ဆန်စပါးဖူလုံမှုမရှိတဲ့ ကမ်းရိုးတန်းဒေသက တောင်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲများ

ဆန်စပါးဖူလုံမှုမရှိတဲ့ ကမ်းရိုးတန်းဒေသက တောင်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲများ
​​​​​​​လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
​​​​​​​လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 23 May 2022
​​​​​​​ဇော်မိုးဦး (မြိတ်)

မြန်မာနိုင်ငံတောင်ပိုင်းရဲ့တနင်္သာရီကမ်းမြောင်ဒေသဟာ ပင်လယ်နဲ့ ထိစပ်နေတဲ့ အလျောက် ရေလုပ်ငန်းကို အဓိကမှီခိုပြီး အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်။ ကမ်းရိုးတန်းနေပြည်သူတွေရဲ့ ရာခိုင်နှုန်း ၇၀ က ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနဲ့ ဆက်နွှယ်နေတဲ့လုပ်ငန်းတွေအပေါ် မှှီခိုပြီး အသက်မွေးဝမ်းကျောင်း ပြုရတာဖြစ်ပါတယ်။  ဒါပေမဲ့ ကမ်းရိုးတန်းနေပြည်သူတွေဟာလည်း တခြားဒေသများနည်းတူ ရာနှုန်းပြည့်နီးပါးက ဆန်စပါးကိုစားသုံးပြီး အသက်ဆက်နေထိုင်ရတာ ဖြစ်ပါတယ်။

ဒီနှစ်အတွက် မုတ်သုံတနင်္သာရီကမ်းရိုးတန်းဒေသကို ဝင်ရောက်ပြီးဖြစ်တဲ့အတွက် တောင်သူလယ်သမားတွေဟာ လယ်ယာစိုက်ပျိုးမှုတွေ လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ ပင်လယ်ရေငန် ပတ်လည်ဝိုင်းထားတဲ့ မြိတ်ဒေသဟာ လယ်ယာစိုက်ပျိုးနိုင်တဲ့ ဧရိယာ အတော်လေးနည်းပါးပါတယ်။ ပင်လယ် ကမ်းစပ်တစ်လျှောက်မှာ ရေလုပ်ငန်းတွေ လုပ်ကိုင်ကြပြီး တနင်္သာရီရိုးမဘက်မှာ တောင်ယာ/ဥယျာဉ်တွေ စိုက်ပျိုးကြပါတယ်။ မြို့ပြဧရိယာ၊ စက်မှုလုပ်ငန်းများနဲ့ အထွေထွေအဆောက် အအုံနေရာများ နုတ်ပယ်လိုက်ပါက လယ်ယာစိုက်ပျိုးနိုင်တဲ့နေရာက ကမ်းရိုးတန်းနဲ့ ရိုးမကြား ကွင်းပြားလေးတွေပဲကျန်ပါ တော့တယ်။

အဲဒီအထဲမှာမှ လယ်သမားတွေဟာ ပင်လယ်ရေငန်မဝင်ရောက်ရအောင်၊ စိုက်ပျိုးတဲ့အခါမှာ အထွက်နှုန်းမှန်ကန် တိုးတက်မှုရှိအောင် ဂရုစိုက်ကြရပါတယ်။ ဒီနှစ်မိုးစပါးရာသီမှာ တောင်သူလယ်သမားတွေ ထပ်မံကြုံတွေ့ရတာက လောင်စာဆီစျေးနှုန်း ကြီးမြင့်မှုကြောင့် စိုက်ပျိုးရေးစရိတ်တွေ ကြီးမြင့်လာခြင်း၊ ပင် လယ်ရေငန်ဝင်ရောက်မှုကြောင့် လယ်ပျက်တွေပေါများလာခြင်း စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

