တရုတ်နိုင်ငံ ချန်ဒူးမြို့တွင် COVID-19 ကူးစက်မှုဖြစ်စဉ်များကြောင့် Lockdown ချမှတ်

တရုတ်နိုင်ငံ ချန်ဒူးမြို့တွင် COVID-19 ကူးစက်မှုဖြစ်စဉ်များကြောင့် Lockdown ချမှတ်
စက်တင်ဘာ ၁ ရက်က တရုတ်နိုင်ငံ ချန်ဒူးမြို့ရှိ လမ်းတစ်နေရာတွင် ရဲအရာရှိများက လမ်းသွားလမ်းလာများကို စစ်ဆေးနေစဉ် (Photo-AFP)
စက်တင်ဘာ ၁ ရက်က တရုတ်နိုင်ငံ ချန်ဒူးမြို့ရှိ လမ်းတစ်နေရာတွင် ရဲအရာရှိများက လမ်းသွားလမ်းလာများကို စစ်ဆေးနေစဉ် (Photo-AFP)
Published 5 September 2022
   Ref:AFP

တရုတ်နိုင်ငံရှိ ဒေသခံ ၂၁ သန်းနီးပါးရှိသော ချန်ဒူးမြို့တွင် အာဏာပိုင်များက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ်များကို နှိမ်နင်းနိုင်ရန် ကြိုးပမ်းနေချိန်တွင် စက်တင်ဘာ ၁ ရက်က ထိရောက်သော Lockdown တစ်ရပ် ချမှတ်ခဲ့သည်ဟု သိရသည်။

တရုတ်သည် ကိုဗစ်ကင်းစင်ရေးမဟာဗျူဟာကို တစ်စိုက်မတ်မတ်ကျင့်သုံးကာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုမှန်သမျှကို အမြစ်ဖြတ်ထိန်းချုပ်ရန်အတွက် ရုတ်တရက်လော့ဒေါင်းချခြင်း၊ လူအများအပြားကို ဆေးစစ်ခြင်းနှင့် အချိန်ကြာမြင့်စွာ ကွာရန်တင်းထားရှိသည့် နည်းလမ်းများကို ကျင့်သုံးလျက်ရှိသည်။

နိုင်ငံအနောက်တောင်ပိုင်း ချန်ဒူးမြို့သည် Lockdown ချမှတ်ကြောင်းကြေညာခဲ့သည့် နောက်ဆုံးမြို့တစ်မြို့ဖြစ်လာခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလှိုင်းအသစ်ကိုတိုက်ဖျက်ရန် ဒေသခံများအနေဖြင့် စက်တင်ဘာ ၁ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီမှစ၍ စည်းမျဉ်းအတိုင်းနေအိမ်အတွင်း၌သာ နေထိုင်ရမည်ဟု တရားဝင်ထုတ်ပြန်ခဲ့သည်။

အိမ်ထောင်စုတစ်စုချင်းစီအနေဖြင့် တစ်ရက်လျှင် စားသောက်ကုန်များနှင့်မရှိမဖြစ်လိုအပ်သော ပစ္စည်းများဝယ်ယူရန်လူတစ်ဦးသာ ထွက်ရှိခွင့်ရမည်ဖြစ်ပြီး ၎င်းတို့သည်လည်း ယခင် ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိကြောင်း စစ်ဆေးထားသူများဖြစ်ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသခံများအားလုံးအနေဖြင့် စက်တင်ဘာ ၁ ရက်မှ ၄ ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ၊မရှိ စစ်ဆေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး မဖြစ်မနေသွားလာရန်မလိုအပ်လျှင် မြို့တွင်းမှ ထွက်ခွာခြင်းမပြုကြရန်လည်း တိုက်တွန်းထားသည်။

“လက်ရှိကူးစက်ရောဂါထိန်းချုပ်တဲ့အခြေအနေဟာ ပုံမှန်မဟုတ်ဘဲ ရှုပ်ထွေးပြီး စိတ်ပျက်ဖွယ်ကောင်းပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားပြီး ယင်းစည်းမျဉ်းများသည် ကူးစက်ရောဂါပျံ့နှံ့မှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန်နှင့် ဒေသခံများအားလုံး၏ ကျန်းမာရေးအတွက် အာမခံချက်ရှိရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချန်ဒူးမြို့တွင် စက်တင်ဘာ ၁ ရက်က နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁၅၇ ဦးစံချိန်တင်ရှိခဲ့ပြီး ယင်းတို့ထဲမှ ၅၁ ဦးသည် ရောဂါလက္ခဏာပြသခြင်းမရှိကြောင်း ချန်ဒူးအစိုးရက သီးခြားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဆွီဒင်ကားထုတ်လုပ်ရေးကုမ္ပဏီ Volvo က lockdown ချမှတ်မှုကြောင့် ဝန်ထမ်း ၃၀၀၀ နီးပါး အလုပ်လုပ်ကိုင်နေသော ၎င်း၏ချန်ဒူးစက်ရုံကို ယာယီပိတ်ထားခဲ့ရသည်ဟု ပြောကြားခဲ့သည်။

စျေးဝယ်စင်တာများရှိ ပစ္စည်းတင်စင်များပေါ်တွင် အစားအစာများ ကုန်နေသည့် ဓာတ်ပုံများနှင့် ကုန်ပစ္စည်းများ အလုအယက်ဝယ်ယူနေကြသော ချန်ဒူးဒေသခံများ၏ဓာတ်ပုံများ လူမှုမီဒီယာတွင် ပျံ့နှံ့လာခဲ့သည်။

ကပ်ရောဂါသည် စာသင်ကျောင်းများ ဖွင့်လှစ်မှုကို ထိန်းချုပ်ထားပြီးအွန်လိုင်းမှ စာသင်ကြားမှုစနစ်သို့ ပြောင်းလဲစေသောကြောင့် တရုတ်နိုင်ငံတစ်ဝန်းရှိ မြို့ ၁၀ မြို့နှင့် ပြည်နယ်များရှိ ကလေးများသည် ၎င်းတို့၏ပညာသင်နှစ်အစများတွင် အနှောင့်အယှက်များဖြင့် ရင်ဆိုင်နေရကြောင်း နိုင်ငံပိုင်မီဒီယာ၌ ဖော်ပြထားသည်။                        

 

Most Read

Most Recent