မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက် အသုံးပြုမည်ဆိုပါက မိမိကိုယ်ကိုယ် ပျက်သုဉ်းအောင်လုပ်သကဲသို့သာ ဖြစ်လိမ့်မည်ဟု တောင်ကိုရီးယား သတိပေး

မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက် အသုံးပြုမည်ဆိုပါက မိမိကိုယ်ကိုယ် ပျက်သုဉ်းအောင်လုပ်သကဲသို့သာ ဖြစ်လိမ့်မည်ဟု တောင်ကိုရီးယား သတိပေး
မြောက်ကိုရီးယားလွှတ်တော်တွင် မိန့်ခွန်းပြောနေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (Photo-AP)
မြောက်ကိုရီးယားလွှတ်တော်တွင် မိန့်ခွန်းပြောနေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (Photo-AP)
Published 13 September 2022
Ref:AP

မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက်များကို အသုံးပြုမည်ဆိုပါက မိမိကိုယ်ကိုယ် ပျက်သုဉ်းအောင်လုပ်ဆောင်သကဲ့သို့သာ ဖြစ်လိမ့်မည်ဟု တောင်ကိုရီးယားက စက်တင်ဘာ ၁၃ ရက်တွင် သတိပေးခဲ့သည်။

ကြိုတင်လက်ဦးမှုယူ တိုက်ခိုက်ရာတွင် နျူကလီးယားလက်နက်များကို အသုံးပြုခွင့်ပေးမည့် ဥပဒေသစ်တစ်ရပ်ကို မြောက်ကိုရီးယားက အတည်ပြုခဲ့ပြီး ရက်ပိုင်းအကြာတွင် တောင်ကိုရီးယားဘက်က မကြုံစဖူးအဖြစ် ပြင်းပြင်းထန်ထန်သတိပေးခဲ့ခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် တောင်ကိုရီးယားသည် မြောက်ကိုရီးယားကို အမျက်ဒေါသထွက်စေမည့် ပြောဆိုမှုများကို ရှောင်ရှားခဲ့သည်။ မြောက်ကိုရီးယားက လတ်တလောအတည်ပြုခဲ့သည့် ဥပဒေသည် ၎င်းတို့၏ အထီးကျန်မှုကိုသာ ပိုမိုဆိုးရွားစေမည်ဖြစ်ပြီး တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ တုံ့ပြန်ရေးနှင့် ဟန့်တားကာကွယ်ရေးစွမ်းရည်တို့ကို ခိုင်မာအားကောင်းအောင် လုပ်ဆောင်သကဲ့သို့ပင် ဖြစ်နေလိမ့်မည်ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားက ၎င်းတို့၏ နျူကလီးယားလက်နက်များ အသုံးမပြုလာအောင် ကာကွယ်သည့်အနေဖြင့် လက်ဦးမှုရယူ တိုက်ခိုက်နိုင်စွမ်း၊ ဒုံးကျည်ကာကွယ်ရေးနှင့် အင်ပြည့်အားပြည့် တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပြီး တစ်ဖက်တွင်လည်း မဟာမိတ်တောင်ကိုရီးယားကို နျူကလီးယားလက်နက်အပါအဝင် ဖြစ်နိုင်သမျှ စွမ်းရည်မျိုးစုံဖြင့် အကာအကွယ်ပေးရေးအတွက် အမေရိကန်ထံမှ ပိုမိုခိုင်မာသည့် လုံခြုံရေးကတိကဝတ်ကို တောင်းခံသွားမည်ဖြစ်ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

“မြောက်ကိုရီးယားဘက်က နျူကလီးယားလက်နက်တွေနဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းလာမယ်ဆိုရင် စစ်ရေးမဟာမိတ်တွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်စစ်တပ်ရဲ့ ပြတ်ပြတ်သားသားတုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မိမိကိုယ်တိုင်သာ ပျက်သုဉ်းစေမယ့် လမ်းကြောင်းဆီကို ဦးတည်သွားလိမ့်မယ်ဆိုတာ သတိပေးလိုက်ပါတယ်” ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန၏ ယာယီပြောခွင့်ရပုဂ္ဂိုလ် မွန်ဟောင်ဆစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ပြီးခဲံသည့် သီတင်းပတ်တွင် မြောက်ကိုရီးယား၏ လက်ညှိုးထောင်ခေါင်းညိတ်လွှတ်တော်က မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များနှင့် သက်ဆိုင်သည့် စည်းမျဉ်းများပါဝင်သော ဥပဒေကို အတည်ပြုခဲ့သည်။ အဆိုပါဥပဒေအရ မြောက်ကိုရီးယား၏ ခေါင်းဆောင်ပိုင်းသည် ဖြစ်အံ့ဆဲဆဲ တိုက်ခိုက်မှုတစ်ခုနှင့် ကြုံတွေ့ရမည်ဆိုပါက သိုမဟုတ် ပြည်သူများဆီသို့ ကျရောက်လာမည့် ဘေးအန္တရာယ်ကြီးတစ်ခုကို တားဆီးရန် ရည်ရွယ်ပါက နျူကလီးယားလက်နက်များကို အသုံးပြုခွင့်ရှိမည်ဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က မြောက်ကိုရီးယားသည် နျူကလီးယားပိုင်ဆိုင်သည့် နိုင်ငံအဖြစ် ကြေညာထားမှုကို လက်ရှိတွင် ပြောင်းလဲ၍မရတော့ကြောင်း ပြောကြားခဲ့မှုနှင့်အတူ ယင်းဥပဒေသည် နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးပွဲများ၏ ဖြစ်နိုင်ခြေအလားအလာကိုပါ ထိထိရောက် ရောက် ပယ်ဖျက်ရာရောက်ခဲ့သည်။

ယခုနှစ်ထဲတွင် မြောက်ကိုရီးယားသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို ပစ်မှတ်ထားလျက် နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သည့် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုအများအပြားကို စံချိန်တင်လုပ်ဆောင်ခဲ့သည်။ မြောက်ကိုရီးယားသည် ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားစမ်းသပ်မှုကို ပြန်လည်လုပ်ဆောင်နိုင်သည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားတာဝန်ရှိသူများက သတိပေးထားသည်။       

Most Read

Most Recent