တစ်ကျော့ပြန် ကူးစက်ဖြစ်ပွားလာသည့် မျောက်ကျောက် (Monkeypox) နှင့် မြန်မာနိုင်ငံအတွင်း ကြိုတင်ပြင်ဆင်မှုအနေအထား

တစ်ကျော့ပြန် ကူးစက်ဖြစ်ပွားလာသည့် မျောက်ကျောက် (Monkeypox) နှင့် မြန်မာနိုင်ငံအတွင်း ကြိုတင်ပြင်ဆင်မှုအနေအထား
Photo: theglobeandmail.com
Photo: theglobeandmail.com
Published 29 May 2022
ပြည့်ဖြိုးအောင်

လက်ရှိတွင် ကမ္ဘာ့နိုင်ငံအသီးသီးကို ထိခိုက်နစ်နာစေခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို အတော်အသင့် ထိန်းချုပ်ထားနိုင်သည့် အနေအထား ရောက်ရှိနေပြီဖြစ်သည်။

သို့သော် ပြီးခဲ့သည့်မေလပထမပတ် အတွင်း ရှားပါးမျောက်ကျောက် (Monkeypox) ရောဂါက တစ် ကျော့ပြန်ပြီး ဥရောပနိုင်ငံအချို့တွင် တွေ့ရှိလာရကာ ကူးစက်ခံသူ အရေအတွက် တိုးလာခဲ့သည်။

မျောက်ကျောက်ရောဂါသည် ဗိုင်းရပ်စ်အသစ်တစ်မျိုး မဟုတ်သော်လည်း တစ်မူထူးခြားပြီး မူလ ကူးစက်ဖြစ်ပွားဖူးသည့် နိုင်ငံများ မဟုတ်ဘဲ ဖြစ်ပွားလေ့မရှိသည့် နိုင်ငံများတွင် သံသယလူနာများကို တွေ့ရှိလာရသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို စောင့်ကြည့်ခြင်းနှင့် သတိပေးမှုများ ပြောကြားလာခဲ့သည်။

 

တစ်ကျော့ပြန် မျောက်ကျောက်(Monkeypox) ရောဂါ

Monkeypox (မျောက်ကျောက်ရောဂါ)သည် ၁၉၅၈ ခုနှစ် ကတည်းက ဒိန်းမတ်နိုင်ငံကိုပင် ဟေဂေမြို့တွင်ရှိသည့် ဓာတ်ခွဲခန်းအတွင်းမှ မျောက်များတွင် စတင်တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး မျောက်ကျောက် ရောဂါဟု အမည်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် လူသားများ၌ ယင်းရောဂါ စတင်တွေ့ရှိမှုအနေဖြင့် ၁၉၇၀ ပြည့်နှစ်တွင် အာဖရိကတိုက် ကွန်ဂိုနိုင်ငံတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မကြာသေးမီက ဖြစ်ပွားနေသော မျောက်ကျောက် ကူးစက်ရောဂါသည် တစ်မူထူးခြားနေသည် ဟု WHO က ပြောကြားခဲ့ပြီး မျောက်ကျောက်ရောဂါ ဖြစ်ပွားလေ့မရှိသော နိုင်ငံများတွင် ကူးစက်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ဗြိတိန်တွင် မျောက်ကျောက် ရောဂါကူးစက်ထားသူ လေးဦးထပ်မံတွေ့ရှိပြီး ထိုသို့ဖြစ်ပွားသူ စုစုပေါင်းခုနစ်ဦး ဖြစ်လာပြီဟု ကျန်းမာရေးအာဏာပိုင်များက ကြေညာထားခဲ့ပြီး ထပ်တိုးလေးဦးအနက် သုံးဦးက လန်ဒန်မှဖြစ်ပြီး ကျန်တစ်ဦးက နိုင်ငံအရှေ့မြောက်ပိုင်းမှဟု ဗြိတိန်ကျန်းမာရေးဌာန UKHSA က မေ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပထမဆုံးကူးစက်သူက နိုင်ဂျီးရီးယားသို့  လတ်တလောသွား ရောက်ထားသူဖြစ်ပြီး နောက်ဆုံး တွေ့ထားသူလေးဦးစလုံးသည် ဂေးများနှင့် နှစ်ဖက်ချွန်သမားများ ဖြစ်နေသည့်အတွက် ထိုအုပ်စုဝင်များ အနေဖြင့် မိမိတို့ခန္ဓာကိုယ်ရှိမည်သည့်နေရာ၌ မဆို (အထူးသဖြင့် လိင်အင်္ဂါနေရာမျိုးတွင်) အဖုအပိမ့် စသည့်လက္ခဏာတစ်ခုခုပြလာခြင်းရှိ-မရှိ စောင့်ကြည့်နေထိုင်ကြရန် UKHSA က သတိပေးထားသည်။

