ကင်ဆာကင်းဝေး ဒို့ရင်သွေး ဆောလျင်မနှေး ကုသပေး

ကင်ဆာကင်းဝေး ဒို့ရင်သွေး ဆောလျင်မနှေး ကုသပေး
Published 11 September 2022
ဒေါက်တာဇွန်

လူ့ကိုယ်ခန္ဓာရှိ အသေးငယ် ဆုံး အစိတ်အပိုင်းများမှာ ဆဲလ်များ ဖြစ်ကြသည်။ ခန္ဓာကိုယ်၏ ပုံမှန် ဆဲလ်များ ကြီးထွားမှု၊ ပွားများလာမှု၊ သေဆုံးမှုများကို အစီအစဉ်တကျ ဖြစ်အောင် စနစ်တစ်ခုဖြင့် ထိန်းချုပ်ထားသည်။ သို့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် မူမမှန်သောဆဲလ် များ ထိန်းချုပ်မှုကင်းမဲ့စွာ ပွားများလာခြင်းကြောင့် ကင်ဆာရောဂါဖြစ်လာခြင်းဖြစ်သည်။ ၎င်းတို့သည် ခန္ဓာကိုယ်ရှိ အခြားအင်္ဂါများသို့လည်း ပျံ့နှံ့တတ်ပါသည်။

ကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်းတွင် ပြည်သူ့ကျန်းမာရေးအတွက် ပြဿနာတစ်ရပ် ဖြစ်လာပါသည်။ ဆင်းရဲချမ်းသာမရွေး၊ အသက်ကြီးငယ်မရွေး၊ ယောကျ်ား မိန်းမ၊ ကလေးပါမကျန် ဖြစ်ပွားနိုင်သော ရောဂါဖြစ်သည်။ ကင်ဆာဖြစ်သည်နှင့် ကိုယ်တိုင် မိသားစု စိတ်ပူပင်ရခြင်း၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ထိခိုက်ရခြင်း၊ လူ့စွမ်းအား အရင်းအမြစ်များ ဆုံးရှုံးခြင်းနှင့် နိုင်ငံတော်အတွက်လည်း ဝန်ထုပ် ဝန်ပိုး ဖြစ်စေပါသည်။

ကမ္ဘာ့ကလေးကင်ဆာ ဖြစ်ပေါ်မှုအခြေအနေ

ကမ္ဘာပေါ်တွင် နှစ်စဉ် အသက် ၀-၁၉ နှစ်အရွယ် ကလေးနှင့် လူငယ်များသည် တစ်နှစ်လျှင် ခန့် မှန်းခြေ လေးသိန်းသည် ကင်ဆာရောဂါ ဖြစ်လျက်ရှိသည်။ သုံးမိနစ်လျှင် ကလေးတစ်ယောက်သည် ကင်ဆာဖြင့် သေဆုံးလျက်ရှိသည်။ နှစ်စဉ် ဖြစ်ပွားမှု လေးသိန်းသည် ရှိရမည့် အရေအတွက်ထက် လျော့နည်းမည်ဟု တွက်ဆပါသည်။ အဘယ်ကြောင့်ဆိုသော် ၈၀% သော ကလေးကင်ဆာများသည် ဝင်ငွေနည်းနှင့် အသင့်အတင့်ရှိသော နိုင်ငံများမှဖြစ်ပြီး ကင်ဆာ စာရင်းဇယားများထားရှိမှုမရှိခြင်း၊ ရှိလျှင် အားနည်းချက်များရှိခြင်းကြောင့် ဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ကလေးငယ်ကင်ဆာ ကုသမှုမှာ သိသာစွာ တိုးတက်လာခဲ့သည်။ ဝင်ငွေ များသော နိုင်ငံများတွင် ကလေး ကင်ဆာ၏ ၈၀% ကျော်သည် ဆေး ကုသပျောက်ကင်းသော်လည်း ဝင်ငွေနည်းနှင့် အသင့်အတင့်ရှိသော နိုင်ငံများတွင် ၃၀% သာ ရှိပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ရောဂါကို လွန်မှ သိရှိခြင်းကြောင့် ထိရောက်သော ဆေးကုသမှုကို အလွန်နောက်ကျမှ ရရှိခြင်းကြောင့်ဖြစ်သည်။ ထိုနိုင်ငံ များတွင် သေဆုံးရခြင်းမှာ ရောဂါ မသတ်မှတ်နိုင်ခြင်း၊ မှားယွင်းသတ် မှတ်ခြင်း၊ နောက်ကျ၍သတ်မှတ် ခြင်း၊ ကုသမည့်နေရာ ရောက်ရန် လက်လှမ်းမမီခြင်း၊ ထိရောက်သော ကုသမှုမရရှိခြင်း၊ ရောဂါပြန်ဖြစ်ခြင်း၊ ဆေး၏ ဘေးထွက်ဆိုးကျိုးများကြောင့် သေဆုံးရခြင်းဖြစ်သည်။

