ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ် ၊ ဟိုက်ဖတ်ကျေးရွာ တံတားဖြူအနီး တွင် မေလ ၈ ရက် နေ့ ည ၇ နာရီခန့်က လူနာတင် ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောင်ကြီးမြို့မှ မိုးနဲမြို့သို့ပြန်လည်မောင်းနှင်လာစဉ် နမ့်စန်မြို့နယ် ဟိုက်ဖတ်ကျေးရွာအုပ်စု မိုင်တိုင်အမှတ်(၁၆/၀)နှင့်(၁၆/၁)အကြား တံတားဖြူ အနီး တွင် မော်တော်ယာဉ် ချို့ယွင်းမှုဖြစ်ပွား၍ လမ်း၏ ယာဘက် လျှိုအတွင်းသို့ ထိုးကျတိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
မော်တော်ယာဉ်ပေါ် ပါလာသော လူနာမှာ မိုးနဲမြို့နေ အသက် (၇၂) နှစ်အရွယ် မျက်စိခွဲစိတ်လူနာအမျိုးသားတစ်ဦးနှင့် အသက်(၃၀)နှစ် အရွယ် လူနာစောင့် အမျိုးသမီးတစ်ဦးကို တင်ဆောင်လာသော လင်းခေးမြို့နယ် လူမှုကူညီရေးအသင်းမှ ယာဉ်သည် တောင်ကြီးမြို့မှ မိုးနဲ့မြို့သို့ ပြန်လာခြင်း ဖြစ်ကြောင်း သိရသည်။
ယဉ်ပေါ်ပါ လူနာ ဉီးကျော်အေး တွင် ထိခိုက်ဖူးယောင်ဒဏ်ရာ(မစိုးရိမ်ရ) နှင့် လူနာစောင့် မခမ်းစန် တွင် မျက်နှာနှင့်လည်ပင်းတို့တွင် သွေးထွက်ဒဏ်ရာ(စိုးရိမ်ရ)များရရှိခဲ့သဖြင့် ကူညီကယ်ဆယ်သူများက နမ့်စန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ကုသမှုခံယူနေစဉ် မခမ်းစန်မှာ ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါ ယာဉ်၏ ကြံ့ခိုင်မှုအား စစ်ဆေးခြင်း မရှိဘဲ မောင်းနှင်သဖြင့် ယာဉ်ပေါ် ပါသူများအား သေဆုံး၊ ဒဏ်ရာ ရရှိအောင် မောင်းနှင်သူ ယာဉ်မောင်း စိုင်းကျော်ဝင်း အား နမ့်စန်မြိုမရဲစခန်း၌ ရာဇသတ်ကြီး ၂၇၉/၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
■ Photo: လူမှုကွန်ရက်