“ဒီနှစ်မိုးစပါးမစိုက်ပျိုးမီမှာ ကျွန်တော်တို့လယ်သမားတွေက စိုက်စရိတ်ကြီးမြင့်လာတာကြောင့် လုပ်ငန်းတွေရပ်နားရမယ့်အနေအထားဖြစ်လာပါတယ်။ တောင်သူတစ်ဝက် လောက်က စိုက်စရိတ်ကြီးလာတာရယ်၊ လယ်တွေထဲကို တာရိုးကျိုးပြီး ရေငန်တွေဝင်ရောက် နေတာကြောင့် မစိုက်ပျိုးတော့ဘူးလို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီအချိန်မှာ OK ဆန်စက်ပိုင် ရှင်က လယ်ထွန်စက်တစ်စီးဝယ်ပြီး ကျွန်တော် တို့လယ်တွေကို ထွန်ယက်ပေးတယ်။ ရေငန် ဝင်နေတဲ့နေရာတွေမှာ ပေပေါင်းတစ်သောင်း ကျော်လောက်အထိ ပြန်ဆယ်ယူ ပြုပြင်ပေးခဲ့ပါတယ်။ ရေထွက်မြောင်းတွေ ဖောက်လုပ်ပြီး ကျွန်တော်တို့ လယ်ပြန်စိုက်နိုင်အောင်ကူညီ ပေးခဲ့ပါတယ်။ ဒါကြောင့်ကျွန်တော်တို့လည်း လယ်ယာလုပ်ငန်းကို ပြန်လည်စိတ်ဝင်စားပြီး လုပ်ကိုင်ဖြစ်တယ်။ အဲဒီအတွက်ကြောင့်လည်း သူ့ကို ကျေးဇူးတင်နေရပါတယ်” လို့မြိတ်မြို့နယ် ကဘင်းကျေးရွာမှလယ်သမား ဦးထွန်းဝင်းက ပြောကြားခဲ့ပါတယ်။

ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ လယ်ယာမြေများမှာ တာရိုးကျိုးပြီး ရေငန်များဝင် ရောက်နေမှုကြောင့် လယ်ဧကထောင်နှင့်ချီကာ ပစ်ထားရတယ်လို ့တောင်သူတွေက ပြောကြားခဲ့ပါတယ်။

“တာရိုးကျိုးနေတဲ့အပိုင်းတွေကို နိုင်ငံတော်အစိုးရ ဆောင်ရွက်ပေးဖို့ အဓိကကျပါတယ်။ လယ်တွေက တာရိုးကျိုးနေတဲ့အတွက် မစိုက်နိုင်ဘဲ ဒီအတိုင်းပစ်ထားရတာ နှစ်နဲ့ချီနေပါပြီ။ ကျွန်တော်တို့ရွာမှာဆိုရင် ဧကတစ်ထောင်လောက်ရှိတယ်။ အခုအထိ ဒီအတိုင်း ပစ်ထားရတုန်းပါပဲ။ ပင်လယ်နဲ့ နီးတဲ့နေရာက လယ်တွေက ရေငန်တွေဝင်နေလို့ ဒီအတိုင်း ပစ်ထားတယ်။ အဲဒီတော့ အတွင်းဘက်ကိုလည်း ရေငန်တွေ ကျော်ဝင်လာတယ်။ အတွင်းဘက်က လယ်တွေလည်း ထပ်ပျက်စီးတယ်။  အဲဒီလိုနဲ့ပစ်ထားလိုက်ကြ၊ လယ်ပျက်စာရင်းသွင်းလိုက်နဲ့ လယ်ယာတွေက ပျက်စီးပျောက်ကွယ်ကုန်ကြတယ်” လို့ သစ်ယာဝကျေးရွာမှ လယ်သမားဦးမြညွန့်က ပြောကြားခဲ့ပါတယ်။

တခြားကျေးရွာတွေမှာလည်း အလားတူ ဖြစ်စဉ်များကြောင့် လယ်ယာများကို အလွယ်တကူ လယ်ပျက်စာရင်းသွင်းကာ တခြားနည်း အသုံးချမှု ပိုမိုများပြားလာနေတယ်လို့ သိရပါတယ်။

“တာကျိုးပြီး ရေငန်တွေဝင်နေတဲ့အတွက် လယ်တွေက မစိုက်ဘဲ လယ်ပျက်တွေအဖြစ် စာရင်းထည့်ကြတယ်။ တကယ်စိုက်ပျိုးနေတဲ့သူတွေက အတော်လေးဒုက္ခရောက်ကြပါ တယ်။ ကျွန်တော်က မျိုးစပါးထုတ်ပေးထား တဲ့အတွက် ဆုံးရှုံးမှုတွေဖြစ်နေပါတယ်။ အဲဒါမျိုးတွေကို တာဝန်ရှိသူတွေကလည်း ကြပ်မတ် ဆောင်ရွက်ပေးဖို့လိုပါတယ်။ ကျွန်တော်တို့  ဒေသမှာ လယ်ယာတွေကို အထွက်တိုးအောင် မျိုးစပါးတွေ ပြောင်းလဲပေးရမယ်။ နည်းပညာတွေ အကူအညီပေးရမယ်။ မြေယာတွေကို ပြုပြင်ပေးရမယ်။ စက်ကိရိယာတွေနဲ့ အစားထိုးပြီး လုပ်ပေးနိုင်ရင်တော့ ကျွန်တော်တို့ ဒေသမှာ ထိုက်သင့်သလောက် ဖူလုံမှုရှိလာမယ်လို့ထင်ပါတယ်” လို့ မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးထွေးဝေက ပြောကြားခဲ့ ပါတယ်။