အများဆုံးဖြစ်သော ကလေး ကင်ဆာ ငါးခုမှာ အစဉ်လိုက်အား ဖြင့် သွေးကင်ဆာ (leukaemia)၊ ဦး နှောက်အကြိတ်ကင်ဆာ (Brain Tumor)၊ ပြန်ရည်ကြိတ်ကင်ဆာ (Lymphoma)၊ အာရုံကြောကင်ဆာ (Neuroblastoma) နှင့် ကျောက်ကပ်ကင်ဆာ (wilmstumor) တို့ဖြစ်ကြသည်။

မြန်မာ့ကလေးကင်ဆာဖြစ်ပွားမှုအခြေအနေ

၂၀၁၇ ခုနှစ် (ရန်ကုန်ကလေးဆေးရုံနှင့် မန္တလေးကလေးဆေးရုံ) စာရင်းများအရ ကင်ဆာကလေးလူနာသစ် ၅၀၀ ရှိပါသည်။ ရန်ကုန်ကလေးဆေးရုံကြီး သွေးနှင့် ကင်ဆာရောဂါကုဌာန၏ ၂၀၁၃-၂၀၂၁ ခုနှစ်ထိ မှတ်တမ်းများအရ သွေးကင်ဆာတွင် Acute lympholasticleukaemia (သွေးဖြူဥကင်ဆာတစ်မျိုး)မှာ ပထမအများဆုံးဖြစ်ပြီး Acute Myeloblasticleukaemia (နောက်သွေးဖြူဥ ကင်ဆာတစ်မျိုး)မှာ ဒုတိယအများဆုံးဖြစ်ပါသည်။ အစိုင်အခဲအကြိတ်ကင်ဆာများတွင် အစဉ်လိုက်အားဖြင့် ဦးနှောက်ကင်ဆာ၊ မျက်စိအာရုံခံအလွှာတွင်ဖြစ်သော ကင်ဆာ (retinoblastoma) နှင့် အာရုံကြောကင်ဆာတို့ အများဆုံးဖြစ်ကြပါသည်။ ကလေးများ ဆယ်ကျော်သက်အရွယ်ရောက်လျှင် အရိုးကင်ဆာ ပိုဖြစ်တတ်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဆောင်ရွက်ချက်များ

၁။ မေလ ၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံမှ ကလေးကင်ဆာပြဿနာများ ဖြေရှင်းရန်အတွက် ကမ္ဘာလုံးဆိုင်ရာဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံအစိုးရများသည် ရည်မှန်းချက်ကိုရောက်ရန် အရှိန်မြှင့်လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

ပန်းတိုင်မှာ-၂၀၃၀ ခုနှစ်တွင် ကလေးကင်ဆာရောဂါနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အချိန်မတိုင်မီကင်ဆာဖြင့် သေဆုံးခြင်းကို လျှော့ချရန်ဖြစ်သည်။

၂။ ၂၀၁၈ခုနှစ်တွင် စိန့်ဂျုဒ်ကလေးကျန်းမာရေးသုတေသနဆေးရုံ (St.Jude Children’s Research Hospital) ၏ပံ့ပိုးမှုဖြင့် ကလေးကင်ဆာရောဂါအတွက် ကမ္ဘာလုံးဆိုင်ရာ ပဏာမခြေလှမ်းကို စတင်ဆောင်ရွက်ခဲ့သည်။ အစိုးရများအား ဦးဆောင်မှုနှင့် နည်းပညာပံ့ပိုးပေးမှုတို့တွင် အရည်အသွေးမြင့် ကလေးကင်ဆာစီမံချက်များကို စတင်တည်ဆောက်ရေးနှင့် ဆက်လက်တည်တံ့စေရေးတို့တွင် ၎င်းတို့အား ပံ့ပိုးနိုင်စေရန်ဖြစ်သည်။

ရည်မှန်းချက်။ ။ အနည်းဆုံး ၆၀%သော ကလေးကင်ဆာဝေဒနာရှင်များကို သက္ကရာဇ် ၂၀၃၀ ခုနှစ်တွင် ရှင်သန်စေရေးဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် နောက်ထပ်ဆယ်စုနှစ်တစ်ခု အကုန်ကာလ၌ လက်ရှိရောဂါပျောက်ကင်းနှုန်း၏ နှစ်ဆရှိပြီး နောက်ထပ်ကင်ဆာ ကလေးတစ်သန်း အသက်ရှင်နိုင်မည်ဖြစ်သည်။

ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် နည်းပညာပေါင်းစုံကို ပဏာမခြေလှမ်း စတင်နိုင်ရေးအတွက် ဖန်တီးပြုလုပ်ပေးထားပါသည်။

၃။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် စိန့်ဂျုဒ်ကလေးကျန်းမာရေး သုတေသနဆေးရုံတို့သည် ကမ္ဘာလုံးဆိုင်ရာ ကလေးကင်ဆာကုဆေးများရရှိရေး အခြေခံအုတ်မြစ်ကို စတင်ပေးလိုက်ခြင်းဖြင့် ဆေးများ စဉ်ဆက်မပြတ်စေရေးနှင့် ဆေးဝါးဖြန့်ဖြူးရေးတို့တွင် တတ်နိုင်သမျှ အကောင်းဆုံးစံသတ်မှတ်ချက်များ ရရှိစေရန် လုပ်ဆောင်ခဲ့သည်။

၄။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် နိုင်ငံတကာ ကင်ဆာသုတေသနအေဂျင်စီ (IARC International Agenay for Research on Cancer) တို့သည် အခြားကုလသမဂ္ဂအဖွဲ့အစည်းများ၊ မိတ်ဆက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ (၁) ကလေးကင်ဆာ ထိန်းသိမ်းရေးအတွက် နိုင်ငံအစိုးရများ၏ ကတိကဝတ်ထားရှိရေး (၂) ကလေးကင်ဆာရောဂါအား ဆောလျင်စွာ တိကျစွာသိရှိနိုင်ရေးနှင့်ထိရောက်၍ အရည်အသွေးမြင့် ကင်ဆာကုသရေးဌာနနှင့် ဒေသတွင်းဌာနခွဲများ တည်ဆောင်နိုင်ရန်အတွက် နိုင်ငံအစိုးရများအား ပံ့ပိုးရေး။ (၃) မရှိမဖြစ်ဆေးများနှင့် နည်းပညာများ လက်လှမ်းမီရရှိရေးတွင် ပိုမိုကောင်းမွန်စေရေးတို့အတွက် ဆောင်ရွက်ခဲ့ပါသည်။

ကမ္ဘာပေါ်တွင် အဖွဲ့အစည်းများစွာ ကင်ဆာတိုက်ဖျက်ရေး လုပ်ဆောင်နေကြပြီးSt.Jude together website (together.stjuce.org website/အတူတကွ)တွင် မြန်မာဘာသာ ပြန်ထားသည်များကို လေ့လာကြည့်နိုင်ပါသည်။

ကလေးကင်ဆာ အမျိုးအစားများ

(အသက် ၁၄ နှစ်အောက်) ဖြစ်သောနေရာကိုလိုက်၍ (၁) သွေးကင်ဆာ၊ (၂) ဦးနှောက်ကင်ဆာ၊ (၃) အာရုံကြောကင်ဆာ၊ (၄) ကျောက်ကပ်ကင်ဆာ၊ (၅) ပြန်ရည်ကြိတ်ကင်ဆာ (hymphoma)၊ (၆) မျက်စိအာရုံခံအလွှာတွင်ဖြစ်သော ကင်ဆာ၊ (၇) ဂျမ်းဆဲလ်ကင်ဆာ (germ cell tumor)၊ (၈) အရိုးကင်ဆာ (Bone Cancer) စသည်တို့ဖြစ်ကြပါသည်။

၎င်းကို သွေးနှင့်ဆိုင်သော ကင်ဆာ (Haematological Malignancy) နှင့် အစိုင်အခဲအကြိတ်ကင်ဆာ (Solid tumor) ဟူ၍လည်း ခွဲခြားထားပါသည်။

ပြန့်ပွားပုံ

ကင်ဆာဆဲလ်များ ကြီးထွားလာသောအခါ အနီးအနားရှိ ခန္ဓာကိုယ်အစိတ်ပိုင်းများသို့ တိုက်ရိုက်ပြန့်ပွားနိုင်ပါသည်။ သွေးကြောမှတစ်ဆင့် ကျောက်ကပ်၊ အသည်း၊ ဦးနှောက်၊ အဆုတ်၊ အရိုးစသည့် အင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့နိုင်သည်။ ပြန်ရည်ကြိတ်ကင်ဆာသည် ပြန်ရည်ကြောများမှတစ်ဆင့် တစ်ကိုယ်လုံးရှိ ပြန်ရည်ကြိတ်များသို့ ပျံ့နှံ့နိုင်သည်။