ထို့ပြင်မြောက်အမေရိကနှင့်  ဥရောပတို့က ကျန်းမာရေးအာဏာပိုင်များက မေလ အစောပိုင်း ကတည်းက မျောက်ကျောက်(Monkeypox) ကူးစက်ခံရသည်ဟု သံသယရှိသူ သို့မဟုတ် ကူးစက်ခံရသည်ဟု အတည်ပြုထားသူ တစ်ဒါဇင်ကို တွေ့ရှိခဲ့ကြရာ အာဖရိကဒေသ အချို့၌  ဖြစ်ပွားသော ကူးစက်ရောဂါသည် ပျံ့နှံ့နေသည်ဟူသော စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ဗြိတိန်၌ မေ ၆ ရက်ကတည်းက အတည်ပြု ကူးစက်ခံရသူ ကိုးဦးရှိသည်ဟု အတည်ပြုထားပြီး အမေ ရိကန်ပြည်ထောင်စုကလည်း မေ  ၁၈ ရက်တွင် ပထမဆုံး မျောက်ကျောက်ရောဂါ ကူးစက်ခံရသူရှိသည်ဟု အတည်ပြုခဲ့သည်။ အမေရိကန်အရှေ့ပိုင်းပြည်နယ် မက်ဆာချူးဆက်မှ အမျိုးသားတစ်ဦးသည် ကနေဒါကိုသွားခဲ့ပြီးနောက် မျောက်ကျောက်ရောဂါ ဖြစ်စေသော ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

ကူးစက်မှုအသစ်များနှင့် ပတ်သက်၍ မိမိတို့သည် ဗြိတိန်နှင့် ဥရောပကျန်းမာရေးတာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်နေသည်ဟု မေ ၁၇ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့သည်။

ဥရောပတစ်ဝန်းတွင် ရှားပါး မျောက်ကျောက်(Monkeypox) ဗိုင်းရပ်စ်ပျံ့နှံ့နေချိန်တွင် ယင်းဗိုင်းရပ်စ်သည် လာမည့်လအတွင်း ကူးစက်မှု အရှိန်မြင့်လာနိုင်လိမ့်မည်ဟု ထိပ်သီးဥရောပကျန်းမာရေး တာဝန်ရှိသူတစ်ဦးက မေ ၂၀ ရက်တွင် သတိပေးပြောကြားခဲ့သည်။

လက်ရှိ ကူးစက်မှုဖြစ်စဉ်များတွင် လိင်ပိုင်းဆိုင်ရာ စပ်ယှက်မှုမှ တစ်ဆင့် ကူးစက်မှုများတွေ့ရှိသည် ဆိုသည့်အချက်ကြောင့် လူအများအပြားသည်  ရောဂါလက္ခဏာများကို သတိမပြုမိသည့်အတွက် ကူးစက် မှုများ မြင့်တက်လာနိုင်ခြေရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူက သတိပေးခဲ့သည်။

ရောဂါကူးစက်မှု အစောပိုင်း ဖြစ်စဉ် အများစုသည် အမျိုးသားအချင်းချင်း လိင်တူဆက်ဆံသည့် အမျိုးသားများအကြား ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး ကူးစက်မှုဖြစ်စဉ်အများအပြားသည် လိင်တူအချင်းချင်း သို့မဟုတ် လိင်နှစ်မျိုးစလုံးနှင့် ဆက်ဆံသည့် အမျိုးသားများတွင် ဖြစ်ပွားကြောင်း အချက်အလက်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေသည် ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့သည်။

