ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် ဆက်နွှယ်နေသည့် ပါကစ္စတန်၏ ရေလွှမ်းမိုးမှုအခြေအနေ

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် ဆက်နွှယ်နေသည့် ပါကစ္စတန်၏ ရေလွှမ်းမိုးမှုအခြေအနေ
(Photo : AFP)
(Photo : AFP)
Published 18 September 2022
Ref : AFP

လူသားများကြောင့် ဖြစ်ပွားခဲ့ရသည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည် မကြာသေးမီ သီတင်းပတ်များအတွင်းက ပါကစ္စတန်၏ နေရာဒေသများတွင် လူပေါင်းများစွာသေဆုံးခဲ့သည့် ဆိုးရွားသည့် ရေလွှမ်းမိုးမှုများကို ဖြစ်ပွားစေခဲ့ဖွယ်ရှိသည်ဟု စက်တင်ဘာ ၁၅ ရက်က လေ့လာချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။

ယင်းလေ့လာချက်တွင် ကမ္ဘာကြီးပူနွေးလာမှု၏ သက်ရောက်မှုများကို ပညာရှင်များက အကဲဖြတ် ချင့်တွက်ခဲ့ကြသည်။

အဖွဲ့မှ ရာသီဥတုဆိုင်ရာ နိုင်ငံတကာသိပ္ပံပညာရှင်များပါဝင်သည့် အဖွဲ့က မကြာသေးမီဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးခံခဲ့ရသည့် ဒေသများတွင် မိုးရွာသွန်းမှုသည် ၇၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး သြဂုတ်လက ပါကစ္စတန်နိုင်ငံ၏ ဆင်းပြည်နယ်နှင့် ဘာ လိုချီစတန်ပြည်နယ်များတွင် စံချိန် တင် မိုးရွာသွန်းမှုများသည် လူသားများ၏ လုပ်ဆောင်မှုများနှင့် ဆက်နွှယ်သည့် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့် ဖြစ်နိုင်သည်ဟု သုံးသပ်ခဲ့ကြသည်။

မိုးရွာသွန်းမှုများကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပွားကာ လူပေါင်း ၃၃ သန်းကျော် ရေဘေးသင့်ခဲ့ပြီး နေအိမ်ပေါင်း ၁.၇ သန်းကျော်ပျက်စီးခဲ့ကာ လူပေါင်း ၁၅၀၀ ခန့်သေဆုံးခဲ့သည်။

ယင်းကဲ့သို့ ဆိုးရွားသည့် မိုးရွာသွန်းမှုများတွင် ကမ္ဘာကြီးပူနွေးလာမှု၏ အခန်းကဏ္ဍကို ဆုံးဖြတ်ရန် သိပ္ပံပညာရှင်များသည် မိုးလေဝသအချက်အလက်များ မျက်မှောက်ခေတ် ရာသီဥတုကို ကွန်ပျူတာဖြင့်  သရုပ်သကန်ဖန်တီးမှုများကို လေ့လာခဲ့ကြသည်။

စက်မှုခေတ်ကတည်းက လူသားများ၏ လုပ်ဆောင်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ အပူချိန်သည် ၁.၂ ဒီဂရီ ဆဲလ်စီးယပ်စ်ခန့် ပျမ်းမျှမြင့်တက်လာသည့် အခြေအနေမျိုးတွင် ဖြစ်လာနိုင်ခြေရှိသည့် ရာသီဥတုအခြေအနေကို လေ့လာခဲ့ကြသည်။

ထို့နောက် လက်ရှိအခြေအနေထက် အပူချိန် ၁.၂ ဒီဂရီ ဆဲလ်စီးယပ်စ်ခန့်လျော့ကျခဲ့သည့် အတိတ်ကာလက ရာသီဥတုအခြေအနေများ၏ ဖြစ်နိုင်ခြေကို ကွန်ပျူတာဖြင့် သရုပ်သကန်ဖန်တီးမှုများ၊ အချက်အလက်များကို နှိုင်းယှဉ်လေ့လာခဲ့ကြသည်။

ယင်းလေ့လာချက်များအရ ဆင်းပြည်နယ်နှင့် ဘာလိုချီစတန်ပြည်နယ်များတွင် ၅ ရက်ကြာ မိုးရွာသွန်းမှုသည် အတိတ်ကာလကထက် ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ခြေရှိသည့် ရာသီဥတုပြောင်းလဲမှု အခြေအနေကို တွေ့ရှိခဲ့ကြသည်။

လေ့လာချက်တွင် ယင်းကဲ့သို့ ဖြစ်ရပ်များသည် လက်ရှိရာသီဥတု အခြေအနေများတွင် မည်သည့်နှစ်တွင်မဆို ဖြစ်နိုင်ခြေမှာ တစ်ရာခိုင်နှုန်း ပျမ်းမျှရှိကြောင်း ဖော်ပြထားသည်။

ပါကစ္စတန်တောင်ပိုင်းရှိ ရေလွှမ်းမိုးမှုခံခဲ့ရသည့် နေရာဒေသများတွင် ရေမှတစ်ဆင့် ဖြစ်ပွားသည့် ကူးစက်ရောဂါများကြောင့် လူပေါင်း ၉၀၀၀ ကျော်ခန့် ဆေးဝါးကုသမှုခံယူခဲ့ရသည်ဟု အစိုးရ၏ စက်တင်ဘာ ၁၆ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ရေလွှမ်းမိုးမှုဖြစ်ပွားသည့် နေရာဒေသများတွင် ငှက်ဖျား၊ သွေးလွန်တုတ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အရေပြားရောဂါများအပါအဝင် ကူးစက်ရောဂါများဖြစ်ပွားနေသည်ဟု ဆင်းပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

စက်တင်ဘာ ၁၅ ရက်အထိ ငှက်ဖျားရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ ၅၈၈ ဦး၊ ဝမ်းပျက်ဝမ်းလျှောလူနာ ၁၇,၉၇၇ ဦး၊ အရေပြား ရောဂါခံစားရသူ ၂၀,၀၆၄ ဦးရှိသည် ဟု တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဂျူလိုင် ၁ ရက်ကတည်းက ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့သည့် နေရာဒေသများရှိ ယာယီဆေးခန်းများတွင် ဆေးဝါးကုသမှုခံခဲ့ရသူ စုစုပေါင်း ၂.၃ သန်းရှိသည်ဟု ဆိုသည်။

ပါကစ္စတန် တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းဒေသများတွင် စံချိန်တင် မုတ်သုံမိုးများရွာသွန်းမှု၊ မြောက်ပိုင်းဒေသတွင် ရေခဲမြစ်များ အရည်ပျော်မှုတို့ကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပွားကာ လူဦးရေ သန်း ၂၂၀ ရှိသည့် ပါကစ္စတန်တွင် လူပေါင်း ၃၃ သန်းကျော် ရေဘေးသင့်ခဲ့ပြီး နေအိမ်များ၊ စိုက်ခင်းများ၊ တံတားများ၊ လမ်းများနှင့် မွေးမြူရေးခြံများအပါအဝင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ဒေါ်လာ ၃၀ ဘီလျံခန့် ရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ ထို့ပြင် ရေဘေးသင့် ပြည်သူအများအပြားသည် အစားအစာ၊ နေရာထိုင်ခင်း၊ သောက်သုံးရေနှင့် ဆေးဝါးများ လိုအပ်နေသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

Most Read

Most Recent