ဘန်ကောက်တွင် ဆေးကုသမှုခံယူနေသည့် မိုင်းဖုန်းဆရာတော်၏ ကျန်းမာရေး ရာခိုင်နှုန်း ၈၀ ခန့်ပြန်လည် ကောင်းမွန်လာကြောင်း တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ(စဝ်ဆုခမ်း) က ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
မိုင်းဖုန်းဆရာတော်မှာ ထိုင်းနိုင်ငံ Bangkok Hospital Internation Building တွင် တက်ရောက်ကုသ နေခြင်းဖြစ်ပြီး မိုင်းဖုန်းဆရာတော်အား ဖူးတွေ့ရန် ဆေးရုံတာဝန်ခံများနှင့် နန်းတွင်းလုံခြုံရေးမှ အထူးတားမြစ် ထားသည်ဟု ဆရာတော်က ရေးသားထားသည်။
“မိုင်းဖုန်းဆရာတော်ကျန်းမာရေး ရာခိုင်နှုန်း ၈၀ ကောင်းမွန်လာပါပြီ။ Bangkok Hospital Internation Building တွင် ဆေးကုသခံနေသော မိုင်းဖုန်းဆရာတော်ဘုရားအား ဖူးတွေ့ရန်အတွက် ဆေးရုံတာဝန်ခံများနှင့် နန်းတွင်းလုံခြုံရေးမှ အထူးတားမြစ်ထားပါတယ်။ ဖူးတွေ့ခွင့်မပေးသေးပါ”ဟု ဆရာတော်က ရေးသားထား သည်။
သို့သော် ဆေးရုံတွင် မိုင်းဖုန်းဆရာတော်အတွက် ဆုတောင်းမေတ္တာပို့နိုင်ရန် သီးသန့်နေရာစီစဉ် ထားပေးပြီး မှတ်တမ်းစာအုပ်ပေါ်တွင် မည်သူမဆို ဆုတောင်းမေတ္တာစာများ သွားရောက်ရေးသား မေတ္တာပို့နိုင်ပါကြောင်း၊ သွားရောက်ရာတွင် နှာခေါင်းစည်းတပ်ဆင်ရမည်ဖြစ်ကြောင်း တောင်တန်းသာသနာပြု ဆရာတော် ဦးသုခမိန္ဒ(စဝ်ဆုခမ်း) က ဆက်လက်ရေးသားထားသည်။
သြဂုတ် ၁၅ ရက် မွန်းလွဲပိုင်းတွင် ဆေးရုံတက်ရောက်ကုသနေသည့် မိုင်းဖုန်းဆရာတော်က ဆေးရုံပေါ် မှနေပြီး ရှမ်းဘာသာ၊ ထိုင်းဘာသာ၊ လိဘာသာ သုံးမျိုးဖြင့် ဆုတောင်းမေတ္တာပို့သခဲ့ကြောင်း ရုပ်သံကို ထုတ်လွှင့်ခဲ့သည်။
ဗန်ကောက်ဆေးရုံတွင် တက်ရောက်ကုသနေသည့် မိုင်းဖုန်းဆရာတော်ကို ထိုင်းဘုရင်က ကျန်းမာရေး စောင့်ရှောက်မှု ကုန်ကျစရိတ်အားလုံးကို တာဝန်ယူကျခံလှူဒါန်းခဲ့ခြင်းဖြစ်သည်။
မိုင်းဖုန်းဆရာတော် အရညဝါသီ အရှင်ဉာဏသံဝရသည် သက်တော် (၅၇) နှစ်၊ ဝါတော် (၃၇) ဝါရှိပြီး ကျန်းမာရေးစစ်ဆေးရန် ဩဂုတ် ၁၀ ရက် ညနေပိုင်းတွင် ဘန်ကောက်မြို့သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
