အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်မှုကြောင့် တောင်ကိုရီးယားတွင် လူတစ်ဦးသေဆုံးကာ ပျောက်ဆုံးသူအချို့ရှိနေ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်မှုကြောင့် တောင်ကိုရီးယားတွင် လူတစ်ဦးသေဆုံးကာ ပျောက်ဆုံးသူအချို့ရှိနေ
တိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် လမ်းမတစ်ခုပေါ်တွင် ပြန့်ကြဲနေသည့် အပျက်အစီးများကြားမှ အမျိုးသားတစ်ဦး လမ်းလျှောက်နေပုံကို စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (Photo-AFP)
တိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် လမ်းမတစ်ခုပေါ်တွင် ပြန့်ကြဲနေသည့် အပျက်အစီးများကြားမှ အမျိုးသားတစ်ဦး လမ်းလျှောက်နေပုံကို စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (Photo-AFP)
Published 6 September 2022
Ref:AFP

ဆယ်စုနှစ်များစွာအတွင်း ကြုံတွေ့ခဲ့ရသည့် အင်အားအကောင်းဆုံးမုန်တိုင်းများထဲမှ တစ်ခုဖြစ်သည့် တိုင်ဖွန်းမုန်တိုင်း Hinnamnor ဝင်ရောက်မှုကြောင့် တောင်ကိုရီးယားတွင် လူတစ်ဦးသေဆုံးကာ ကိုးဦးပျောက်ဆုံးနေပြီး အဆောက်အအုံအချို့ ကြီးကြီးမားမား ပျက်စီးခဲ့သည်ဟု သိရသည်။

အင်အားကောင်းသော အဆိုပါတိုင်ဖွန်းမုန်တိုင်းသည် စက်တင်ဘာ ၅ ရက်ညပိုင်းက နိုင်ငံတောင်ပိုင်းရှိ ဂျယ်ဂျူကျွန်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ဘူဆန်ဆိပ်ကမ်းမြို့အနီးတွင် မြေပြိုမှုဖြစ်ပွားခဲ့သည်။ ဘူဆန်မြို့သည် မိုးသည်းထန်ပြီး လှိုင်းကြီးသည့်ဒဏ်ကို ကြုံတွေ့ခဲ့ရသည်။

စက်တင်ဘာ ၆ ရက် အစောပိုင်းက နိုင်ငံအရှေ့ပိုင်း ပိုဟန်ဆိပ်ကမ်းမြို့တွင် အသက် ၇၀ ကျော်အရွယ် အသက်ကြီးပိုင်းအမျိုးသမီး တစ်ဦး ရေစီးနှင့်မျောပါသွားခဲ့ပြီး အသက်ဆုံးရှုံးခဲ့သည်ဟု သဘာဝဘေးအန္တရာယ်နှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ တန်ပြန်စီမံဆောင်ရွက်ရေးဗဟိုဌာနက ထုတ်ပြန်ခဲ့သည်။

သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာနိုင်ပြီး စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းအထိ လူကိုးဦးထက်မနည်း ပျောက်ဆုံးနေကာ ၎င်းတို့အနက်မှ ခုနစ်ဦးမှာ ပိုဟန်မြို့ရှိ မြေအောက်ကားပါကင် ရေဖုံးလွှမ်းခံရမှုတွင် ပါဝင်သွားသူများဖြစ်ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းရှိ အိမ်ထောင်စုပေါင်း ၆၀၀၀၀ ကျော်သည် တိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် ဓာတ်အားပြတ်တောက်မှုနှင့် ကြုံတွေ့နေရသည်။ ကြိုတင်ကာကွယ်သည့်အနေဖြင့် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်း ၆၀၀ ကျော်ကို ပိတ်ထားပြီး ပြည်တွင်းလေကြောင်း ခရီးစဉ် ၂၅၀ ခန့်ကို ဖျက်သိမ်းခဲ့သော်လည်း အဆိုပါတိုင်ဖွန်းမုန်တိုင်း ဂျပန်နိုင်ငံဆီသို့ ဦးတည်သွားချိန်တွင် လေကြောင်းခရီးစဉ်များကို ဖြည်းဖြည်းချင်း ပြန်လည်ပြေးဆွဲခဲ့သည်။

မြောက်ကိုရီးယားတွင်လည်း မုန်တိုင်းဒဏ်ကို ရင်ဆိုင်နေရပြီး ခေါင်းဆောင်ကင်ဂျုံအွန်က နိုင်ငံ၏ သဘာဝဘေးအန္တရာယ်အတွက် အသင့်ရှိနေမှုအခြေအနေကို ဆန်းစစ်အကဲဖြတ်ရန်အတွက် ပြုံယမ်းမြို့တွင် အစည်းအဝေးတစ်ရပ်ကို ဦးဆောင်ကျင်းပခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

နိုင်ငံ၏ သဘာဝဘေးအန္တရာယ် တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ခြင်းသည် အလွန်အရေးပါပြီး ပြည်သူများ၏ အသက်အိုးအိမ်နှင့် ဘေးကင်းလုံခြုံမှုထက် မည်သည့်အရာကမှ အရေးမကြီးကြောင်း ကင်က ပြောကြားခဲ့သည်ဟု KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားတွင် သစ်တောပြုန်းတီးခြင်းနှင့် ဆည်မြောင်းစနစ်အားနည်းခြင်းတို့ကြောင့် မိုးသည်းထန်မှုနှင့် ရေကြီးရေလျှံမှုဒဏ်ကို ခံနိုင်စွမ်းမရှိကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက တိုင်ဖွန်းမုန်တိုင်းသည် ဂျပန်ပင်လယ်ကို ဖြတ်ကျော်ခဲ့ပြီး ဆုရှိမကျွန်းနှင့် ကီလိုမီတာ ၁၀၀ ခန့်အကွာတွင် တည်ရှိနေကြောင်း ဂျပန်မိုးလေဝသဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါတိုင်ဖွန်းမုန်တိုင်းသည် တစ်နာရီလျှင် ၄၅ ကီလိုမီတာနှုန်းဖြင့် အရှေ့မြောက်ဘက်သို့ ရွေ့လျားနေပြီး လေပြင်းတိုက်ခတ်မှုနှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၁၈၀ အထိရှိကာ ဂျပန်အနောက်ပိုင်းတွင် မိုးသည်းထန်ဖွယ်ရှိပြီး နိုင်ငံအနောက်တောင်ပိုင်း ကျူရှုကျွန်းတွင် အိမ်ခြေ ၃၅၀၀၀ ကျော် ဓာတ်အားပြတ်တောက်နေသည်ဟု ကျူရှုလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဋ္ဌာနက ထုတ်ပြန်ထားသည်။ လေပြင်းတိုက်မှုနှင့် မိုးရွာသွန်းမှုကြောင့် ကျည်ဆန်ရထား ပြေးဆွဲမှုအချို့ကိုလည်း ရပ်ဆိုင်းထားသည်။                   

 

 

Most Read

Most Recent