သီလဝါရှိ ဆူဇူကီးစက်ရုံ ပိတ်သိမ်းခြင်းမရှိသေးဘဲ ပစ္စည်းတင်သွင်းရသည့်အခက်အခဲများကြောင့် လတ်တလောတွင် ကားထုတ်လုပ်မှု ယာယီရပ်ဆိုင်းထားရ

သီလဝါရှိ ဆူဇူကီးစက်ရုံ ပိတ်သိမ်းခြင်းမရှိသေးဘဲ ပစ္စည်းတင်သွင်းရသည့်အခက်အခဲများကြောင့် လတ်တလောတွင် ကားထုတ်လုပ်မှု ယာယီရပ်ဆိုင်းထားရ
Published 6 July 2022

သီလဝါရှိ ဆူဇူကီးစက်ရုံ လတ်တလောပိတ်သိမ်းခြင်းမရှိသေးဘဲ ပစ္စည်းတင်သွင်းရသည့်အခက်အခဲများကြောင့် လတ်တလောတွင် ကားထုတ်လုပ်မှု ယာယီရပ်ဆိုင်းထားရကြောင်း  SUZUKI (MYANMAR) MOTOR CO.,Ltd မှ Managing Officer ဦးမျိုးမင်းထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ဆူဇူကီးအမှတ်တံဆိပ်မော်တော်ယာဉ်များကို ရန်ကုန်တိုင်း သန်လျင်မြို့ရှိ သီလဝါစက်မှုဇုန်တွင် စက်ရုံတည်ထောင်ကာ မော်တော်ယာဉ်များကို ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

“စက်ရုံကတော့ အခုထိပိတ်တယ်လို့ မကြေညာသေးပါဘူး။ ထုတ်လုပ်မှုအပိုင်းမှာ ထုတ်စရာပစ္စည်းက မရှိသလောက်ဖြစ်နေတယ်။ ပစ္စည်းမရဘူးဆိုရင်တော့ ဆက်မထုတ်နိုင်တော့ဘူး” ဟု SUZUKI (MYANMAR) MOTOR CO.,Ltd မှ Managing Officer ဦးမျိုးမင်းထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

လက်ရှိတွင် မော်တော်ယာဉ်အပိုပစ္စည်းတင်သွင်းမှုများမှာ ဦးစားပေးအဆင့်တွင် ပါဝင်ခြင်းမရှိသဖြင့် ပစ္စည်းတင်သွင်းရာတွင် အခက်အခဲများရှိနေကြောင်း သိရသည်။

“တိုင်းပြည်ရဲ့မူဝါဒအရ ဆေးပစ္စည်းတို့ဘာတို့ကို ဦးစားပေးတာကိုး။ ကျွန်တော်တို့က ဦးစားပေးထဲမှာ မပါဘူးပေ့ါ” ဟု ဦးမျိုးမင်းထွန်းက ပြောကြားသည်။

အဆိုပါဆူဇူကီးစက်ရုံမှ မော်တော်ယာဉ်ထုတ်လုပ်မှု ယာယီရပ်ဆိုင်းခဲ့သည့်ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖြစ်ပွားခဲ့ပြီး ယင်းအချိန်က အင်တာနက်လိုင်းများ ခေတ္တချို့ယွင်းမှုကြောင့် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းများ ရပ်ဆိုင်းထားခြင်းကြောင့် ထုတ်လုပ်ပြီးကားအစီးရေ ၂၁၀၀ ကျော် ကျန်ရှိနေသဖြင့် သီလဝါနှင့် တောင်ဒဂုံစက်မှုဇုန်များရှိ SUZUKI မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများ ယာယီရပ်နားထားခဲ့သည်။

ယခင်က ဆူဇူကီးမှ တစ်ရက်လျှင် မော်တော်ကား ၄၈ စီး တပ်ဆင်ထုတ်လုပ်လျက်ရှိပြီး ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံစျေးကွက်တွင် မော်တော်ယာဉ်အစီးရေ ၁၁၆၉၁ စီး ထုတ်လုပ်ရောင်းချခဲ့ကာ ၂၀၁၉ သြဂုတ်လကုန်ထိ မော်တော်ယာဉ်စီးရေ ၁၀၄၂၈ စီး ထုတ်လုပ်ရောင်းချခဲ့ပြီးဖြစ်သည်။

SUZUKI Thilawa Motor Co.,Ltd ၏ မော်တော်ကားတပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းသည် ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံခြင်းဖြစ်ကာ လက်ရှိတွင်စုစုပေါင်းလုပ်သားအင်အား ၃၀၀ ကျော်၊ ရင်းနှီးမြုပ်နှံမှုအမေရိကန်ဒေါ်လာ ၃၅ သန်းရှိကြောင်း သိရသည်။

SUZUKI (MYANMAR) MOTOR CO.,Ltd မှ ထုတ်လုပ်သည့် မော်တော်ယာဉ်များမှာ ERTIGA, SWIFT, CIAZ နှင့် CARRY TRUCK အမျိုးအစားများဖြစ်သည်။

Most Read

Most Recent