မြန်မာ့စစ်ဘေးရှောင် တစ်သန်းနီးပါးအတွက် လိုအပ်နေတဲ့ လူသားချင်းစာနာမှု

မြန်မာ့စစ်ဘေးရှောင် တစ်သန်းနီးပါးအတွက် လိုအပ်နေတဲ့ လူသားချင်းစာနာမှု
​​​​​​​လေးကော့ကော်ဒေသမှ နေရပ်စွန့်ခွာလာသည့် စစ်ဘေးရှောင်အချို့ကို ပြီးခဲ့သည့်လပိုင်းများက တွေ့ရစဉ်
​​​​​​​လေးကော့ကော်ဒေသမှ နေရပ်စွန့်ခွာလာသည့် စစ်ဘေးရှောင်အချို့ကို ပြီးခဲ့သည့်လပိုင်းများက တွေ့ရစဉ်
Published 29 May 2022
ဆန်းမိုးထွန်း

ကမ္ဘာတစ်လွှားမှာ အိုးအိမ် စွန့်ခွာပြီး နေရပ်ကနေ တိမ်းရှောင်ရတဲ့ ဒုက္ခသည်ဦးရေဟာ စံချိန်တင် အဖြစ် လူဦးရေ သန်း ၁၀၀ အထိ ရှိလာတယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အထိ ကမ္ဘာတစ်လွှားမှာ နေရပ်စွန့်ခွာသူ ဒုက္ခသည် အရေအတွက်ဟာ သန်း ၉၀ ရှိရာ ကနေ ၂၀၂၂ ခုနှစ်မှာတော့ ရုရှား-ယူကရိန်းစစ်ပွဲကြောင့် နေရပ်စွန်ခွာသူ ဒုက္ခသည် ဦးရေ ၁၄ သန်းလောက် ထပ်တိုးလာတာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာတစ်လွှား အိုးအိမ်စွန့်ခွာပြီး နေရပ်ကနေ တိမ်းရှောင်ရတဲ့ ဒုက္ခသည် လူဦးရေ သန်း ၁၀၀ ထဲမှာ မြန်မာ၊ အာဖဂန်နစ္စတန်၊ ကွန်ဂို၊ အီသီယိုးပီးယား၊ နိုင်ဂျီးရီးယားနဲ့ ဘာကီနာဖာဆိုနိုင်ငံတွေက နေရပ်စွန့်ခွာ ဒုက္ခသည်တွေလည်း ပါဝင်တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ဦးရေဟာ ခြောက်သိန်းနီးပါးရှိတယ်လို့ နိုင်ငံတကာစစ်တမ်းတွေမှာ ဖော်ပြ ထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မတိုင်မီကာလအထိ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ တိမ်းရှောင်သူဦးရေ သုံးသိန်းခွဲကျော်သာရှိတဲ့အတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လနောက် ပိုင်းထပ်တိုးလာတဲ့ နေရပ်စွန့်ခွာသူ ဦးရေနဲ့ ပေါင်းလိုက်ရင် နေရပ်စွန့် ခွာတိမ်းရှောင်သူဦးရေဟာ တစ်သန်းနီးပါးရှိလာတာ ဖြစ်ပါတယ်။  

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း တိုက်ပွဲ ၄၆၀၀ ကျော်ဖြစ်ပွား

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှာ မြန်မာနိုင်ငံတစ်ဝန်းတိုက်ပွဲ ၄၆၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ လက်နက်ကိုင် ပဋိပက္ခလေ့လာ စောင့်ကြည့်ရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မေ ၁၅ ရက် အထိ မြန်မာနိုင်ငံတစ်ဝန်းမှာ လက် နက်ကိုင်ပဋိပက္ခ ၄၆၀၀ ကျော် ဖြစ်ပွားခဲ့တာဖြစ်ပြီး တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း (EAO) တွေ၊ ဒေသခံကာကွယ်ရေးတပ် (PDF) တွေကြားမှာ အဓိကဖြစ်ပွားခဲ့တယ်လို့ လေ့လာမှု စစ်တမ်းတွေက ဆိုပါတယ်။

