ဆီးရီးယားထောင်တွင်းမှ စိတ်ချောက်ချားစရာအတွေ့အကြုံများ

ဆီးရီးယားထောင်တွင်းမှ စိတ်ချောက်ချားစရာအတွေ့အကြုံများ
Photo: AFP
Photo: AFP
Published 18 September 2022
ခက်ဝေ

ဆီးရီးယားထောင်စောင့်တစ်ဦးက မီးရောင်ခပ်မှိန်မှိန်သာရှိသည့် အခန်းထဲသို့ သူ့ကိုတွန်းပို့လိုက်ချိန်  အကျဉ်းသား အက်ဒိုသည် အံ့သြစရာကိစ္စအချို့ကို မျက်မြင်ကြုံလိုက်ရတော့သည်။ ပထမအံ့သြစရာက သူ သည် ခြေချင်းဝတ်အနက်ထိ ရှိသည့် ဆားတောထဲတွင် ရပ်မိနေခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်၊ ဆောင်းကာလ၏ထိုနေ့တွင် အက်ဒိုသည် ဆီးရီးယားနိုင်ငံ၏အကြီးဆုံး၊ နာမည်ဆိုးဖြင့် အကျော်ကြားဆုံးအကျဉ်းထောင် ဆတ်နာယာတွင် အချုပ်ကျသည်မှာ နှစ်နှစ်ပင် ရှိလေပြီ။

မစို့မပို့ထောင်တွင်းရိက္ခာများထဲတွင် ထိုအချိန်က ဆားကို ပိတ်ပင်ထားသည့်အတွက် သူသည် ကြမ်းထော်နေသည့် ဆားကြမ်းလက်တစ်ဆုပ်ကိုပါးစပ်ထဲသို့ အငမ်းမရ ထည့်လိုက်လေသည်။

အနည်းငယ်ကြာသည့်အခါ ဒုတိယမြောက်အံ့သြစရာပေါ်လာတော့သည်။ ယခုတစ်ကြိမ်က ပိုထိတ်လန့်စရာကောင်းသည်။ခြေဗလာဖြင့် အက်ဒိုသည် အခန်းထဲတွင် မဝံ့မရဲလျှောက်ရင်း ဆားထဲမှ လူသေအလောင်းနှင့် တိုက်မိခဲ့သည်။ မကြာမီသူသည် နောက်ထပ်အလောင်းနှစ်လောင်းကိုတွေ့ရပြန်သည်။ အလောင်းများသည် ဆားဓာတ်ကြောင့် တချို့တစ်ဝက်ခြောက်သွေ့နေပြီဖြစ်သည်။

အက်ဒိုသည် ဆီးရီးယားအကျဉ်းသားများက ခေါ်သည့် ‘ဆားခန်း’ အတွင်းသို့ ထည့်ခံရခြင်းဖြစ်သည်။ ထိုဆားခန်းများအကြောင်းများကို ဆတ်နာယာအကျဉ်းထောင်ရှိ ထိန်း သိမ်းခံရသူများနှင့်ပျောက်ဆုံးသူများဆိုင်ရာ အဖွဲ့ ADMSP က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပထမဆုံးအကြိမ် အသေးစိတ်ထည့်သွင်းဖော်ပြထားသည်။

အကျဉ်းသားဟောင်းများနှင့် မေးမြန်းစူးစမ်းမှုများ ပြုလုပ်ရာဆတ်နာယာ အကျဉ်းထောင်အတွင်း ထိုဆားခန်းမျိုး နှစ်ခန်း တည်ဆောက်ထားသည်ကို AFP သတင်းဌာနက သိခဲ့ရသည်။

အက်ဒိုသည် လက်ရှိတွင် အသက် ၃၀ ရှိပြီဖြစ်ပြီး လက်ဘနွန်နိုင်ငံအရှေ့ပိုင်းတွင်  နေထိုင်လျက်ရှိကာ သူနှင့် မိသားစု ဘေးကင်းရေးအတွက် သူ့အမည်မှန်ကို မဖော်ပြရန်  မေတ္တာရပ်ခံခဲ့သည်။

ဆောက်လက်စအဆောက်အအုံရှိ အငှားတိုက်ခန်းကျဉ်းတစ်ခုတွင် အက်ဒိုက သူဆားခန်းထဲ အပို့ခံရသည့်နေ့က အဖြစ်ကို ယခုကဲ့သို့ ပြောပြသည်။

“အရင်ဆုံး တွေးမိတာက ဘုရားသခင်က သူတို့ကို မသက်ညှာပါစေနဲ့လို့။ သူတို့မှာ ဒီလောက်ဆားတွေရှိလျက်နဲ့ ကျွန်တော်တို့ ကိုကျွေးတဲ့အထဲ နည်းနည်းမှမထည့်ဘူး။ နောက်တော့ အေးစက်နေတဲ့တစ်ခုခုကို နင်းမိရော။လူတစ်ဦးရဲ့ခြေထောက်ဖြစ်နေတယ်လေ”။

