်နက်ကိုင်အဖွဲ့များသည် တပ်မတော်နှင့် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော် ၀ါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်တွင် တပ်မတော်နှင့် PDF များ၊  တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအ ကြား လက်ရှိအချိန်အထိ တိုက်ပွဲများဖြစ်ပွား နေဆဲဖြစ်သည်။

ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ကချင် ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးတို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ များ၌ တပ်မတော်ဘက်က လေကြောင်းပစ်ကူ ရယူသည်အထိ တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်လည်း တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား စခန်းသိမ်းတိုက်ပွဲများ ဖြစ်ပွားနေပြီး အဆိုပါ တိုက်ပွဲများတွင်လည်း တပ်မတော်ဘက်က လေကြောင်း ပစ်ကူရယူသည်အထိ တိုက်ပွဲ များ ပြင်းထန်နေသည်။

၂၀၂၁ ခုနှစ်မှ လက်ရှိအချိန်အထိ ဖြစ် ပွားနေသော တိုက်ပွဲများကြောင့် နှစ်ဖက်လက် နက်ကိုင်တပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရရှိခဲ့ သကဲ့သို့ အရပ်သားသေဆုံးမှုများလည်း အများအပြားရှိခဲ့သည်။

မြို့ပြများတွင်လည်း အကြမ်းဖက်သတ် ဖြတ်မှုများ၊ ပစ်ခတ်မှုများနှင့် လုယက်မှုများမှာ  မကြာခဏ ဖြစ်ပွားနေပြီး အရပ်သားများ၏ လုံခြုံရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာအနေ အထားတွင် ရှိနေသည်။

ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အကြား အလပ်မရှိ ကျင်းပပေးမည့် နစကအနေဖြင့် ကြွေးကြော်ထားသော်လည်း တည်ငြိမ်မှုကင်း မဲ့နေသည့် ယခုကဲ့သို့သော အခြေအနေတွင် တရားမျှတပြီး လွတ်လပ်သော ရွေးကောက် ပွဲများအား မည်သို့ကျင်းပမည်နည်းဟု မေး ခွန်းထုတ်ရမည့် အခြေအနေရှိသည်။

နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စက်တင်ဘာ လဆန်းပိုင်း ရုရှားခရီးစဉ်တွင် နစကဥက္ကဋ္ဌနှင့် ရုရှားသတင်းအေဂျင်စီအချို့ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံမေးမြန်းမှုများတွင် တည် ငြိမ်အေးချမ်းရေးနှင့် လွတ်လပ်ပြီးတရားမျှတ သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ဆောင် ရွက်လျက်ရှိသည့် အခြေအနေများအား နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။

အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့် အညီ လွတ်လပ်ပြီး တရား မျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို ကျင်းပ ပြုလုပ်ပေးရမည်ဖြစ် သည်။ နစကအစိုးရအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၁ (ခ) အရ အရေးပေါ် ကာလ ခြောက်လသက်တမ်း နှစ်ကြိမ်တိုးမြှင့် ထားပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်တွင် အရေးပေါ်ကာလ ခြောက်လ ဒုတိယသက် တမ်း ပြည့်မြောက်မည်ဖြစ်သည်။

စက်တင်ဘာ ၁၅ ရက်တွင် နေပြည်တော် ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ၌ အစည်းအဝေး တစ်ခုပြုလုပ်ခဲ့ပြီး ယင်းအ စည်းအဝေးတွင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံးတွင် ပြုလုပ်ခဲ့သော ညှိနှိုင်းအစည်းအ ဝေးတွင် နေပြည်တော်အတွင်းရှိ မဲဆန္ဒရှင် စာရင်းများ စိစစ်ခြင်း၊ မဲရုံနေရာများ သတ် မှတ်ခွဲဝေခြင်း၊ မဲရုံးသုံးပစ္စည်းများ ကြိုတင်ဖြည့် ဆည်း ခွဲဝေခြင်း စသည့် ရွေးကောက်ပွဲ အကြိုကာလ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေး နွေးခဲ့ကြခြင်းဖြစ်သည်။

နစကအစိုးရက ဖွဲ့စည်းပေးထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲ ဆန္ဒရှင်စာရင်း စိစစ်ခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ထုတ်ပေးခြင်း စသည့် ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကြို တင်ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဖြစ် သည်။

သို့သော်လည်း ကရင်ပြည်နယ်၊ ကချင် ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး စသည့် နယ်မြေဒေသအများအပြားတွင် ဖြစ် ပေါ်နေသော လုံခြုံရေးဆိုင်ရာ ပျက်ပြားမှုများ က တရားမျှတပြီး လွတ်လပ်သော ရွေးကောက် ပွဲတစ်ရပ် ကျင်းပနိုင်ရေးအပေါ် ကြီးမားသော အဟန့်အတားဖြစ်နေသည်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ကိုးမြို့နယ်နှင့် ရှမ်း ပြည်နယ်ရှိ မြို့နယ်ခြောက်မြို့နယ်တွင် လွတ် လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ် ရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိပေ။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် တစ်စိတ်တစ်ပိုင်း ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ် ၄၀ အထိ ရှိခဲ့သည်။

အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေး ကောက်ပွဲမကျင်းပနိုင်သည့် မဲဆန္ဒနယ်အရေ အတွက်သည် ယခင်ရွေးကောက်ပွဲများထက် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မဲဆန္ဒနယ် စံချိန်တင် များပြားခဲ့ခြင်းလည်း ဖြစ်သည်။လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ရွေးကောက် ပွဲကျင်းပမည်ဆိုပါက ရွေးကောက်ပွဲ မကျင်းပ နိုင်သော မဲဆန္ဒနယ်အရေအတွက်သည် ၂၀၂၀ ရွေးကောက်ပွဲကာလ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ် အရေအတွက် ထက်ပင် ပိုမိုများပြားဦးမည်ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံ ရေးအပြောင်းအလဲနောက်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး စသည့် ကဏ္ဍအသီးသီး တွင် အထွေထွေအကျပ်အတည်းများနှင့် ရင် ဆိုင်နေရသည်။ ကုလသမဂ္ဂနှင့် အာဆီယံတို့ က မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် အထွေထွေ အကျပ်အတည်းများ ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသော်လည်း လက်ရှိအချိန်အထိ ပြေလည်မှု မရသေးပေ။

ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း စစ်ရေးပဋိပက္ခများမှာ နိုင်ငံအတွင်း လွှမ်းမိုး နေဆဲဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တိကျသေချာသော ရလဒ်မထွက်သေးမီ သို့မဟုတ် တည်ငြိမ်အေးချမ်းသော အခြေ အနေမရှိပါက ရွေးကောက်ပွဲပြန်လည်ကျင်းပ ရေးမှာ မျှော်လင့်ရန် ခက်ခဲသော အခြေအနေ တစ်ရပ်ဖြစ်သည်။

    သို့သော်လည်း နစကအနေဖြင့် ဒီမိုက ရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရန် အာမခံထား သည်။ ယင်းကတိကဝတ် အကောင်အထည် ဖော်နိုင်ရေးအတွက် တတ်နိုင်သမျှ နည်းလမ်း ရှာဖွေရမည်ဖြစ်ပြီး တည်ငြိမ်အေးချမ်းသော အခြေအနေတစ်ရပ်ရရှိအောင် မည်သို့ ဆက် လက်ဆောင်ရွက်မည်ဆိုသည်ကို စောင့်ကြည့် ရမည်ဖြစ်သည်။

                                 ■

Most Read

Most Recent