ထိုင်းမီဒီယာများ ဖော်ပြချက်အရ မိုင်းဖုန်းဆရာတော်သည် ဦးနှောက်ငှက်ဖျားပိုးဝင်ဟု ဖော်ပြထားပြီး၊ ဂူတွင်း ထပ်မံဝင်ရောက်လျှင် ရောဂါထပ်မံဖြစ်ပွားတတ်ကြောင်း ဖော်ပြထားသည်။
မိုင်းဖုန်းဆရာတော် အရညဝါသီ အရှင်ဉာဏသံဝရသည် မိုင်းဆတ်မြို့နယ် မိုင်းကျတ်ဂူတွင် သုံးနှစ် သုံးလ သုံးရက် အဓိဌာန်ဝင် ဂူအောင်းတရားဘာဝနာ ကျင့်ကြံခဲ့ပြီးနောက် ဩဂုတ် ၁ ရက်တွင် မိုင်းကျတ်ဂူမှ ထွက်လာပြီး၊ ဒကာ ဒကာမများအား သုံးရက် သုံးညတိုင်တိုင် တရားဟောကြားခဲ့ခြင်းဖြစ်သည်။ ထိုမှ ဩဂုတ် ၄ ရက် ညနေပိုင်းတွင် မိုင်းကျတ်ဂူမှ မိုင်းဆတ်မြို့သို့ ရောက်ရှိခဲ့ပြီး ဩဂုတ် ၅ ရက်တွင် မိုင်းတုံမြို့ ကမ္မဌာန်း ကျောင်းဝင်းအတွင်းရှိ စေတီတော် ထီးတင်ခြင်း တရားဟောကြားခဲ့ကာ ညနေပိုင်းတွင် မိုင်းတုံမြို့နယ် မိုင်းဟန်အုပ်စုရှိ သဗ္ဗေညုမင်္ဂလာစုမ့်မိန့် စေတီတော်အား ထီးတော်တင်ခဲ့သည်။
ဩဂုတ် ၇ ရက်တွင် နားကောင်းမူးမှတဆင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုင်းပန်၊ လင်းခေး၊ မိုးနဲသို့ ရောက်ရှိကာ ထိုနေ့ညတွင် ကျိုင်းတောင်းမြို့ ရေတံခွန်ရှိ ကျောင်းတွင် အနားယူခဲ့သည်။ ဩဂုတ် ၈ ရက်နံနက်ပိုင်းတွင် ကျိုင်းတောင်းမှ နမ့်စန်မြို့၊ (ပန်လျှန်းဆိုင်)သို့ ထွက်လာခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် ဆရာတော်မှာ ကျန်းမာရေး အားနည်းလာသဖြင့် နမ့်စန်မြို့၊ ပန်လျှန်းဆိုင်မှ မိုင်းဖုန်းသို့ ပြန်ကြွခဲ့ခြင်းဖြစ်သည်။ ဆရာတော်သည် ဩဂုတ် ၆ ရက်မှစတင်၍ လင်းခေးခရီးစဉ်မှစ၍ တာချီလိတ်မြို့ မိုင်းဖုန်းအုပ်စုရှိ ဆီလွန်းလူကျောင်းတိုက်ရောက်သည့် အချိန်အထိ တရားနာပရိသတ်များအား လက်ဟန်ပြလက္ခဏာဖြင့်သာ တရားဟောကြားပေးခဲ့ရာ တောင်တန်းသာသနာပြု ဆရာတော်အရှင်သုခမိန္တ (စဝ်စုခမ်း)မှ ဘာသာပြန်ပြီး ဆက်လက်ဟောကြားပေးခြင်းဖြစ်သည်။
ဝါဆိုလပြည့်နေ့တွင် မိုင်းဖုန်းဆရာတော်သည် မိုင်းဖုန်းကျောင်းတိုင်တွင် ဝါဝင်ခဲ့ခြင်းဖြစ်ပြီး ဂူတွင်းနေထိုင်ခဲ့ခြင်းနှင့် ခရီးပင်ပန်းခြင်းတို့ကြောင့် ကျန်းမာရေးအားနည်းနေသဖြင့် ဆရာဝန်ဖြင့် ပြသဆေးကုသခဲ့ရာမှ ဩဂုတ် ၁၀ ရက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်ကုသမှုခံယူခဲ့ခြင်းဖြစ်သည်။