ဘယ်ဂျီယံတွင် မျောက်ကျောက်ရောဂါ အတည်ပြု ကူးစက်မှုဖြစ်စဉ်သုံးခုသည် အန့်ဝါ့ဆိပ်ကမ်း မြို့ရှိ ကြီးမားသည့် လိင်မှုရေးရာပွဲတော်နှင့် ဆက်နွှယ်နေသည်ဟု ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။

မေ ၂၅ ရက် နံနက်ပိုင်းအထိ အာဖရိကဒေသပြင်ပတွင် မျောက်ကျောက်ရောဂါအတည်ပြုလူနာ‌ တွေ့ရှိရသည့် နိုင်ငံပေါင်း ၁၉ နိုင်ငံ၊ သံသယဖြစ်ဖွယ် လူနာတွေ့ရှိရသည့် နိုင်ငံတစ်ခု စုစုပေါင်း နိုင်ငံ ၂၀ နှင့် အာဖရိကဒေသ အနောက်မြောက်ပိုင်းတွင်ရှိသည့် ယခင်ကဖြစ်ပွားမှု မရှိခဲ့သည့် မော်ရိုကိုနိုင်ငံပါ ထည့်သွင်းတွက်ချက်ပါက ရောဂါအတည် ပြုလူနာနှင့် သံသယလူနာ တွေ့ရှိသည့်နိုင်ငံ စုစုပေါင်း၂၁ နိုင်ငံရှိပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါနိုင်ငံ များတွင် အတည် ပြုလူနာ ၂၂၈ ဦး၊ ရောဂါဖြစ်နိုင်ခြေရှိသည့် လူနာနှစ်ဦး၊ သံသယဖြစ်ဖွယ် လူနာ ၈၂ ဦး၊ စုစုပေါင်း ၃၁၂ ဦးရှိပြီး ရောဂါကြောင့် သေဆုံးသူမရှိကြောင်း သိရသည်။

ဥရောပ၊ မြောက်အမေရိက၊ သြစတြေးလျ၊ အရှေ့အလယ်ပိုင်းဒေသများတွင် ရောဂါ တွေ့ရှိနေရပြီး အတည်ပြုလူနာ အများဆုံးတွေ့ရ သည့်နိုင်ငံအနေဖြင့် ယူကေနိုင်ငံ တွင် ၇၁ ဦး၊ စပိန်နိုင်ငံတွင် ၅၁ ဦး၊ ပေါ်တူဂီနိုင်ငံ တွင် ၃၉ ဦးရှိကြောင်း သိရသည်။

ယင်းရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းများအနေဖြင့် သတိပြုရမည့် ရောဂါတစ်ခုအဖြစ် သတ်မှတ်လာ သည့်အဓိက‌အကြောင်းရင်းမှာ ယခင်က ရောဂါဖြစ်ပွားမှုမရှိခဲ့သည့်  အာဖရိကဒေသပြင်ပနိုင်ငံများတွင် ရောဂါဖြစ်ပွားသူများကို အချိန်တိုအတွင်း အရေအတွက် အတော်များများ တွေ့ရှိခဲ့ရခြင်းကြောင့်ဖြစ်သည်။

မျောက်ကျောက် ကူးစက်ရောဂါသည် နိုင်ငံတစ်ဒါဇင်ကျော်တွင် ဖြစ်ပွားနေခြင်းမှာ ထူးခြားနေ သည်ဟုဆိုသည်။ မျောက်ကျောက် ရောဂါ ဖြစ်ပွားလျက်ရှိသော နိုင်ငံအများစုမှာ ဥရောပနိုင်ငံများ ဖြစ်သည်ဟု ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ ဥရောပစင်တာ(ECDC) က မေ ၂၅ ရက် ထုတ် ပြန်ချက်တွင် ဖော်ပြခဲ့ပြီး အဆိုပါ နိုင်ငံများတွင် အနည်းဆုံးကူးစက်ခံရသူ တစ်ဦးရှိသည်ဟု ဆိုသည်။