ကင်ဆာဖြစ်စေသောအကြောင်းများ

(၁) မျိုးဗီဇကြောင့်ဖြစ်ခြင်း၊ (၂) မိသားစုတွင် ကင်ဆာဖြစ်သူရှိခြင်း၊ (၃) ပတ်ဝန်းကျင်ကြောင့်ဖြစ်ခြင်း (ဥပမာ-ကိုယ်ဝန်ဆောင်ချိန်တွင် ဓာတ်ရောင်ခြည်ထိခြင်း)၊ (၄) ရောဂါပိုးမွှားကြောင့်ဖြစ်ခြင်း၊ (၅) ကင်ဆာဆေးများကြောင့်ဖြစ်ခြင်း အချက်အလက်များအရ ကလေးကင်ဆာအားလုံး၏ ၁၀% မှာ မျိုးဗီဇကြောင့်ဖြစ်သည်ဟု ယူဆထားသော်လည်း ဆက်လက်သုတေသနပြုရန် လိုပါသေးသည်။

ရောဂါလက္ခဏာများ

ကလေးကင်ဆာများစွာရှိသည့်အနက် ၈၅% မှာ ဆင်တူယိုးမှား တူညီသောလက္ခဏာရှိကြသည်။ (၁) အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ဆက်တိုက်ကျခြင်း/ဖျားခြင်း (၂) နံနက်စောစော/ညနေပိုင်းတွင် ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ (၃) အရိုးအဆစ်များ ရောင်ရမ်းခြင်း၊ နာခြင်း၊ (၄) ဝမ်းဗိုက်၊ လည်ပင်း၊ ချိုင်း၊ ခြေလက်၊ ရင်ခေါင်း၊ တင်ပဆုံတို့တွင် အလုံး/အကြိတ်ပေါ်ခြင်း၊ (၅) နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်း၊ အရေပြားတွင် သွေးခြေဥများ ပေါ်လာခြင်း၊ (၆) ရုတ်တရက် မျက်စိစွေခြင်း၊ မျက်လုံးတွင် အဖြူစက်ပေါ်ခြင်း၊ အလိုအလျောက် မျက်စိပြူးထွက်ပြီး နီရဲလာခြင်း၊ အမြင်အာရုံပြောင်းလဲလာခြင်း၊ (၇) အကြောင်းရင်းမရှိဘဲ ဖြူလာခြင်း၊ ပျို့အန်ခြင်း၊ မောပန်းခြင်း၊(၈) ရုတ်တရက် အမူအရာပြောင်းခြင်း (ဥပမာ-စိတ်တိုလွယ်ခြင်း)၊ (၉) လမ်းလျှောက်သည့်အခါ ခန္ဓာကိုယ်မထိန်းနိုင်ဘဲ ယိမ်းယိုင်ခြင်း ထိုလက္ခဏာများထဲမှ တစ်ခုခုတွေ့ပါက နီးစပ်ရာကျန်းမာရေးဌာန၊ ဆေးရုံသို့ သွားရောက်ပြသသင့်ပါသည်။ ကလေးကင်ဆာဖြစ်နေပါ က ကလေးကင်ဆာဌာနတွင် မှန်ကန်ထိရောက်သော ဆေးကုသမှုကို ရရှိရန် အမြန်ဆုံးသွားရောက်ကုသသင့်ပါသည်။

ရောဂါရှာဖွေခြင်း

ရောဂါလက္ခဏာနှင့် ဖြစ်သောနေရာကိုလိုက်၍ (၁) သွေးဖောက်စစ်ဆေးခြင်း၊ (၂) ရင်ခေါင်းဓာတ်မှန်၊ တယ်လီဗီး ရှင်း/ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း၊ (၃) မျက်စိစမ်းသပ်ခြင်း၊ (၄) ရိုးတွင်းချဉ်ဆီ စမ်းသပ်ခြင်း၊ (၅) အလုံးအကြိတ်များမှ အသားစယူ၍ စမ်းသပ်ခြင်း၊ (၆) ရောဂါပျံ့နှံ့မှု ရှိ/မရှိ ခါးဆစ်ရိုးမှအရည်ကို စမ်းသပ်ခြင်းတို့ဖြစ်ကြပါသည်။

