ရုရှား-ယူကရိန်းပဋိပက္ခအတွင်း ပြောင်းလဲလာသည့်အခြေအနေများ

ရုရှား-ယူကရိန်းပဋိပက္ခအတွင်း ပြောင်းလဲလာသည့်အခြေအနေများ
 (Photo : AFP)
 (Photo : AFP)
Published 2 June 2022
ရာဇ

ရုရှားနှင့်ယူကရိန်းအကြား ဖြစ်ပွားနေသည့် စစ်ပွဲသည် သုံးလကျော်ပြီး လေးလထဲသို့ပင် ချဉ်းနင်းဝင်ရောက်လာခဲ့သည်။ မြေပြင်အခြေအနေတွင်မူ ရှေ့ဆက်ဖြစ်ပွားလာ မည့်အလားအလာသည် တစ်စထက်တစ်စ အားကုန်ယုတ်လျော့လာမည့် ရှည်လျားသော စစ်ပွဲဆီသို့ ဦးတည်နေသည်။

ယူကရိန်းကို မြောက်ဘက်၊ အရှေ့ဘက်နှင့် တောင်ဘက်များမှ ဝင်ရောက်ပြီး ဘက် ပေါင်းစုံမှတိုက်ခိုက်မည့် ရုရှား၏ ကနဦးအစီအစဉ်မှာ အောင်မြင်ခဲ့ခြင်းမရှိပေ။ အဘယ် ကြောင့်ဆိုသော် ပြည့်စုံလုံလောက်မှုမရှိသည့် စစ်ဆင်ရေးနှင့် ရုရှားတို့ မမျှော်လင့်ခဲ့သည့် ယူကရိန်း၏ ခိုင်မာပြင်းထန်သည့် ခံစစ်ကြောင့် ဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် ရုရှားသည် အစီအစဉ်ကိုပြောင်းလဲခဲ့ပြီး ယူကရိန်းအရှေ့ဘက် ဒွန်းဘက်စ်ဒေသကို အလုံးစုံထိန်းချုပ်နိုင်ရေးအတွက် အာရုံစိုက်ခဲ့ကာ ယခင်က ၎င်းတို့ သိမ်းပိုက်ခဲ့သည့် ခရိုင်းမီးယားဒေသနှင့် တစ်စုတစ်စည်းတည်းဖြစ်စေရန် မြေပြင်စင်္ကြံန် တစ်ခု ဖောက်လုပ်နေခြင်းဖြစ်သည်။ ယင်းအစီအစဉ်မှာလည်း ထင်ထားသလောက် မြန်ဆန်မှုမရှိဘဲ တိုးတက်မှုမှာလည်း နှေးကွေးနေဆဲဖြစ်သည်။

စစ်ရေးအခြေအနေမှာ အပြောင်းအလဲ ပြုလုပ်နိုင်သည့် အသွင်ဆောင်သော်လည်း နိုင်ငံရေးအရ ကြည့်မည်ဆိုလျှင် ယင်းအခြေအနေသည် မတိုးသာ မဆုတ်သာ အနေအထားသို့ ရောက်ရှိနေသည်။ အနောက်နိုင်ငံများ၏ စစ်ရေးအထောက်အပံ့များသည် ယူကရိန်းစစ်တပ်၏ စွမ်းဆောင်ရည်ကို ပိုမိုမြင့် တက်စေသည်ဆိုသည့်အချက်ကို သံသယရှိ စရာမလိုပေ။

ယူကရိန်းဘက်တွင် အနောက်နိုင်ငံများထံမှ စစ်ရေးအကူအညီအများအပြား ရရှိနေချိန်တွင် ရုရှားဘက်မှာမူ စစ်သားသေဆုံးမှုများနှင့် စစ်လက်နက်ပစ္စည်း ထိခိုက်ဆုံးရှုံးမှုများသာ ရှိနေသည်။ သို့သော်လည်း လက်ရှိအချိန်အထိ ယူကရိန်းရော ရုရှားပါ တစ်ဖက်နှင့်တစ်ဖက် သိသာထင်ရှားစွာ အသာစီးမရသေးဘဲ အောင်ပွဲကြေညာရန် အလှမ်းဝေးနေဆဲဖြစ်သည်။