နောက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း EAO အချင်းချင်း ဖြစ်ပွားတဲ့တိုက်ပွဲတွေနဲ့ မြို့ပြ ပျောက်ကြားဖြစ်ပွားခဲ့တဲ့ ထိတွေ့မှုတွေလည်း ပါဝင်တယ်လို့ လက်နက် ကိုင်ပဋိပက္ခစစ်တမ်းတွေမှာ ဖော်ပြ ထားပါတယ်။

အဲဒီ တိုက်ပွဲအကြိမ်ရေ ၄၆၀၀ ကျော်ထဲမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO တွေ တိုက် ပွဲဖြစ်ပွားမှုက ၃၁၀၀ ကျော်၊ တပ်မတော်နဲ့ EAO၊PDF  ပူးပေါင်းတပ် ဖွဲ့တွေကြားမှာ တိုက်ပွဲဖြစ်ပွားမှုက ၁၀၆ ကြိမ်၊ EAO အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုက ၄၁ ကြိမ်နဲ့ တပ်မတော် နဲ့ အမည်မသိအဖွဲ့တွေကြား ထိတွေ့မှုက အကြိမ် ၂၀ ထက် မနည်းရှိတယ်လို့ လက်နက်ကိုင်ပဋိပက္ခ လေ့လာ ရေးအဖွဲ့တွေက ထုတ်ပြန်ခဲ့ပါတယ်။

 

ဘာကြောင့် စစ်ဘေးရှောင်ဦးရေ မြင့်တက်လာသလဲ

အဓိက,ကတော့ ၂၀၂၁ ခုနှစ် ဖေဖောာ်ဝါရီလမတိုင်မီ တိုက်ပွဲမဖြစ်ပွားတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာပါ တိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် မြန်မာနိုင်ငံမှာ စစ်ဘေးရှောင်ဦးရေဟာ အခုလို မြင့်တက်လာတာ ဖြစ်ပါ တယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့်လည်း နေရပ်စွန့်ခွာသူဦးရေဟာ မြင့်တက်လာတာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးထဲမှာ တိုက်ပွဲတွေ ဆက်လက်ပြင်း ထန်နေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ရေးရုံး(OCHA Myanmar)က ဆိုပါတယ်။

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ ပြည်တွင်း နေရပ်စွန့်ခွာရသူ ဦးရေဟာ သိသိသာသာ မြင့်တက်လာခဲ့တဲ့အတွက် မြန်မာနိုင်ငံ အနောက်မြောက်ဒေသ တစ်ခုတည်းမှာတင် နေရပ်စွန့်ခွာ တိမ်းရှောင်သူဦးရေဟာ  ၂၀၂၂ ခုနှစ် ဧပြီ ၂၅ရက်မှာ ၃၂၇,၄၀၀ ရှိလာပြီ လို့ OCHA Myanmar က ထုတ်ပြန် ပါတယ်။

နေရပ်စွန့်ခွာတိမ်းရှောင်ရသူ သုံးသိန်းကျော်ထဲမှာ ချင်းပြည်နယ်က နေရပ်စွန့်ခွာသူဦးရေ ၃၆,၃၀၀၊ စစ်ကိုင်းတိုင်းဒေသကြီးက နေရပ်စွန့်ခွာသူဦးရေ ၂၄၀,၆၀၀ နဲ့ မကွေးတိုင်းဒေသကြီးက နေရပ်စွန့်ခွာသူ ဦးရေ ၅၀,၅၀၀ ရှိပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ကစပြီး လက်ရှိကာလအထိ မြန်မာနိုင်ငံ အနောက်မြောက်ဒေသမှာ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေအပါအဝင် လူနေအိမ်နဲ့ တခြားအရပ်သားပိုင် အိုးအိမ်ပစ္စည်း အနည်းဆုံး ၈,၈၉၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ OCHA Myanmar က ဆိုပါတယ်။

 

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA Myanmar) က ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကတည်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ လုံခြုံဘေးကင်းမှု မရှိတဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ ၂၀၂၂ ခုနှစ် မေ ၂  ရက်အထိ ကိန်းဂဏန်းတွေ အရ စစ်ဘေးရှောင်ဦးရေ ၂၄၉,၅၀၀ ရှိလာပြီလို့ OCHA Myanmar က ထုတ်ပြန်ပါတယ်။