ကလေးကင်ဆာကုထုံးများ

ရောဂါရှာဖွေခြင်းမှ ထွက်ပေါ်လာသော ရလဒ်ပေါ်မူတည်၍ ကုထုံးများ ကွဲပြားသွားပါသည်။ (၁)ကင်ဆာဆေးသွင်း၍ကုသခြင်း။ သောက်ဆေးပေးခြင်းနှင့် သွေးကြောထဲသို့ ဆေးသွင်းကုသခြင်းဖြစ်ပါသည်။ ထိုကုသမှုသည် ကင်ဆာအမျိုးအစားပေါ်မူတည်၍ နှစ်လမှ သုံးနှစ်ကျော်ခန့်အထိ ကြာတတ်ပါသည်။ ကင်ဆာဆေးဝါးများသည် ကင်ဆာဆဲလ်များကို တိုက်ရိုက်ဖျက်ဆီးပစ်ခြင်းဖြစ်သည်။ ကလေးကင်ဆာကုသရာတွင် ဆေးသွင်းကုသမှုသည် အလွန်ထိရောက်မှုရှိပြီး နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးများကိုလည်း ပေးတတ်ပါသည်။ ထိုဆိုးကျိုးများကို သေချာစွာမကုသပါက အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။ ဆေးကုသမှုကို သတ်မှတ်ကာလပြည့်အောင် ကုသရန်အရေးကြီးပါသည်။ ကုသမှုကို ဆောလျင်စွာရပ်လိုက်လျှင် နောက်တစ်ကြိမ် ပြန်လည်ဖြစ်နိုင်ပြီး ကုသမှုပါ ပိုခက်ခဲသွားမည်ဖြစ်သည်။ ဘေးထွက်ဆိုးကျိုးများရှိသော်လည်း ကုသမှုကို ဆက်လက်ခံယူသွားရန် အရေးကြီးပါသည်။

(၂)ခွဲစိတ်ကုသခြင်း။   ။ ဆေးသွင်းကုသမှု ပြုလုပ်နေစဉ် သတ်မှတ်သည့် အကြိမ်ရောက်လျှင် ခွဲစိတ်ရန်လိုသည့် ကင်ဆာများအား ခွဲစိတ်ကုသပါသည်။

(၃)ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း။  ။ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာဆဲလ်များကို တိုက်ရိုက်ဖျက်ဆီးခြင်း ဖြစ်သည်။ နောက်ဆုံးအဆင့် ကုသခြင်းမဟုတ်ပါ။ ခန္ဓာကိုယ်ပေါ်သို့ ဓာတ်ရောင်ခြည် ထိရောက်သောအချိန်မှာ သာမန်အားဖြင့် စက္ကန့်အနည်းငယ်မှ မိနစ်အနည်းငယ်သာ ကြာပြီး နာကျင်မှုမရှိပါ။ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းတွင်လည်း ဘေးထွက်ဆိုးကျိုးများ ရှိပါသည်။

ကင်ဆာကုထုံးများနှင့် ကုသနေစဉ် အခြေအနေကိုလိုက်၍ သွေးရည်ကြည်၊ ပဋိဇီဝဆေးပေးခြင်းများ လိုပါသည်။ ဆေးကုသခြင်းကို လ၊ နှစ်ချည်ကုသရ၍ မိဘများမှာ စိတ်ရှည်၊ ဇွဲရှိရန် လိုပါသည်။ များသောအားဖြင့် ကင်ဆာရောဂါ ကုသပြီး တစ်လ၊ နှစ်လအတွင်းမှာ အကောင်းပကတိနီးပါးဖြစ်သွားပါသည်။ ကောင်းပြီဟု ယူဆပြီး ဆက်မကုလျှင် ရောဂါပြန်ကြွပြီး ကုသရန်ပါ ပိုခက်ခဲသွားမည်ဖြစ်သည်။

Leukaemia

ကလေးကင်ဆာများတွင် အဖြစ်အများဆုံးမှာ သွေးဖြူဥကင်ဆာ (Leukaemia) ဖြစ်သည်။ ရိုးတွင်းချဉ်ဆီတွင်းရှိ သွေးဖွဲ့စည်းမှု တစ်ရှုးများတွင် ကင်ဆာဆဲလ်များ ပြောင်းလဲဖြစ်ပေါ်လာခြင်းဖြစ်သည်။ အထူးသဖြင့် သွေးဖြူဥများ အဆမတန်ပွားများလာခြင်းဖြစ်သည်။ ရိုးတွင်းချဉ်ဆီမှတစ်ဆင့် အသည်း၊ ဘေလုံး၊ ပြန်ရည်ကြိတ်နှင့် အခြားကိုယ်အင်္ဂါများသို့ ရောက်ရှိသွားသည်။ သွေးဖြူဥကင်ဆာကို ၎င်းတို့၏ ဆဲလ်ပုံစံပေါ်မူတည်၍ အမျိုးအစား ခွဲခြားထားပါသည်။ ကလေးငယ်များတွင် အများဆုံးဖြစ်သော သွေးကင်ဆာမှာ Acute Lymphoglastic Leukaemia ဖြစ်သည်။