၂၀၁၁ ခုနှစ်နောက်ပိုင်းဆီးရီးယား အစိုးရအကျဉ်းထောင်များတွင် သေဆုံးသူ ၁၀၀,၀၀၀ အထိ ရှိပြီဖြစ်ပြီး ဆီးရီးယားပြည် တွင်းစစ်ကြောင့် သေဆုံးသူဦးရေ၏ ငါးပုံတစ်ပုံရှိသည်ဟု ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး ဆိုင်ရာဆီးရီးယားစောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။

အသက်ရှင်ရန် ကံပါလာသူ အက်ဒိုပြောပုံအရ အနီရောင်အဆောက်အအုံ၏ ပထမထပ်ရှိ အဆိုပါဆားခန်းသည် အကြမ်းဖျင်း ၆x၈  မီတာ ကျယ်သည့် လေးထောင့်ခန်း၊ ထောင့်တစ်နေရာတွင် အဖြစ်လုပ်ထားသည့် ရေအိမ် ရှိသည်။

“ကျွန်တော့်ရဲ့ကံကြမ္မာက ကွပ်မျက်ခံရမယ် အသတ်ခံရမယ်လို့ ထင်ခဲ့တာ” ဟု အက်ဒိုက ပြန်ပြောင်းပြောကာ ထောင့်တွင် ကပ်ပြီး ကိုရန်ကျမ်းစာများ ငိုယိုရွတ်မိခဲ့ပုံကိုလည်း ပြောပြသည်။

နောက်ဆုံးတွင် ထောင်စောင့် ပြန်ရောက်လာပြီး သူ့ကို တရားရုံးရှိရာသို့ ပို့ပေးစဉ် ဆားခန်းမှအထွက် တံခါးအနီး၌ အလောင်းအိတ်များ ပုံထားသည်ကို သူသတိထားမိခဲ့သည်။

အခြားလူထောင်သောင်းများစွာနည်းတူ သူသည်လည်း အကြမ်းဖက်မှုစွဲချက်များဖြင့် ထောင်ချခံရခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ထောင်မှ ပြန်လွတ်လာသည်။ သို့သော် သူကြုံခဲ့ရသည်များက သူ့ကိုတစ်သက်လုံး ခြောက်လှန့်နေသည်ဟု ဆိုသည်။

“ကျွန်တော်ကြုံခဲ့ရသမျှမှာ အဲဒါက အခက်ခဲဆုံးအရာပါပဲ။ ကျွန်တော့်ရဲ့နှလုံးသားဟာ ဆတ်နာယာမှာ သေသွားခဲ့ပြီ။တကယ်လို့တစ်ဦးဦးက ကျွန်တော့်ရဲ့ ညီအစ်ကို သေပြီလို့ ခုချိန်ပြောရင်တောင် ဘာမှခံစား ရမှာမဟုတ်တော့ဘူး” ဟု အက်ဒိုက ပြောသည်။

ဆီးရီးယားစစ်ပွဲစတင်ပြီးကတည်းက ဆတ်နာယာအကျဉ်းထောင်တစ်ခုတည်းတွင် အချုပ်ခံထားရသူ ၃၀,၀၀၀ နီးပါးရှိမည်ဟု ခန့်မှန်းရပြီး ပြန်လွတ်သူမှာ ၆,၀၀၀ သာ ရှိသေးကာ ကျန်လူအများစုက ပျောက်နေသည် ဟု ယူဆရသည်။ အကြောင်းရင်းမှာ မိသားစု ဘက်က မတန်တဆ လာဘ်မထိုးသရွေ့ မိသားစုထံသေစာရင်း ရောက်လာသည်မှာ ခပ်ရှားရှားပင်ဖြစ်သည်။ ဆတ်ယာနာ၏ တရားမဝင်လုပ်ငန်းတစ်ခုဟုလည်း ဆိုနိုင်သည်။

၂၀၁၄ ခုနှစ်တွင် အလားတူကြုံခဲ့ရသည့် မူတာဆင်အဗ္ဗဒဲလ်ဆာတာဆိုသူ အကျဉ်းသားတစ်ဦးကိုလည်း AFP  က မေးမြန်းခဲ့ရာ သူရောက်ခဲ့သည့် ပထမထပ်ရှိ ဆားခန်း (နောက်တစ်ခန်း)မှာ ရေအိမ်ပင် မရှိပေ။

တူရကီမြို့လေးတစ်မြို့တွင် လက်ရှိနေထိုင်နေသည့် အသက် ၄၂ နှစ်အရွယ် ဆာတာက “ညာဘက်ကို ကြည့်လိုက်တော့ အလောင်းလေးငါးလောင်း တွေ့တယ်၊ သူတို့က  ကျွန်တော့်လိုပဲ”ဟု ဆားခန်းထဲမှ အတွေ့ အကြုံကို ပြောပြသည်။