 

ဒီလို တိုက်ပွဲရှောင်နေထိုင်ရ သူတွေထဲမှာ ကယားပြည်နယ်က နေရပ်စွန့်ခွာသူဦးရေ  ၉၄,၀၀၀၊ ကရင်ပြည်နယ်က နေရပ်စွန့်ခွာ သူဦးရေ ၇၅,၀၀၀၊ ရှမ်းပြည်တောင်ပိုင်းက နေရပ်စွန့်ခွာသူဦးရေ  ၅၅,၀၀၀၊ မွန်ပြည်နယ်က နေရပ်စွန့်ခွာ သူဦးရေ ၁၆,၀၀၀၊ တနင်္သာရီတိုင်းဒေသကြီးက နေရပ်စွန့်ခွာသူဦးရေ ၄,၇၀၀ ကျော်နဲ့ ပဲခူးတိုင်းဒေသကြီး က နေရပ်စွန့်ခွာသူဦးရေ ၈၀၀ တို့ ပါဝင်တယ်လို့ ကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA Myanmar)က ဆိုပါတယ်။

 

မြေမြှုပ်မိုင်းအန္တရာယ်

မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာလာသူတွေ နေရပ်မပြန်နိုင်သေးတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့်ပဲ ဖြစ်ပါတယ်။

မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက် အကြွင်းအကျန်တွေဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခ ဖြစ် ပွားရာဒေသတွေမှာရှိတဲ့ အရပ်သားတွေရဲ့ အသက်နဲ့ ဘဝလုံခြုံမှုတွေကို ဆက်လက်ပြီး ခြိမ်းခြောက်နေပါ တယ်။

၂၀၂၁ ခုနှစ်ရဲ့ ကိန်းဂဏန်း တွေအရ မြန်မာတစ်နိုင်ငံလုံးမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ခံစားရ သူအရေအတွက် ၂၈၄ ဦး ရှိခဲ့တယ်လို့ Unicef ခန် ရဲ့ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ ဖြစ်ရပ် သတင်းအချက်အလက်များ (၂၀၂၁)  မှာ ဖော်ပြထားပါတယ်။

Unicef ရဲ့ အချက်အလက်တွေ အရ ၂၀၂၀ ပြည့်နှစ်တုန်းက မြေမြှုပ်မိုင်းကြောင့် ထိခိုက်ခံစားရသူအရေ အတွက် ၂၅၂ ဦးနဲ့ ယှဉ်ကြည့်ရင် ၂၀၂၁ ခုနှစ်မှာ ပိုမိုထိခိုက်မှုရှိတယ်ဆိုတာ တွေ့ရမှာပါ။

မြေမြှုပ်မိုင်းကြောင့် ထိခိုက်ခံစားရသူတွေထဲမှာ ရှမ်းပြည်နယ်က ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်းရဲ့ ၃၈ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ခဲ့ပြီး ကချင်ပြည်နယ်က ၁၈ ရာ ခိုင်နှုန်း၊ ရခိုင်ပြည်နယ်က ၁၇ ရာခိုင် နှုန်းနဲ့ အစဉ်လိုက် ရှိနေတယ်လို့ Unicef က ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း နဲ့ တနင်္သာရီတိုင်း အပါအဝင် တခြားဒေသတွေမှာ ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်းရဲ့ ၂၇ ရာခိုင် နှုန်းရှိပါတယ်။

တစ်နိုင်ငံလုံးအနေနဲ့ ထိခိုက်ခံစားရသူအရေအတွက်ရဲ့ ၂၇ ရာ ခိုင်နှုန်းဟာ ကလေးတွေ ဖြစ်ကြတယ်လို့ Unicef က ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ ကလေးထိခိုက်ခံ စားရသူ ရာခိုင်နှုန်း အများဆုံးဖြစ်တာကို တွေ့ရပြီး စုစုပေါင်းထိခိုက် ခံစားရသူ အရေအတွက်ရဲ့ ၄၄ ရာ ခိုင်နှုန်းဖြစ်တယ်လို့ Unicef က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ခုနှစ်နဲ့ နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ရပ်နဲ့ ထိခိုက်ခံစားရ သူ အရေအတွက် ပိုများတာကို တွေ့ရှိရတယ်လို့ Unicef က ထုတ်ပြန်ထားပါတယ်။