 

မျောက်ကျောက်ကူးစက်ပုံနှင့် ရောဂါလက္ခဏာများ

လက်ရှိကူးစက်ဖြစ်ပွားနေသည့် မျောက်ကျောက်ရောဂါကူး စက်ပျံနှံ့မှုမှာ ရောဂါဖြစ်ပွားနေသူ ထိတွေ့ထားသော အသုံးအဆောင်ပစ္စည်းများကို ထိတွေ့မိခြင်း၊ ရောဂါဖြစ်ပွားနေသူ၏ ကိုယ်ခန္ဓာမှ ထွက် သောအရည်များနှင့် ထိတွေ့မိခြင်း၊ ရောဂါဖြစ်ပွားနေသူ၏ အရေပြားပေါ်မှ အရည်ကြည်ဖုများနှင့် တိုက် ရိုက်ထိတွေ့မိခြင်း၊ ရောဂါဖြစ်ပွား နေသူ၏ ချောင်းဆိုး/နှာချေရာမှ ထွက်လာသည့် အမှုန်အမွှားများကို ရှူရှိုက်မိခြင်း၊ ရောဂါရှိနေသော တိရစ္ဆာန်များနှင့် ထိတွေ့မိခြင်း (သို့မဟုတ်)  အသားများကို မကျက် တကျက်စားသောက်မိခြင်းများ တစ်ဆင့် ကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားသည်။

ထို့ပြင် မျောက်ကျောက်ရောဂါ ကူးစက်ပုံအနေဖြင့် တောရိုင်း တိရစ္ဆာန်များဆီက ကူးစက်ခြင်း၊ လူအချင်းချင်းကူးစက်ခြင်း၊ ရောဂါသယ်ဆောင်ထားသည့် တောရိုင်း တိရစ္ဆာန်၏ သွေး၊ဆီး၊တံတွေးစသည့် ခန္ဓာကိုယ်က ထွက်ရှိသော အရည်များ၊ အညစ်အကြေးများနှင့် တိရစ္ဆာန် အရေပြားပေါ်တွင် ရှိသည့် အနာခွက်များကို တိုက်ရိုက်ထိတွေ့ မိခြင်းမှတစ်ဆင့် ကူးစက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မျောက်ကျောက် ရောဂါပိုးသည် ကိုဗစ်ရောဂါကဲ့သို့ပင် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်နိုင်သော်လည်း ရောဂါ ပိုးရှိသူနှင့်အချိန်ကြာကြာ တိုက်ရိုက် ပြောဆိုချိန်ခြင်းမှတစ်ဆင့် ကူးစက် နိုင်ကြောင်း သိရသည်။

“ခန္ဓာကိုယ်အတွင်း Monkeypox ဗိုင်းရပ်စ် စတင်ဝင်ရောက်ချိန်မှ ရောဂါလက္ခဏာပြတဲ့အထိ ရောဂါ ပျိုးချိန်ကာလရှိတာ ဖြစ်ပြီး ပုံမှန် အားဖြင့် ခြောက်ရက်ကနေ ၁၃ ရက် ခန့်ကြာတတ်ပါတယ်။ အနည်းဆုံး ငါးရက်ကနေ အများဆုံး ၂၁ ရက် အထိ ဖြစ်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးမှဒေါက်တာသန်း နိုင်စိုးက နိုင်ငံပိုင်သတင်းစာ‌တွင်‌ ပြောကြားထားသည်။

ထို့ပြင် ရောဂါလက္ခဏာများ အနေဖြင့် အဆင့်နှစ်ဆင့်ရှိပြီး ပထမအဆင့်တွင် ဗိုင်းရပ်စ်က ခန္ဓာကိုယ်တွင်း စတင်ဝင်ရောက်သည့်ကာလဖြစ်ပြီး အချိန်အကြာဆုံး ငါးရက် လောက်အထိ ကြာမြင့်နိုင်ကာ ယင်းအချိန်တွင် ရောဂါလက္ခဏာများ အနေဖြင့် ဖျားခြင်း၊ ခေါင်းပြင်း ထန်စွာကိုက်ခြင်း၊ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံမှာရှိသည့် ပြန်ရည် ကျိတ်များ ရောင်ရမ်းကြီးထွားလာခြင်း၊ နောက်ကျော နာကျင်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း အလွန်အမင်းအားအင်ကုန်ခမ်းခြင်းတို့ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