စစ်ရေးအရသာ မတိုးသာ၊ မဆုတ်သာ အခြေအနေကို ရောက်ရှိနေသည်မဟုတ်ဘဲ စစ်ပွဲအဆုံးသတ်ရေးအတွက် နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းသည့်အခြေအနေမှာလည်း သောင်မတင်၊ ရေမကျ အနေအထားတွင် ရှိနေသည်။

အောင်ပွဲရရှိသည့်အခြေအနေကို ရုရှားတို့က မည်သည့်စံနှုန်းဖြင့် ပိုင်းခြားသတ်မှတ်ထားသည်ကို ရှင်းလင်းစွာမသိရသော်လည်း ယူကရိန်းပဋိပက္ခအတွင်း ရုရှားရော ယူကရိန်းပါ ၎င်းတို့၏ ရည်မှန်းချက်များကို အခြေ အနေအလိုက် ပြောင်းလဲလာခဲ့ကြသည်ကို တွေ့ရသည်။

နှစ်နိုင်ငံအကြား မည်သည့်ပုံစံမျိုးဖြင့် ပြေငြိမ်းသည်ဖြစ်စေ၊ ယူကရိန်းအနေနှင့် ကြားနေရေးဝါဒကို ကျင့်သုံးမှသာ ယင်းပြေငြိမ်းမှုကို ရရှိနိုင်မည်ဖြစ်သည်။ ယင်းအချက်ကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး ကလည်း အကြွင်းမဲ့လက်ခံထားပြီး ၎င်းအနေဖြင့် ရုရှား၏ရည်မှန်းချက်ဖြစ်သည့် နေတိုး အဖွဲ့အတွင်း ယူကရိန်းမဝင်ရောက်ရေးဆို သည့်အချက်ကို လိုက်လျောရမည်ဖြစ်သည်။

သို့သော် အပြန်အလှန်အနေဖြင့် ယူကရိန်းသည် အနာဂတ်တွင် ရုရှား၏ကျူးကျော်မှုမျိုးနောက်ထပ် မဖြစ်ပွားစေရန် ဟန့်တားသည့်အနေဖြင့် ၎င်း၏ စစ်အင်အားကို တိုးမြှင့်တည်ဆောက်ရန် အနောက်နိုင်ငံများထံမှ အကူအညီများ ဆက်လက်ရယူပြီး လုံခြုံရေး အာမခံချက်များကို တောင်းဆိုမည်ဖြစ်သည်။သို့သော်လည်း လက်ရှိအချိန်အထိ နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုတွင် အဓိကကျနေသည့်အချက်မှာ နယ်မြေပိုင်နက်များ၏ အရေးကိစ္စဖြစ်သည်။

နိုင်ငံအရှေ့ပိုင်းတွင် ရုရှား၏ထိုးစစ်ဖြင့် အဖိခံနေရသော်လည်း ယူကရိန်း၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမှာ တစ်စထက်တစ်စ တိုးမြင့်နေသည်။ စစ်မြေပြင်မှ စွမ်းဆောင်ရည်များနှင့် စစ်တပ်၏ ခိုင်မာအားကောင်းလာသည့် လုပ်နိုင်စွမ်းတို့ကြောင့် ယုံကြည်မှုများ တိုးမြင့်လာသည့်နှင့်အညီ ရည်မှန်းချက်မှာလည်း ပိုမိုကြီးမားလာခဲ့သည်။

အစောပိုင်းက ယူကရိန်းသည် တစ်မျိုးသားလုံး အသက်ရှင်ရပ်တည်နိုင်ရေးအတွက် သာ အာရုံစိုက်ခဲ့သည်။ ထို့နောက် ရုရှားတို့ သိမ်းပိုက်ခဲ့သည့် နယ်မြေများကို  ပြန်လည် နာလန်ထူနေသည်။ လက်ရှိတွင်မူ ယူကရိန်းသည် ရုရှားတို့သိမ်းပိုက်ထားသည့် ၎င်း၏ နယ်မြေများကို ပြန်လည်ရယူရန်အထိ ရည်မှန်းချက်ကြီးလာခဲ့သည်။

