ဟားခါးမြို့အနီးတွင် အိမ်စီးမော်တော်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ

ဟားခါးမြို့အနီးတွင် အိမ်စီးမော်တော်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ
Published 15 August 2022

ချင်းပြည်နယ် ဟားခါးမြို့အနီးတွင် အိမ်စီးမော်တော်ယာဉ်တစ်စီး သြဂုတ် ၁၂ ရက်က လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဟားခါးမြို့ပြည်သူ့ဆေးရုံသို့လက် နက်ငယ်ကျည်ထိမှန်ဒဏ်ရာများဖြင့် လူနာများရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စိစစ်ခဲ့ရာ ဟားခါးမြို့ စျေးသစ်ရပ်ကွက်နေ ဦးကောလျန်သည် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ရှန်းနမ်ကျဲရ်နှင့် ညီဖြစ်သူ ဦးကပ်ထန်ဟရဲတို့ လိုက်ပါ၍ ဟားခါးမြို့မှ Landcruiser အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 2B/------- ဖြင့် ရန်ကုန်မြို့သို့ သွားရောက်စဉ် သြဂုတ် ၂ ရက် နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် ဟားခါးမြို့၏အထွက်လေးမိုင်ခန့်အကွာသို့အရောက်၌ CDF များ မော်တော်ယာဉ်အား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေါ်ရှန်းနမ်ကျဲရ်မှာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့ပြီး ဦးကောလျန်နှင့် ဦးကပ်ထန်ဟရဲတို့ နှစ်ဦးတွင် လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent