တိုင်ဖွန်းမုန်တိုင်း Hinnamnor သည် စက်တင်ဘာ ၅ ရက်က တောင်ကိုရီးယားနိုင်ငံနှင့် နီးကပ်လာသည့်အတွက် စီးပွားရေးလုပ်ငန်း လည်ပတ်မှုအချို့ကို ရပ်ဆိုင်းထားရပြီး စာသင်ကျောင်းများကို ပိတ်ထားကာ တိုင်ဖွန်းမုန်တိုင်းအန္တရာယ် သတိပေးချက်အဆင့်ကိုလည်း အမြင့်ဆုံးသို့ တိုးမြှင့်ထားကြောင်း သိရသည်။
တိုင်ဖွန်းမုန်တိုင်းသည် တစ်နာရီလျှင် ၂၄ ကီလိုမီတာ အရှိန်နှုန်းဖြင့် မြောက်ဘက်သို့ ဦးတည်ရွေ့လျားနေကာ တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်မှုနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါတိုင်ဖွန်းမုန်တိုင်းသည် စက်တင်ဘာ ၅ ရက် နှောင်းပိုင်းတွင် ဂျယ်ဂျူကျွန်းနှင့် မလှမ်းမကမ်းရှိ ပင်လယ်ပြင်ဆီသို့ ရောက်ရှိခဲ့ပြီးနောက် စက်တင်ဘာ ၆ ရက်အစောပိုင်းတွင် ဘူဆန်ဆိပ်ကမ်းမြို့ အနောက်တောင်ပိုင်း၌ မြေပြိုမှုဖြစ်ပွားစေဖွယ်ရှိကြောင်း မိုးလေဝသဋ္ဌာနက ခန့်မှန်းထားသည်။
သမ္မတယွန်းဆက်ယိုကမူ အရေးပေါ်အခြေအနေအတွက် အသင့်ပြင်ဆင်ထားကြောင်း စက်တင်ဘာ ၅ ရက် တွင် ပြောကြားခဲ့သည်။ အလွန်အားကောင်းသော တိုင်ဖွန်းမုန်တိုင်းအဖြစ် သတ်မှတ်ထားသည့် အဆိုပါမုန်တိုင်းဒဏ်ကြောင့် အပျက်အစီးပမာဏကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ရေးအတွက် အစွမ်းကုန်လုပ်ဆောင်သွားရန်လည်း သမ္မတယွန်းက ဒေသန္တရအာဏာပိုင်များကို ညွှန်ကြားထားသည်။
“တိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် စက်တင်ဘာ ၆ ရက်အထိ တစ်နိုင်ငံလုံးမှာ အလွန်ပြင်းထန်တဲ့ လေပြင်းတိုက်ခတ်မှုနဲ့ မိုးသည်းထန်မှု ဖြစ်ပွားနိုင်ပြီး ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ မြင့်မားတဲ့ လှိုင်းရိုက်ခတ်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်” ဟု ကိုရီးယားမိုးလေဝသဌာန (KMA) က ထုတ်ပြန်ထားသည်။
တိုင်ဖွန်းမုန်တိုင်း Himmamnor သည် အရှေ့မြောက်ဘက်သို့ ဦးတည်ကာ ဂျပန်နိုင်ငံ ဆပ်ပိုရိုမြို့သို့ ရွေ့လျားဖွယ်ရှိကြောင်းလည်း KMA က ခန့်မှန်းထားသည်။
တောင်ကိုရီးယားတွင် တိုင်ဖွန်းမုန်တိုင်းအမျိုးအစားကို သာမန်၊ အားကောင်းသော၊ အလွန်အားကောင်းသောနှင့် အလွန့်အလွန်အားကောင်းသော အဆင့်တို့အဖြစ် အဆင့်လေးဆင့် ခွဲခြားသတ်မှတ်လေ့ရှိပြီး လက်ရှိတိုင်ဖွန်းမုန်တိုင်းကိုမူ အလွန်အားကောင်းသောအဆင့်အဖြစ် သတ်မှတ်ထားသည်။
ဂွမ်ဂျူ၊ ဘူဆန်၊ ဒယ်ဂူးနှင့် အူဆန်အပါအဝင် နိုင်ငံတောင်ပိုင်းရှိ မြို့ကြီးများတွင် မုန်တိုင်းအန္တရာယ် သတိပေးချက်များ ထုတ်ပြန်ထားကာ ဂျယ်ဂျူကျွန်းတွင်လည်း သတိပေးချက်များ ထုတ်ပြန်ထားသည်။ သဘာဝဘေးအန္တရာယ်နှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ တန်ပြန်စီမံဆောင်ရွက်ရေး ဗဟိုဌာနက ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တိုင်ဖွန်းမုန်တိုင်းအန္တရာယ် သတိပေးချက်ကို အမြင့်ဆုံးအဆင့်သို့ တိုးမြှင့်ထားသည်။
ဘူဆန်မြို့နှင့် အနီးဝန်းကျင်ဒေသများတွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်အထိ မိုးရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင်လည်း နိုင်ငံ၏နေရာအများအပြားတွင် ပိုမိုရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားသည်။ လက်ရှိအချိန်အထိ လူအသေအပျောက် မရှိသေးကြောင်း သိရပြီး လူ ၁၀၀ ကျော်ကို ရွှေ့ပြောင်းကယ်ဆယ်ပေးခဲကာ ရေကြီးရေလျှံမှုများကြောင့် အဆောက်အအုံ ၁၁ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။ Korean Air လေကြောင်းလိုင်းနှင့် Asiana လေကြောင်းလိုင်းတို့သည် စက်တင်ဘာ ၅ ရက်၌ ဂျယဂျူကျွန်းသို့ပြေးဆွဲမည့် လေယာဉ်ခရီးစဉ် အများစုကို ဖျက်သိမ်းခဲ့ပြီး Air Seoul နှင့် Jin Air လေကြောင်းတို့သည်လည်း ခရီးစဉ်အချို့ကို ဖျက်သိမ်းခဲ့သည်။