“|ဒီနေရာမှာ ကွဲပြားထင်ရှားတဲ့ လက္ခဏာက အစောပိုင်းမှာကတည်း က ပြန်ရည်ကျိတ်တွေက ရောင်ရမ်း ကြီးထွားလာခြင်း ဖြစ်ပါတယ်။ ဒါက ကျောက်ရောဂါ ရေကျောက်ရောဂါ နဲ့ ဝက်သက်ရောဂါတို့လို အရေပြား ပေါ်မှာ အရည်ကြည်ဖုတွေ အကွက်တွေ ထွက်တာတွေချင်းတူတဲ့ ရောဂါတွေနဲ့ သိသာစွာကွဲပြားတဲ့အချက် ဖြစ်ပါတယ်” ဟု ဒေါက်တာသန်း နိုင်စိုးက ပြောကြားသည်။

ရောဂါလက္ခဏာ ဒုတိယအဆင့်တွင် စတင်ဖျား၍ တစ်ရက်ကနေ သုံးရက်လောက်တွင် အရေပြားပေါ်မှာ အကွက်တွေထွက်လာပြီး ကိုယ်လုံးပေါ်၌ထက်စာရင် မျက်နှာ၊ ခြေ၊ လက်များပေါ်မှာပိုပြီး ထွက်လာကာ ကူးစက်ခံရသူများ၏ ၉၅ ရာခိုင်နှုန်းက မျက်နှာပေါ်၊  ၇၅ ရာ ခိုင်နှုန်းက လက်ဖဝါး၊ ခြေဖဝါးပေါ် ၇၀ ရာခိုင်နှုန်းက ပါးစပ်အတွင်း၊ ၃၀ ရာခိုင်နှုန်းက လိင်အင်္ဂါပေါ်မှာ၊ ၂၀ ရာခိုင်နှုန်းက မျက်စိမှာ ပေါ်တတ်ကြောင်း သိရသည်။

ထို့နောက် အရေပြားပေါ် အကွက် စတင်ပေါ်လာရာမှ အဖုလေးများဖြစ်လာပြီး အရည်ကြည်ဖု ဖြစ်လာရာမှ အဝါရောင်အနှစ်များပါသည့် ပြည်ဖုများဖြစ်လာကြောင်း၊ ဆက်ပြီး အဖုများမှ အနာဖေးများ ဖြစ်လာပြီး ကွာကျလာပြီး အဖု၊ အရည်ကြည်ဖုများက ခန္ဓာကိုယ်တွင် အရေအတွက် ထောင်နှင့်ချီပြီး ပေါ်လာခြင်းဖြစ်၍ အဖုများက ပေါင်းသွားကာ အချို့လူများ၌ အရေပြား အလွှားလိုက်ကွာကျသည်အထိ ဖြစ်နိုင်ကြောင်း သိရသည်။      

“မျောက်ကျောက်ရောဂါ ကူးစက်ခံရသူတွေ အများစုကတော့ နှစ်ပတ်ကနေ လေးပတ်လောက် အတွင်းမှာ ပြန်လည်ကောင်းမွန်

လေ့ရှိပေမဲ့လည်း ကလေးတွေ၊ နာတာ ရှည်ရောဂါအခံရှိသူတွေ၊ ကိုယ် ခံအားလျော့နည်းသူတွေမှာ ရောဂါ ပြင်းထန်စွာ ခံစားရနိုင်ပါတယ်” ဟု ဒေါက်တာသန်းနိုင်စိုးက ဆိုသည်။