Acute Lymphoglastic Leukaemia

ကလေးကင်ဆာအားလုံး၏ ၃၄% ရှိပါသည်။ အထူးသဖြင့် အသက် နှစ်နှစ်မှ လေးနှစ်အတွင်း ဖြစ်လေ့ရှိပြီး ယောကျ်ားလေးတွင် ပိုဖြစ်ပါသည်။ လင့်ဖိုက် (Lymphoid) ခေါ်သည့် သွေးဖြူဥများ အဆမတန်ပွားများလာပြီး ၎င်းတို့ရှိရမည့် အရွယ်သို့ ရောက်မလာပါ။ ၎င်းဆဲလ်များမှာ ကိုယ်ခန္ဓာအတွက်လည်း အသုံးမဝင်ပါ။

လက္ခဏာများ

အရိုးအဆစ်များ နာခြင်း၊ နုံးခြင်း၊ အားမရှိခြင်း၊ သွေးထွက်ခြင်း (သွားဖုံး၊ နှာခေါင်း၊ အရေပြား)၊ ဖျားခြင်း၊ အလေးချိန်လျော့သွားခြင်း၊ လည်ချောင်းနာခြင်း၊ အဆုတ်အအေးမိခြင်းများ အဖြစ်များပြီး အကြိတ်၊ အသည်း၊ ဘေလုံးကြီးခြင်းနှင့်လည်း လာပါသည်။

ရောဂါရှာဖွေခြင်း

သွေးဖောက်စစ်ဆေးခြင်း၊ ရိုးတွင်းချဉ်ဆီ စစ်ဆေးခြင်းနှင့် ရောဂါအတည်ပြုနိုင်ပါသည်။

ကုသခြင်း

သွေးကြောအတွင်း ကင်ဆာဆေးများသွင်း၍ ကုသခြင်းမှာ အဓိကကုသချက်ဖြစ်သည်။ ဆေးသွင်း ကုသပြီးလျှင် ရောဂါကို ထိန်းထားနိုင်ရန် သောက်ဆေးများနှင့် သုံးနှစ်အထိ ဆက်၍ကုသရပါသည်။ ကုသချက်ကို အပြည့်အဝလုပ်ဆောင်လျှင် ရောဂါပျောက်ကင်းမှုမှာ ၆၀% မှ ၇၅% ထိရှိပါသည်။ ကလေးများသည် လူကြီးများထက် ရလဒ်ပိုကောင်းပါသည်။

ဆေးကုသနေစဉ် အစာအာဟာရ စားသောက်ပုံ

ကင်ဆာဆေးသွင်း ကုသနေစဉ်အတွင်း အာဟာရပြည့်ဝသော အစာများစားရန်လိုပါသည်။ အာဟာရပြည့်ဝသော အစားအစာများ သည် ခန္ဓာကိုယ်၏ ပုံမှန်ဆဲလ်များ ပြန်လည်ပွားများစေသည်။ ခွန်အားကို ဖြစ်ပေါ်စေရုံမက ပို၍နေထိုင်ကောင်းစေသည်။ ရောဂါကူးစက်ခြင်းအပါအဝင် ဆေး၏ ဘေးထွက်ဆိုးကျိုးများကိုလည်း ပို၍ ခံနိုင်ရည်ရှိစေသည်။

ရေ၊ အရည်

ရေ၊ အရည်သောက်ခြင်းဖြင့် ဆီးများစေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးသည်။ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းပြဿနာများကို ကာကွယ်ပေးရုံမက အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ကြောင့် အရည်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးသည်။ ရေ၊ သစ်သီးဖျော်ရည်၊ အိုဗာတင်း၊ ပဲနို့၊ ကြက်စွပ်ပြုတ်၊ ထမင်းရည်တို့ကို တိုက်ပေးရပါမည်။

အသားဓာတ်

အသားဓာတ်သည် ကြွက်သား၊ အရေပြားတို့ကို ကြီးထွားသန်မာစေပါသည်။ ရောဂါကူးစက်ခြင်းကို ကာကွယ်ရုံမက အနာများကိုလည်း လျင်မြန်စွာကျက်စေပါသည်။ အသား၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး နို့တို့ကို တိုက်ကျွေးရပါမည်။

အင်အားဓာတ် (ကယ်လိုရီ)

ခန္ဓာကိုယ်၏ နေ့စဉ်လုပ်ဆောင်မှုများအတွက် လိုအပ်သော အင်အားကို ဖြစ်စေသည်။ ဆန်၊ ဂျုံနှင့်လုပ်သော အစားအစာများ/မုန့်များ၊ ဆီ၊ အာလူး၊ ပိန်းဥ၊ ပြောင်းဖူး၊ ပျားရည်တို့ကို ကျွေးပေးရပါမည်။