အလောင်းကောင်များ၏ အရိုးပေါ် အရေတင်ပုံစံနှင့် အရေပြားဝဲစွဲနေခြင်းများက ပိန်ချုံးနေသည့်သူ့ပုံစံနှင့် တူနေသည်ဟု ဆာတာက ယှဉ်ပြောလိုက်သေးသည်။ ယာယီ ရေခဲတိုက်သဖွယ် ၎င်းဆားခန်းသို့ သူပြန် လွတ်မည့် ၂၀၁၄ ခုနှစ်၊ မေ ၂၇ ရက်တွင် သူ့ကို ဘာကြောင့် ပို့ခဲ့သည်ကို ဆာတာက ယခုထိ သိချင်နေသည််။ ကြောက်အောင် လုပ်ချင်ရုံဖြစ်မည်ဟုလည်း သူက ယူဆသည်။

၎င်းအကျဉ်းထောင်အကြောင်းကို ကျယ်ပြန့်စွာလေ့လာပြီးသည့်နောက် ADMSP က ပထမဆုံး ဆားခန်း အသုံးပြုသည့်အချိန်ကို ၂၀၁၃ ခုနှစ်ဟု ပြောခဲ့သည်။ “နှိပ်စက်လို့၊ နေမကောင်းလို့ ဒါမှမဟုတ် အစာငတ်လို့ သေသွားသူတွေရဲ့ အလောင်းတွေထားဖို့ အနည်းဆုံး အဲဒီမှာ ဆားခန်းနှစ်ခန်း ရှိတယ်”ဟု ADMSP အဖွဲ့ ပူးတွဲတည်ထောင်သူ ဒီယပ်ဆာရီယာက အင်တာဗျူးတစ်ခုတွင် ပြောသည်။

သို့သော် နှစ်ခန်းစလုံး တစ်ချိန်တည်းအသုံးပြုခဲ့သလား၊  ယနေ့အချိန်ထိ အသုံးပြုနေဆဲလားဆိုသည်ကို သေချာမသိနိုင်ပေ။

ဆာရီယာအဆိုအရ အကျဉ်းသားတစ်ဦး သေဆုံးသည့်အခါ သူ့အလောင်းကို အခြားအကျဉ်းသားများနှင့်အတူ နှစ်ရက်မှ ငါးရက်ကြာထားပြီးမှ ဆားခန်းသို့ ပို့လေ့ရှိသည်။ကားတစ်စီးစာ အလောင်းများ ရလာသည်အထိ ထိုသို့ပင် ထားထားခြင်းဖြစ်သည်။

အလောင်းများကို စုမမြှုပ်မီ စစ်ဆေးရုံက သေစာရင်း ထုတ်ပေးသည့်အခါ သေဆုံးသည့် အကြောင်းရင်းကို များသောအားဖြင့် နှလုံးဖောက်ပြန်မှုဟုဖော်ပြလေ့ရှိသည်။ ဆားခန်းများ၏ရည်ရွယ်ချက်က အလောင်းများ တာရှည်ခံရန်၊ အနံ့ဆိုးကိုထိန်းပေးရန်နှင့် ထောင်ဝန်ထမ်းများအား ရောဂါကူးစက်မှုရန်မှ ကာကွယ်ပေးရန်ဟု ဆာရီယာက ဆိုသည်။

အမေရိကန်အခြေစိုက် ခန္ဓာဗေဒဆိုင်ရာ ပါမောက္ခ ဂျွိုင်းဘယ်လ်တာကလည်း ဆားဟာ မည်သည့်သက်ရှိ တစ်သျှူးကိုမဆို ခြောက်သွေ့စေတဲ့အစွမ်းရှိတာကြောင့် ပုပ်ဆွေးခြင်း ကိုသိသိသာသာလျှော့ချနိုင်တယ်“ ဟု AFP ကို ပြောသည်။ ရှေးခတ်အီဂျစ်လူမျိုးများ၌ ကျော်ကြားခဲ့သည့် မမ်မီစီရင်ခြင်းအတတ်တွင် အလောင်းကို နေထရွန်ဟု ခေါ်သည့် ဆားရည်ထဲတွင် စိမ်ရခြင်းလည်း ပါဝင်သည်။

ADMSP ၏ ဖွင့်ချချက်တွင် ထောင်တွင်း ဖွဲ့စည်းပုံအသေးစိတ်နှင့် စစ်ဌာနများ၊  ထောင်ပိုင်များအကြား မည်သို့တာဝန်ခွဲဝေ ထားပုံများလည်း ပါဝင်သည်။ “ဆီးရီးယား အစိုးရက ဆတ်နာယာထောင်ကို ဘယ်သူမှ ဘာမှသိခွင့်မရှိတဲ့  အမှောင်ထုတွင်းတစ်ခု ဖြစ်စေချင်နေတာ။ တကယ်လို့ဆီးရီးယားမှာ နိုင်ငံရေးအပြောင်းအလဲသာ ဖြစ်လာမယ်ဆိုရင် ဆတ်နာယာကို Auschwitz လိုမျိုး ပြတိုက်အဖြစ် ပြောင်းလဲချင်တယ်“ ဟု ဆာရီယာက ဆိုသည်။

Most Read

Most Recent