ရုရှားကမူ စစ်ပွဲအချိန် သုံးလကျော်ကြာလာခဲ့ချိန်တွင် ၎င်းဘက်က အလျှော့ပေးရ မည့်ဆွေးနွေးပွဲများကို ငြင်းပယ်ခဲ့ပြီး ဒွန်းဘက်စ်ဒေသတွင် ၎င်း၏ စစ်အင်အားကို ပိုမိုတိုးမြှင့်ပြီး ထိုးစစ်ဆင်ခဲ့သည်။ ရုရှားသည် ပင်လယ်နက်ကမ်းရိုးတန်းမှ အိုဒက်ဆာမြို့ တစ်လျှောက် ယူကရိန်းအနောက်ဘက်ပိုင်း အထိ တွန်းအားပေး ဝင်ရောက်ရန် အပါအဝင် ၎င်း၏ရည်မှန်းချက်များကို ပိုမိုချဲ့ထွင်လာခဲ့သည်။

သို့သော် ယင်းရည်မှန်းချက်များနှင့် ၎င်း၏ စစ်မှုထမ်းအင်အားအကြား အချိုးမညီမျှမှုက ရုရှားအတွက် ပြဿနာတစ်ခုဖြစ်နေသည်။ ယင်းပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ စစ်မှုထမ်းအင်အားအတွက် အစိတ်အပိုင်းအလိုက် စစ်စည်းရုံးရေးဖြစ်သည်။

သို့သော်လည်း ယင်းသို့လုပ်ဆောင်ပြီး ရည်မှန်းချက်များကို အောင်မြင်စွာအကောင် အထည်ဖော်နိုင်ခြင်းမရှိပါက ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် နိုင်ငံရေးအရ အန္တ ရာယ်များသည့်အခြေအနေကို ရောက်ရှိစေနိုင်သည်။ မည်သည့်ဖြစ်စဉ်မျိုးတွင်မဆို ပူတင်အနေဖြင့် နောက်ဆုတ်ရန် ကြိုးပမ်းနိုင်မည်မဟုတ်ပေ။ ယင်းအခြေအနေမျိုးတွင် ပူတင်သည် ကြောက်မက်ဖွယ်အစီအစဉ်များကို လုပ်ဆောင်နိုင်ခြေရှိသည်။

ရုရှားအနေဖြင့် ယူကရိန်းပဋိပက္ခတွင် အနောက်နိုင်ငံများ၏ ကူညီထောက်ပံ့မှုများ တစ်စထက်တစ်စ လျော့ပါးလာနိုင်သည့် အချိန်တစ်ခုကို စောင့်ဆိုင်းနိုင်ခြေလည်း ရှိသည်။  အထူးသဖြင့် ယူကရိန်းပဋိပက္ခသည် စွမ်းအင်နှင့်စားနပ်ရိက္ခာအကျပ်အတည်း အပြင် အနောက်နိုင်ငံများ၏ စီးပွားရေးအရ ကုန်ကျစရိတ်ကို မြင့်တက်စေနိုင်ခြင်းကြောင့် ဖြစ်သည်။

အနောက်နိုင်ငံများက ယူကရိန်းအရေးတွင် တုံ့ပြန်မှုများသည် ခိုင်မာမှုရှိပြီးနှင့် ယုတ္တိတန်သည်ဟု ရှုမြင်ထားသည့် ဖင်လန်နှင့် ဆွီဒင်တို့ကမူ ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးနောက် ကြားနေဝါဒကို စွန့်လွှတ်ကာ နေတိုးမဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းအချက်က ယူက ရိန်းကို​ ကျူးကျော်ဝင်ရောက်ခဲ့သည့် ရုရှားအတွက် ခေါင်းခဲစေသည့် ကိစ္စတစ်ခုဖြစ်ခဲ့သည်။