ဗီတာမင်နှင့် သက်စောင့်ဓာတ်

ဗီတာမင်နှင့် သက်စောင့်ဓာတ်များတွင် သွေးအားကောင်းစေသော ဓာတ်၊ ဇီဝကမ္မလုပ်ငန်းများ ပုံမှန်လည်ပတ်စေသောဓာတ်၊ ရောဂါခံနိုင်ရည်ရှိသော ဓာတ်များပါရှိသည်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံများကို ကျွေးပေးရပါမည်။

ကလေးစားနိုင်သော အရွယ်အစားပြုလုပ်ပြီး နူးအောင်ချက်ပြီး စိတ်ရှည်စွာ ကျွေးရပါမည်။ ကလေးသည် ဆေးဒဏ်ကြောင့် အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်းများရှိ၍ နည်းနည်းနှင့် ခဏခဏကျွေးရပါမည်။

ကလေးကျောင်းတက်ခြင်း

ပြင်းထန်သော ကင်ဆာဆေးများဖြင့် အထူးဆေးကုသမှု ခံယူပြီးလျှင် ဆရာဝန်မှ ကလေးကျောင်းတက်ရန် သင့်တော်သည်ဆိုပါက ကျောင်းတက်နိုင်ပါသည်။ ကလေးများသည် ညီအစ်ကိုမောင်နှမများနှင့် ကစားနိုင်ပါသည်။ သူငယ်ချင်းများတွင် အခြားရောဂါများမရှိပါက အတူကစားနိုင်ပါသည်။ ကင်ဆာသည် ကူးစက်ရောဂါမဟုတ်ပါ။ ကင်ဆာရောဂါရှင် ကလေးများနှင့် ကစားခြင်း၊ အစားအတူတူစားခြင်းတို့ဖြင့် ရောဂါမရနိုင်ပါ။ ထိတွေ့ခြင်းဖြင့်လည်း မကူးစက်နိုင်ပါ။

ဆေးကုသခြင်း၏ရလဒ်

တစ်ကမ္ဘာလုံးအနေဖြင့် ကလေးကင်ဆာ ၅၀% ကျော်ကို အောင်မြင်စွာ ကုသနိုင်ပါသည်။ ကုသချက်ရလဒ်မှာ ရောဂါအဆင့်နှင့် ကင်ဆာ၏ သဘာဝပေါ် မူတည်ပါသည်။ ရောဂါစောစောသိရှိခြင်း၊ မှန်ကန်သောကုသမှုကို မြန်မြန်ရရှိခြင်း၊ ကုသပြီး မူရင်းအခြေအနေသို့ အတတ်နိုင်ဆုံးရောက်အောင် စောင့်ရှောက်ခြင်းများသည် ကင်ဆာကလေးငယ်၏ အသက်ရှင်ခြင်း၊ အသက်ရှည်ခြင်းကို အဆုံးအဖြတ်ပေးပါသည်။ ရောဂါစောစောသိရှိလျှင် ပို၍အောင်မြင်အောင် ကုသနိုင်ပြီး အသက်ရှင်ခြင်းမှာ ၇၅% ထိ တက်လာပါသည်။ လူကြီးကင်ဆာနှင့်နှိုင်းယှဉ်လျှင် ကလေးကင်ဆာအများစုမှာ ကင်ဆာဆေးပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပြီး ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ပေးခြင်းဖြင့်လည်း ပျောက်ကင်းပါသည်။ ကလေးကင်ဆာကုသခြင်းမှာ ငွေကြေးကုန်ကျသလောက် အကျိုးရှိပါသည်။

ကင်ဆာရောဂါကို တွန်းလှန်တိုက်ဖျက်ရာတွင် ကာကွယ်ခြင်းနှင့် စောစီးစွာသိရှိအောင် ကြိုးစားခြင်းမှာ အဓိကလက်နက်ဖြစ်သော်လည်း ကလေးကင်ဆာဖြစ်စေသော အဓိကအကြောင်းမှာ မျိုးဗီဇ၊ မိသားစု ရာဇဝင်ကြောင့် အဖြစ်များသဖြင့် စောစီးစွာသိရှိအောင် ကြိုးစားရပါမည်။ မိဘများမှ ကလေးကင်ဆာ လက္ခဏာများကို သတိထားမိရန်နှင့် အခြေခံကျန်းမာရေးဝန်ထမ်းများမှ ရောဂါကို ထောက်လှမ်းခြင်းဖြင့် စောစောသိရှိမည်ဖြစ်သည်။

ကလေးကင်ဆာသတိပြုလ (Childhood Cancer Awareness Month)