ဒီီနှစ်မိုးစပါးစိုက်ပျိုးနိုင်ဖို့ တောင်သူလယ်သမားတွေကို စည်းရုံးမှုတွေ လုပ်ဆောင်နေရသလို သမဝါယမဌာနကလည်း လယ်ထွန် စက်နှစ်စီးနဲ့ တောင်သူများအတွက်လယ်ယာ ထွန်ယက်ပေးခြင်းကို  ဆောင်ရွက်ပေးရန်စီစဉ်နေကြောင်း သိရပါတယ်။ လယ်ပျက်များ တဖြည်းဖြည်းများပြားလာခြင်းနဲ့ စပါးဖူလုံမှု

မရှိတဲ့အတွက် မြိတ်ဒေသကို တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆန်တန်ဖိုး တစ်နှစ်လျှင် ကျပ်သိန်းပေါင်း နှစ်သောင်းခန့်အထိ ဝယ်ယူတင်သွင်းနေရတယ်လို့ ဆန်ကုန်သည် ဥက္ကဋ္ဌက ဆက်လက် ပြောကြားခဲ့ပါတယ်။

“ဆန်စပါးဖူလုံမှုရှိလာရင် အဲဒီသိန်း ပေါင်းနှစ်သောင်းက ကျွန်တော်တို့ဒေသက လယ်သမားတွေရမယ့်ငွေတွေပါ။ လယ်သမားတွေကိုလည်း စပါးဆက်လက်စိုက်ပျိုးနေဖို့ ကျွန်တော်တို့လည်း သက်ဆိုင်ရာဌာနနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး တတ်နိုင်သလောက်ဆောင် ရွက်ပေးနေပါတယ်” လို့ ဦးထွေးဝေက ဆိုပါ တယ်။

ကမ်းရိုးတန်းဒေသဖြစ်တဲ့ မြိတ်မြို့နယ်မှာ စပါးစိုက်ဧက ၄၂၄၉၃ ဧကခန့်ရှိကြောင်း စိုက်ပျိုးရေးဌာနစာရင်းအရ သိရှိရပေမဲ့ မြေပြင်တွင် ထိုထက်လျော့နည်းနေပြီဖြစ်ကြောင်း တောင်သူလယ်သမားများက ပြောကြားခဲ့ပါ တယ်။ နွေရာသီမှာ ရေသွင်းပြီး နွေစပါးစိုက်ပျိုးနိုင်တဲ့ အဆင့်အထိမရသေးတဲ့တိုင်အောင် မိုးရာသီတွင် မိုးစပါးစိုက်ပျိုးနေနိုင်ဖို့ လယ်သမားတွေကို သက်ဆိုင်ရာဌာနများက ကူညီပေးသင့်ကြောင်း၊ ရှိရင်းစွဲလယ်ယာများမှာ အထွက်နှုန်းကောင်းမွန်ဖို့ မျိုးကောင်းမျိုးသန့် များ လုံလောက်အောင် ထုတ်ပေးခြင်း၊ ရေငန် ဝင်ရောက်နေသည့် လယ်ယာများကို စနစ်တကျ ပြန်လည်ပြု ပြင်ပေးခြင်း၊ လယ်ပျက်စာ ရင်းသွင်းနေမှုများကို ကြပ်မတ်စွာ ဆောင်ရွက်ပေးနိုင်ပါက ကမ်းရိုးတန်းဒေသတွေမှာလည်း အထိုက်အလျောက်စပါးဖူလုံမှုရှိလာ မည်ဖြစ်သလို တောင်သူလယ်သမားတွေရဲ့ ဘဝများမှာလည်း ဆင်းရဲတွင်းက လွတ်မြောက်ကြမှာ ဖြစ်ပါတယ်။

Most Read

Most Recent