မျောက်ကျောက်ရောဂါ နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့် အရေပြား အနာပိုးဝင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ ပြည်တည်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ မျက်စိကွယ်ခြင်းတို့ ဖြစ်ပွားနိုင်ရာမှ အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ကာ  ရောဂါကြောင့် သေဆုံးနှုန်းမှာ သုံး ရာခိုင်နှုန်းမှ ခြောက်ရာခိုင်နှုန်း အထိရှိပြီး ကလေးများ၊ နာတာရှည် ရောဂါအခံရှိသူများ ကိုယ်ခံအားလျော့နည်းသူမှာ သေဆုံးမှုနှုန်း ပိုမိုမြင့်မားစွာခံစားရနိုင်ကြောင်း သိရသည်။

 

မျောက်ကျောက်ရောဂါနှင့် ကြိုတင်ပြင်ဆင်ထားမှု အနေအထား

မြန်မာနိုင်ငံတွင် မျောက်ကျောက်ရောဂါ Monkeypox ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှု ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများအတွက် အစည်းအဝေးကို မေ ၂၃ ရက်တွင် ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ကျင်းပခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းအစည်းအဝေးဆုံးဖြတ်ချက်များအရ လက်ရှိဖြစ်ပွားမှုမရှိတော့သည့် ကျောက်ကြီးရောဂါ (Smallpox) အလွန်ပြင်းထန်ခြင်း မရှိသော ရေကျောက်ရောဂါ (Chicken Pox) နှင့် မျောက်ကျောက် ရောဂါ (Monkeypox) တို့၏ ဖြစ်ပွားရာတွင် တွေ့ရှိရသော ရောဂါလက္ခဏာများတွင် ကွာခြားမှု၊ ဖြစ်နိုင်ခြေတို့ကို ပြည်သူများကျယ် ကျယ်ပြန့်ပြန့် သိရှိကြစေရေး အတွက် ကျန်းမာရေးအသိပညာများ မြှင့်တင်ပေးနိုင်ရေး၊ ပြည်သူများ အကြား စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရေး ဆောင်ရွက်ပေးနိုင်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျောက်ကျောက်ရောဂါ၏ သဘောသဘာဝအရ မြန်မာနိုင်ငံတွင် ကပ်ရောဂါ အသွင်ဖြစ်ပွားနိုင်ခြေ နည်းပါးသော်လည်း ကျောက်ရောဂါအမျိုးမျိုးနှင့် ပတ်သက်၍ လည်းကောင်း၊ ရှိရင်းစွဲ ကူးစက်ရောဂါများနှင့် ပတ်သက်၍လည်းကောင်း ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများတွင်ရောဂါဖြစ်ပွားမှုများကို စောင့်ကြည့်ရန်နှင့် မိမိတို့နိုင်ငံတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေး၊ ရောဂါသံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများတွင် လာရောက်ပြသနိုင်ရေး၊ ဓာတ်ခွဲစမ်းသပ် စစ်ဆေးနိုင်ရေး၊ ဆေးကုသရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရှိရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျောက်ကျောက်ရောဂါ (Monkeypox) သည် ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကမ္ဘာ့ကပ်ရောဂါ အသွင် ဖြစ်ပွားလာနိုင်ခြေ အလွန် နည်းပါးသော်လည်း လက်ရှိတွင် မျောက်ကျောက်ရောဂါ ကူးစက်မှုအနေဖြင့်  ရောဂါ ဖြစ်ပွားလေ့ရှိသည့် ဒေသများအပြင် မဖြစ်ပွားဖူးသည့် နိုင်ငံများတွင်ပင် မေ ၂၅ ရက်အထိ ကူးစက်ခံရသူ ၂၀၀ ကျော်ရှိခြင်းလာကြောင့်  ဂရုပြုရမည့် အနေအထား များရှိနေသည်။

ပြည်သူများအနေဖြင့်လည်း တစ်ကျော့ပြန် မျောက်ကျောက် ရောဂါနှင့်ပတ်သက်၍ စိုးရိန်လွန် ခြင်းကို လျှော့ချပြီး  ရောဂါကူးစက်မှုကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးအသိဖြင့် ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာပြီး ရောဂါလက္ခဏာသံသယရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများသို့ သွား ရောက်ကုသရန် လိုအပ်မည် ဖြစ်သည်။                

Most Read

Most Recent