Unicef ရဲ့ နောက်ဆုံးအစီရင်ခံစာအရ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်ကာလအတွင်း မြန်မာနိုင်ငံ တစ်ဝန်းမှာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်အကြွင်း အကျန်တွေကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ စုစုပေါင်း ၁၀၀ ရှိတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် ပထမသုံးလပတ်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းမှာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် အရပ်သားထိခိုက် ဒဏ်ရာရမှုနဲ့ သေဆုံးမှုမှာ ရှမ်းပြည်နယ်က ၆၇ ဦးနဲ့ အများဆုံးဖြစ်ပြီး ကချင်ပြည်နယ်က ၁၂ ဦးနဲ့ ရခိုင်ပြည်နယ် က ရှစ်ဦး ရှိခဲ့ပါတယ်။

အဲဒီအထဲကမှ ကလေးငယ် ထိခိုက် သေဆုံးမှုဟာ သုံးပုံတစ်ပုံ (၃၇ ဦး) ရှိတယ်လို့ Unicef ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများ ဆိုးရွားနေဆဲ

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကစပြီး နေရပ်စွန့်ခွာ သူဦးရေ ၅၉၀,၁၀၀ အပါအဝင် စုစုပေါင်းမှာ ၂၀၂၂ ခုနှစ် မေ ၂ ရက် အထိ ၉၃၆,၇၀၀ ဦးရှိပြီဖြစ်တယ်လို့ OCHA Myanmar က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ တွေပေးဖို့ အခြေအနေတွေ ဆိုးရွားနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂလူသား ချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး (OCHA Myanmar)က ထုတ်ပြန် ထားပါတယ်။

မြန်မာနိုင်ငံရဲ့ အနောက် မြောက်ပိုင်းနဲ့  အရှေ့တောင်ပိုင်းဒေသတွေမှာ လက်နက်ကိုင်ပဋိပက္ခ တွေကြောင့်အဲဒီဒေသက လူသားချင်းစာနာမှုအခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာခြင်းမရှိဘဲ ဆိုး ရွားနေဆဲ အခြေအနေမှာရှိတယ်လို့ OCHA Myanmar က ဆိုပါတယ်။

ပဋိပက္ခဒဏ်သင့်ရာ ဒေသတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးရသူ တွေရှိရာ နေရာတွေကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ သွားရောက်ပေးနိုင်ခွင့်ကိုလည်း တင်းကျပ်စွာ တားမြစ်ကန့်သတ်ခံထား ရတဲ့အတွက် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံအဖွဲ့အစည်းတွေက တတ် နိုင်သမျှ ကူညီပံ့ပိုးနေပေမဲ့ ပဋိပက္ခ ဒဏ်သင့် အရပ်သားလူထုတွေရဲ့ လိုအပ်မှုကို ဖြည့်ဆည်းနိုင်ဖို့ ကြီး မားတဲ့လိုအပ်ချက်တွေရှိနေသေး တယ်လို့ OCHA Myanmar က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်းရှိတဲ့အနက် ၁၄ ဒသမ ၄ သန်းလောက်ဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ OCHA Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါကြောင့် လက်နက်ကိုင်ပဋိပက္ခ တွေဖြစ်ပွားနေတဲ့ ဒေသတွေမှာ မဖြစ်မနေလိုအပ်တဲ့အကူအညီတွေ ပေးဖို့ အတွက် အဲဒီဒေသတွေဆီ လူသားချင်းစာနာမှုဆိုင်ရာ ကူညီပေးခွင့်တွေကို အလျင်အမြန်ရရှိဖို့ အရေးတကြီး လိုအပ်နေတယ်လို့ OCHA Myanmar က ဆိုပါတယ်။       

Most Read

Most Recent