နှစ်အလိုက် မြန်မာ-စင်ကာပူ ကုန်သွယ်မှုစာရင်းတွင် စင်ကာပူမှ သွင်းကုန်တင်သွင်းမှုများပြားခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၁၇၂၂ သန်းကျော်တွင် စင်ကာပူက သွင်းကုန်ဒေါ်လာ ၁၆၀၂ သန်းကျော်အထိ တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း မြန်မာဘက်မှ ပို့ကုန်ဒေါ်လာ ၁၁၉ ဒသမ ၅၁၀ သန်း၊ စင်ကာပူဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၆၀၂ ဒသမ ၆၆၂ သန်းဖြင့် နှစ် နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၁၇၂၂ ဒသမ ၁၇၂ သန်း ရရှိထားကြောင်း သိရသည်။
နှစ်အလိုက် မြန်မာ-စင်ကာပူ နှစ်နိုင်ငံ ကုန်သွယ်မှုအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၇၅၃ ဒသမ ၄၉၅ သန်း၊ စင်ကာပူမှ သွင်းကုန် တန်ဖိုး ဒေါ်လာ ၃၀၈၄ ဒသမ ၆၃၁ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၈၃၈ ဒသမ ၁၂၆ သန်းရရှိခဲ့သည်။
၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ မြန်မာဘက်မှပို့ကုန်တန်ဖိုး ဒေါ်လာ ၁၉၀ ဒသမ ၄၂၉ သန်း၊ စင်ကာပူမှ သွင်းကုန်တန်ဖိုး ဒေါ် လာ ၁၈၀၆ ဒသမ ၈၂၉ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၉၉၇ ဒသမ ၂၅၈ သန်း ရရှိခဲ့ကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၃၄၄ ဒသမ ၇၄၀ သန်း၊ စင်ကာပူမှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၃၁၆၂ ဒသမ ၅၁၁ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၅၀၇ ဒသမ ၂၅၀ သန်း ရရှိခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၇၅၃ ဒသမ ၁၁၄ သန်း၊ စင်ကာပူမှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၃၀၅၂ ဒသမ ၁၉၄ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၈၀၅ ဒသမ ၃၀၇ သန်း ရရှိခဲ့သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ မြန်မာဘက်မှ ပို့ကုန်ဒေါ်လာ ၂၀၇ ဒသမ ၄၀၁ သန်း၊ စင်ကာပူဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၆၀၄ ဒသမ ၂၁၉ သန်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၂၈၁၁ ဒသမ ၆၂၀ သန်းရရှိခဲ့သည်။
အမျိုးသားပို့ကုန် မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ သည် မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်များနှင့် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရေးအတွက် အစိုးရ၊ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းလုပ်ဆောင်နိုင်မည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
“NES ၂၀၂၀-၂၀၂၅ ဟာ မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်များနဲ့ အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရေးအတွက် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများနဲ့ ပုဂ္ဂလိကကဏ္ဍတို့ အတူတကွ ပူးပေါင်းလုပ်ဆောင်လာနိုင်မည့် အခွင့်အရေးတစ်ခုပင်ဖြစ်ပါတယ်။ကမ္ဘာတစ်ဝန်းလုံးမှ အာရှတိုက်ကို အာရုံစိုက်လာခြင်းသည်လည်း မြန်မာနိုင်ငံအတွက် အခွင့်အရေးအသစ်တွေနဲ့ စိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ NES ကို အကောင်အထည်ဖော်ခြင်းအားဖြင့် မြန်မာနိုင်ငံမှ ကမ္ဘာကြီး၏ တန်ဖိုးမြှင့်တင်မှု ကွင်းဆက်တွင်ပါဝင်နိုင်ရန် နည်းလမ်း အဖြေများ ဖော်ထုတ်ပေးနိုင် မှာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ မူဘောင်သည် မြန်မာနိုင်ငံ၏ မိုက်ခရို၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများနှင့် ပြည်တွင်းနှင့် ကမ္ဘာ့စီးပွားရေးစျေးကွက်တွင် လက်ရှိ တင်ပို့ရောင်းချနေသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးမည်ဖြစ်ကြောင်း သိရသည်။