ယူကရိန်းကို အနောက်အုပ်စုနှင့် ခပ်ဝေးဝေးတွင်ရှိစေရန် ရည်ရွယ်ခဲ့သည့် ရုရှား၏အစီအစဉ်မှာ အလုပ်မဖြစ်ခဲ့ဘဲ စစ်ပွဲဖြစ်ပွားလာချိန်တွင် အနောက်နိုင်ငံများနှင့် ယူကရိန်းအကြား ယခင်ကထက်ပိုမိုနီးစပ်သွားစေသည့် အခြေအနေသို့ ဦးတည်သွားခဲ့သည်။

ထိုအချိန်အတောအတွင်း အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကြောင့် ရုရှားသည် တရုတ်အပေါ် ပိုမိုမှီခိုရမည့်အခြေအနေသို့ ရောက်ရှိစေခဲ့ပြီး ၎င်းတို့ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုမြှင့်တင်ခဲ့ရသည်။

ထို့ပြင် ယူကရိန်းဘက်တွင်လည်း သူ့အခက်အခဲနှင့်သူ ရှိနေသည်။ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး မကြာသေးမီက သိသာထင်ရှားလာသည့် အနောက်နိုင်ငံများ၏ ရပ်တည်ချက်များ တူညီမှုမရှိသည့်အတွက် ယူကရိန်းကို စိုးရိမ်စေခဲ့သည်။ အမေရိကန်နှင့် ဗြိတိန်တို့က ရုရှားကို ယူကရိန်းက အလုံးစုံ အောင်ပွဲဆင်နိုင်စေရန် အင်တိုက်အားတိုက် ထောက်ပံ့ခဲ့သည်။ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် အီတလီဝန်ကြီးချုပ် မာရီယို ဒရာဂီတို့ကမူ ဆွေးနွေးမှုများပြုလုပ်ရန်နှင့် ရုရှားတပ်များ ယူကရိန်းမှ ရုပ်သိမ်းရန် တောင်းဆိုခဲ့သည်။

ရေရှည်တွင်မူ ယူကရိန်းပဋိပက္ခတွင် အနောက်အင်အားစုအနေဖြင့် ၎င်းတို့၏ သဘောထားတူညီမှုနှင့် စည်းလုံးညီညွတ်မှုကို ထိန်းထားရန်မှာ အဓိကစိန်ခေါ်မှုဖြစ်လာ နိုင်သည်။ ထိုကြောင့် ရုရှားနှင့် ယူကရိန်းတို့သည် စစ်ပွဲကို အဆုံးသတ်ရန် ဆွေးနွေးပွဲစားပွဲဝိုင်းတွင် အဖြေရှာရမည့်အနေအထားကို ရောက်ရှိလာနိုင်သည်။ သို့သော်လည်း မည်သည့်အချိန်တွင် ယင်းအခြေအနေမျိုးဖြစ်လာ မည်ဆိုခြင်းကို မည်သူကမျှ တပ်အပ်မပြောနိုင်ပေ။

ထို့ပြင် စစ်ပွဲအခြေအနေအလိုက် ယူကရိန်းနှင့် ရုရှားတို့၏အစီအစဉ်များသည် နောင်တွင် အပြောင်းအလဲများရှိလာနိုင်သည့်အချက်ကိုလည်း သံသယဖြစ်စရာမလိုပေ။ ဆွေး နွေးညှိနှိုင်းသည့်အခါတွင်လည်း အရဲစွန့်လုပ် ဆောင်ရမည့်အခြေအနေများရှိနေသည်။ စစ်ပွဲကို အဆုံးသတ်ရန် ဆွေးနွေးညှိနှိုင်းမှုများ အတွက် မည်သည့်အလျှော့ပေးမှုမဆို တစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးကို နစ်နာစေမည်ဖြစ်သည်။ထို့ကြောင့် ရုရှားနှင့် ယူကရိန်း အကြား ရေရှည်တည်ငြိမ်မှုရှိသည့် ကျေအေးမှုမျိုးရရှိရန် ခက်ခဲလှပေသည်။

Ref : CNA

Most Read

Most Recent