ဖိလစ်ပိုင်သမ္မတဖြစ်လာပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာသည် စက်တင်ဘာ ၅ ရက်က အင်ဒိုနီးရှားသို့ နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် တွေ့ဆုံခဲ့သည်။
အဆိုပါခရီးစဉ်သည် အိမ်နီးချင်းနှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်အတွက် အဓိကရည်ရွယ်ကြောင်း သိရသည်။
လွန်ခဲ့သည့် ၃၆ နှစ်က လူထုအုံကြွမှုအတွင်း ဖြုတ်ချခံခဲ့ရသည့် ကွယ်လွန်သူအာဏာရှင်သမ္မတဟောင်း ဖာဒီနန်မားကို့စ်၏ သားဖြစ်သူ ဖာဒီနန်မားကို့စ်ဂျူနီယာသည် ယခုနှစ်မေလတွင် ပြုလုပ်ခဲ့သည့် ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ပြည်ပသို့တရားဝင်ခရီးစဉ်အဖြစ် ပထမဆုံးအကြိမ် သွားရောက်ခဲ့ခြင်းဖြစ်သည်။
လူထုအုံကြွမှုအတွင်း ဖခင်ဖြစ်သူရာထူးမှ ဖြုတ်ချခံရပြီး မိသားစုလိုက် ပြည်ပသို့ တိမ်းရှောင်ခဲ့ရပြီးနောက် နှစ်ပေါင်း ၃၆ နှစ်အကြာတွင် ဖာဒီနန်မားကို့စ်ဂျူနီယာသည် အပယ်ခံဘဝမှ အမြင့်ဆုံးနိုင်ငံရေးအာဏာကို လက်ဝယ်ပိုင်ဆိုင်သူအဖြစ် တက်လှမ်းနိုင်ရေးမျှော်မှန်းချက်ကို အပြည့်အဝဖော်ဆောင်နိုင်ခဲ့သည်။ မားကို့စ် ဂျူနီယာသည် ဇွန် ၃၀ ရက်က ဖိလစ်ပိုင်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
စက်တင်ဘာ ၅ ရက်က ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားသမ္မတတို့ တွေ့ဆုံစဉ်အတွင်း ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ပင်လယ်ရေကြောင်း နယ်နိမိတ်ဆိုင်ရာ စီမံဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရန်နှင့် ပြန်လည်ဆန်းစစ်မှုများ လုပ်ဆောင်သွားရန် သဘောတူညီခဲ့သည်။
နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုသည် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းနီးပါး တိုးလာခဲ့ကြောင်း သမ္မတဝီဒိုဒိုက ပြောကြားခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး ပိုမိုဖြစ်ထွန်းစေရေးနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပြန်လည်ဖော်ဆောင်ရေးအတွက်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့သည် အာဆီယံအဖွဲ့ကြီးမှတစ်ဆင့် ဒေသတွင်းတည် ငြိမ်ရေးကို ထိန်းသိမ်းသွားရန် ကတိကဝတ်ပြုကြောင်းလည်း ဘိုဂေါမြို့ရှိ အင်ဒိုနီးရှားသမ္မတအိမ်တော်၌ သမ္မတဝီဒိုဒိုနှင့်အတူရှိနေစဉ် မားကို့စ်က ပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့ကို စစ်သွေးကြွများက ထိန်းချုပ်ထားခဲ့သည့်ဖြစ်စဉ်တွင် အင်ဒိုနီးရှားတိုက်ခိုက်ရေးသမားများ ပါဝင်ပတ်သက်နေခြင်းနှင့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့တွင် အသေခံဗုံးခွဲ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းတို့သည် ဒေသတွင်းရှိ အစွန်းရောက်များအကြား ဆက်နွှယ်မှုရှိကြောင်းကို ပြသနေသည်ဟု အကဲခတ်များက ဆိုသည်။ သမ္မတမားကို့စ်၏ ခရီးစဉ်သည် အင်ဒိုနီးရှားက မူးယစ်ကုန်ကူးမှုဖြင့် သေဒဏ်ချမှတ်ထားသည့် ဖိလစ်ပိုင်နိုင်ငံသူ မယ်ရီဂျိန်းဗယ်လိုဆို၏ ပြစ်မှုနှင့်ပတ်သက်၍ သမ္မတဝီဒိုဒိုကို ဖျောင်းဖျရန် အခွင့်အလမ်းတစ်ခုဖြစ်လာမည်ဟု စက်တင်ဘာ ၅ ရက်နေ့ထုတ် Jarkata Post သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် ဖော်ပြသည်။ မားကို့စ်သည် စက်တင်ဘာ ၆ ရက်တွင် စင်ကာပူသို့ သွားရောက်မည်ဖြစ်သည်။