စက်တင်ဘာလသည် ကလေးကင်ဆာ သတိပြုလဖြစ်သည်။ ကလေးကင်ဆာအကြောင်းကို ပိုမိုသိရှိပြီး သူငယ်ချင်း၊ မိသားစု၊ မိတ်ဆွေများကို ပြန်လည်မျှဝေခြင်းဖြင့် အသက်များစွာကို ကယ်တင်နိုင်မည်ဖြစ်သည်။ ထိုလတွင် နိုင်ငံတကာမှ ကင်ဆာတိုက်ဖျက်ရေးအဖွဲ့အစည်းများသည် ရန်ပုံငွေများ စုဆောင်းခြင်း၊ ပွဲကျင်းပခြင်း၊ သတင်းစကားပါးခြင်း၊ ကလေးကင်ဆာအကြောင်း အများပြည်သူများအား အသိပေးခြင်း စသည့်လှုပ်ရှားမှုများကို ဆောင်ရွက်ကြပါသည်။ သင်္ကေတမှာ ရွှေရောင်ဖဲကြိုးဖြစ်ပါသည်။

ကလေးကင်ဆာရောဂါ လျှော့ချရန်အတွက် အမျိုးသားစီမံချက်တွင် ကင်ဆာရောဂါဖြစ်ပွားမှုဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းမှု၊ သိပ္ပံနည်းကျ လက်ခံထားသော ကုသမှု၊ လူထုလူတန်းစားအတွင်း ကင်ဆာနှင့်ပတ်သတ်သည့် အသိပညာအခြေအနေ၊ လက်ရှိအသုံးချနိုင်သော အရင်းအမြစ်များ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စများအတွက် ငွေကြေးအင်အား စသည်တို့သည် ကမ္ဘာတစ်ဝန်းကင်ဆာရောဂါ၏ ဝန်ထုပ်ဝန်ပိုးလျှော့ချရန် လုပ်ဆောင်မှုများအပေါ် အကျိုးသက်ရောက်စေပါသည်။ ကလေးကင်ဆာ စာရင်းဇယားများထားရှိမှုမှာ အရည်အသွေးပြည့်မီအောင် မြှင့်တင်ရန်လိုအပ်ပြီး ထိုစာရင်းများပေါ် အခြေတည်၍ မူဝါဒများ ချမှတ်နိုင်မည်ဖြစ်သည်။ ကလေးကင်ဆာ ပြုစုစောင့်ရှောက်ခြင်းကို လက်လှမ်းမီ ရရှိရန်၊ မရှိမဖြစ်ဆေးများ ရရှိရန်နှင့် နည်းပညာများရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံအစိုးရများမှ ကလေးကင်ဆာကို ဦးစားပေးအဆင့်မြှင့်တင်ခြင်း၊ ကလေးကင်ဆာ ဝန်ဆောင်မှုကို အရည်အသွေးပြည့်မီအောင် မြှင့်ခြင်း၊ ကျန်းမာရေးပညာပေးခြင်းများကို အောက်ခြေထိ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခြင်း၊ မိဘပြည်သူများမှ ဆေးမြီးတိုနှင့်မကုဘဲ နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံများသို့ အမြန်ဆုံးသွားရောက်ပြသခြင်းများကို ဟန်ချက်ညီညီ လုပ်ဆောင်နိုင်မှသာလျှင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ရည်မှန်းချက်ဖြစ်သော တစ်ကမ္ဘာလုံးတွင် ကလေးကင်ဆာဖြင့် အသက်ရှင်ခြင်းကို အနည်းဆုံး ၆၀% ရောက်ရှိပြီး ၂၀၃၀ ခုနှစ်တွင် ရှင်သန်စေခြင်းဖြင့် နောက်ထပ် ကလေးကင်ဆာ တစ်သန်း အသက်ရှင်နိုင်မည်ဖြစ်ပါကြောင်း စက်တင်ဘာလတွင် ကျရောက်မည့် “ကလေးကင်ဆာနှင့် သွေးကင်ဆာ သတိပြုလ” အထိမ်းအမှတ်အဖြစ် ရေးသားလိုက်ပါသည်။

ကိုးကား

(၁) WHO website  

(၂) UICC website

(၃) Curriculum For General Practitioner 1st Edition (Pediatric Haematology group Myanmar)

(၄) ဓာတ်ရောင်ခြည်ကုသခြင်းဆိုတာ ဘာလဲ

(၅) ကင်ဆာဆိုတာ ဘာလဲ

(၆) ကင်ဆာဆေးများဖြင့် ကုသခြင်း

(၇) သင်နှင့် chemotheraphy (ကင်ဆာရောဂါဆေးပညာ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး)

(၈) World Cancer Day (၂၀၀၆ ခုနှစ် ကျန်းမာရေးဝန်ကြီးဌာန)

Most Read

Most Recent