ဘိုင်ဒင်က ပူတင်ကို လက်မခံနိုင်စရာစကားများဖြင့် ထိုးနှက်ခဲ့သောကြောင့် အမေရိကန်နှင့် ဆက်ဆံရေးဖြတ်တောက်လုဆဲဆဲအနေအထား၌ရှိနေဟု ရုရှားနို်င်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ဘိုင်ဒင်က ပူတင်ကို လက်မခံနိုင်စရာစကားများဖြင့် ထိုးနှက်ခဲ့သောကြောင့် အမေရိကန်နှင့် ဆက်ဆံရေးဖြတ်တောက်လုဆဲဆဲအနေအထား၌ရှိနေဟု ရုရှားနို်င်ငံခြားရေးဝန်ကြီးဌာန ပြောကြား
ရုရှား၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ယာမာနီနတ်ဒေသ၏ အုပ်ချုပ်ရေးမှူးကို လက်ခံတွေ့ဆုံနေသည့် သမ္မတပူတင်အား မတ်လ ၂၁ ရက်က တွေ့ရစဉ် (Photo-AFP)
ရုရှား၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ယာမာနီနတ်ဒေသ၏ အုပ်ချုပ်ရေးမှူးကို လက်ခံတွေ့ဆုံနေသည့် သမ္မတပူတင်အား မတ်လ ၂၁ ရက်က တွေ့ရစဉ် (Photo-AFP)
Published 22 March 2022
Ref:Reuters

ရုရှားသည် အမေရိကန်နှင့် အဆက်အသွယ်ဖြတ်တောက်လုဆဲဆဲအနေအထားတွင် ရှိနေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံအမတ်ကို ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန်က ပြင်းထန်သည့် ပိတ်ဆို့မှုများ ချမှတ်လျက်ရှိသည့်ကြားထဲ ရုရှားက ယူကရိန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေချိန် မတ်လ ၂၂ ရက် နံနက်ပိုင်းတွင် အမေရိကန်သံအမတ် ဂျွန်ဆူလီဗန်ကို သတိပေးခြင်းဖြစ်သည်ဟု ရိုက်တာက ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ လက်မခံနိုင်စရာမှတ်ချက်များက နှစ်နိုင်ငံအချင်းချင်း ဆက်ဆံမှုများ ပြတ်တောက်စေမည့် အနေအထားသို့ တွန်းပို့ခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မစ္စတာဆူလီဗန်ကို ပြောကြားခဲ့သည်ဟု သိရသည်။

လွန်ခဲ့သော သီတင်းပတ်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီး၏ ကွန်ဂရက်သို့ ပြောကြားသော ပူးတွဲမိန့်ခွန်းအပြီး၌ သမ္မတဘိုင်ဒင်က သမ္မတပူတင်ကို “စစ်ရာဇဝတ်ကောင်၊”  “ကြောက်မက်ဖွယ် အာဏာရှင်”ဟု ပြောကြားခဲ့သည်။

မစ္စတာဘိုင်ဒင်သည် မတ်လ ၁၇ ရက်က  အမေရိကန်လွှတ်တော်၌  ပြုလုပ်ခဲ့သော “အိုင်ယာလန်မိတ်ဆွေများ နှစ်စဉ် နေ့လယ်စာ စားပွဲအခမ်းအနား” တွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ခြင်းဖြစ်ပြီး မစ္စတာပူတင်သည် ယူကရိန်းပြည်သူများအပေါ် မကောင်းသည့် စစ်ပွဲနွှဲနေသည့် လူမိုက်စစ်စစ်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ သက်ဦးစံပိုင်စနစ်တွေနဲ့ ဒီမိုကရေစီစနစ်တွေအကြား စစ်မှန်တဲ့အကျပ်အတည်းထဲ ရောက်နေကြတယ်လို့ ထင်ပါတယ်။ ဒီမိုကရေစီကို ကျွန်တော်တို့ ထိန်းသိမ်းထားနိုင်ခြင်းရှိ မရှိဆိုတဲ့ အနေအထားကို ရောက်နေတာဖြစ်ပါတယ်” ဟု မစ္စတာဘိုင်ဒင်က ပြောကြားသည်။

သမ္မတဂျိုးဘိုင်၏ စကားများက ရုရှားနှင့် စကားစစ်ထိုးပွဲများကို ပေါ်ပေါက်စေခဲ့ပြီး ရုရှားလုုံခြုံရေးကောင်စီ၏ ဒုတိယအတွင်း  ဝန်ဒီမီထရီမက်ဗီဒက်က အမေရိကန်နှင့် အမေရိကန်၏ မဟာမိတ်များသည် စိတ်ပျက်စရာကောင်းသည့် ရုရှားဆန့်ကျင်ရေး ခြေပုန်းခုတ်သူများဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။

“ဒါဟာအလုပ်ဖြစ်မှာ မဟုတ်ပါဘူး” ဟု မတ်လ ၁၇ ရက်တွင် မက်ဗီဒက်က ပြောကြားခဲ့သည်။ “ရုရှားဟာ မထီတရီလုပ်နေတဲ့ ရန်သူတွေကို မတူသလို မတန်သလို သဘောထားနိုင်တဲ့ အင်အားကို ပိုင်ဆိုင်ထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“မစ္စတာဘိုင်ဒင်ရဲ့စကားဟာ လုံးလုံးခွင့်ပြုလို့မရတဲ့ စကား၊ လက်ခံလို့မရတဲ့ စကား၊ ခွင့်မလွှတ်နိုင်တဲ့ စကားဖြစ်ပါတယ်။ အဓိကအချက်ကတော့ ကမ္ဘာတစ်ဝန်းမှာ လူတွေကို နှစ်ပေါင်းများစွာ ဗုံးကြဲခဲ့တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အကြီးအကဲ၊ အဲဒီလိုနိုင်ငံရဲ့သမ္မတက ဒီလိုမျိုးစကားတွေကို ပြောခွင့်မရှိဘူးဆိုတာပဲဖြစ်ပါတယ်” ဟု ပူတင်ပြောရေးဆိုခွင့်ရှိသူ ပက်စကော့က ပြောကြားခဲ့သည်။

၁၉၄၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် အရှုံးပေးခဲ့သောဂျပန်ကို ဗုံးကြဲခဲ့ကာ ဟီရိုရှီးမားနှင့် နာဂါစကီမြို့ကြီးများကို ဖျက်ဆီးခဲ့သည်ဟု ပက်စကော့က ဆိုသည်။

ဗုံးများကြောင့် လူ ၂၀၀၀၀၀ ဝန်းကျင် ချက်ချင်းသေဆုံးခဲ့ကာ ရေဒီယိုသတ္တိ်ကြွမှု လွန်ကဲခြင်းကြောင့် ဖြစ်သောရောဂါကြောင့် နောက်ထပ်လူအများအပြား သေဆုံးခဲ့ရသည်။                                            

Most Read

Most Recent