ပုဒ်မ ၁၄၄ ကို သက်တမ်းတိုး ထုတ်ပြန်ခြင်းသာရှိပြီး ယခင်အချိန်တိုင်း ည ၁၂နာရီမှ နံနက် ၄ နာရီသာ သတ်မှတ်ထားကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပုဒ်မ ၁၄၄ ကို သက်တမ်းတိုး ထုတ်ပြန်ခြင်းသာရှိပြီး ယခင်အချိန်တိုင်း ည ၁၂နာရီမှ နံနက် ၄ နာရီသာ သတ်မှတ်ထားကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 28 July 2022

ပုဒ်မ ၁၄၄ ကို သက်တမ်းတိုး ထုတ်ပြန်ခြင်းသာရှိပြီး ယခင်အချိန်တိုင်း ည ၁၂ နာရီမှ နံနက် ၄ နာရီ သာ သတ်မှတ်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ညမထွက်ရအမိန့်များကို တိုးမြှင့်ထုတ်ပြန်သည်ဆိုသော သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ယခင်က ထုတ်ပြန်ထားသည့် အမိန့်များအပြင် ထပ်မံတိုးမြှင့် ထုတ်ပြန်ခြင်းများရှိပါသလားဆိုသည့် The Daily Eleven သတင်းစာ၏ ဆက်သွယ်မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“မရှိပါဘူး။ ကောလဟာလသတင်းတွေပါ။ ဖြစ်ရိုးဖြစ်စဉ်ကတော့ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ဟာတွေ ရှိတယ်။ ပုဒ်မ ၁၄၄ ဆိုတာ သူက သက်တမ်းနှစ်လရှိတယ်။ သက်တမ်း နှစ်လပြီးရင်တော့ ပြန်ပြီးတော့ ပြန်ထုတ်ရတာပေါ့။ ဒါတွေကတော့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ညမထွက်ရသည့်အချိန်များမှာလည်း ယခင်အတိုင်းသာ သတ်မှတ်ထားပြီး ပြောင်းလဲမှုမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။

“အော်တာလည်း မရှိဘူး။ အချိန်လည်း မပြောင်းလဲဘူး။ ယခင်အတိုင်းပဲ။ ည ၁၂ နာရီပေးထားတဲ့ အချိန်အတိုင်းပဲ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အရေးအခင်းကာလတွင် ဘူးသီးတောင်၊ မောင်တောဒေသ၌ လိုအပ်ချက်အရ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ဖူးသည့် ဖြစ်စဉ်များလည်းရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ယခင်တုန်းက ရခိုင်အရေးအခင်းမှာလည်း ဘူးသီးတောင်၊ မောင်တောဒေသမှာ ပုဒ်မ ၁၄၄ လိုအပ်လို့မလို့ ထုတ်ပြန်ထားတယ်ဆိုရင် ဒီ ပုဒ်မ ၁၄၄ ကို နှစ်လ တစ်ကြမ် ပြန်ပြီး ထုတ် ပြန်ရတာပဲ။ ကျွန်တော်တို့ ညမထွက်ရ အမိန့်တို့ ဘာတို့ တိုးမြှင့်တာတွေ ဘာတွေ မရှိပါဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

ရန်ကုန်မြို့ရှိ မြို့နယ်များကို ညမထွက်ရအချိန် တိုးမြှင့်သည်ဆိုသည့် သတင်းများမှာ လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိပြီး ညအချိန်ကို ၈ နာရီမှ နံနက် ၄ နာရီသို့ ပြောင်းလဲသတ်မှတ်သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

Most Read

Most Recent