နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာငွေကျပ်နှင့် နိုင်ငံခြားငွေကြေး တိုက်ရိုက်ပေးချေမှုများ

နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာငွေကျပ်နှင့် နိုင်ငံခြားငွေကြေး တိုက်ရိုက်ပေးချေမှုများ
မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်သို့ သွားရောက်မည့် ယာဉ်တန်းကို ကိုဗစ်ကာလမတိုင်မီက တွေ့ရစဉ်
မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်သို့ သွားရောက်မည့် ယာဉ်တန်းကို ကိုဗစ်ကာလမတိုင်မီက တွေ့ရစဉ်
Published 21 March 2022
နီလာ

မြန်မာငွေကျပ်ကို ယွမ်၊ ဘတ်၊ ရူပီးတို့နှင့် တိုက်ရိုက်ပေးချေနိုင်ရန် တရုတ်၊ ထိုင်း၊ အိန္ဒိယတို့နှင့် လက် မှတ်ရေးထိုးပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

နယ်စပ်ကုန်သွယ်ရေးဆောင် ရွက်ရာတွင် ငွေပေးချေရာ၌ ယခင်က ကုန်သွယ်ဖက်နိုင်ငံ၏သုံးငွေကို  ဒေါ်လာလဲလှယ်ခြင်း၊ မြန်မာကျပ်ငွေကို ဒေါ်လာသို့ လဲလှယ်ခြင်းများ  ပြုလုပ်ပြီးမှသာ ငွေပေးချေမှုများ ဆောင်ရွက်ခြင်းဖြစ်သည်။

■ ယွမ်-ကျပ် တိုက်ရိုက် အသုံးပြုပေးချေမှု 

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့် ပြုကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ် ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၁၇ နှင့် ပုဒ်မ ၂၂ တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ယင်းအမိန့်ကြော်ငြာစာကို ထုတ်ပြန်ခြင်းဖြစ်သည်။ 

“တရုတ်နယ်စပ်မှာ အရောင်း အဝယ် လုပ်နေတဲ့ ကုန်သည်တွေအနေနဲ့ ပြောရရင်တော့ အရင်တုန်းက ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ နိုင်ငံတော်ကို အခွန်ဆောင်ရတယ်။ နိုင်ငံတော်က အခွန်စည်းကြပ်တယ်ပေါ့။ အခွန်ဆောင်ရတဲ့အခါ သတ်မှတ်ဈေးဆိုတာရှိတယ်။ ကျွန်တော်တို့က ဆန်ရောင်းတယ်ပေါ့။ဆန်ကို တရုတ်  ပြည်ကိုရောင်းလိုက်တယ်။ တစ်တန်ကို  ရောင်းရတဲ့ငွေက ယွမ်ငွေ ၃၀၀၀ ရတယ်။ ဒါပေမဲ့ သူတို့က ယွမ်ငွေ နဲ့ ဈေးနှုန်းကို မသတ်မှတ်ဘူး။အမေရိကန်ဒေါ်လာနဲ့သတ်မှတ်တယ်။ ဥပမာဆိုကြပါစို့။  ဆန်ရောင်းရတာက တစ်တန်ကို ယွမ်ငွေ ၃၀၀၀ နဲ့ရောင်းရတယ်။ ဒါပေမဲ့အခွန်စည်းကြပ်တော့ တစ်တန်ကို အမေရိကန် ဒေါ်လာ ၂၈၀ နဲ့ သတ်မှတ်တယ်။ ဒေါ်လာ ၂၈၀ နဲ့သတ်မှတ်ပြီးတော့ ကျွန်တော်တို့က သတ်မှတ်ချက်ကို ဗဟိုဘဏ် ပေါက်ဈေးနဲ့ မြန်မာကျပ်ငွေနဲ့ပြန်လဲလို့ရတယ်။ မြန်မာကျပ် ငွေနဲ့လဲပြီးကာမှ  မြန်မာ့စီးပွားရေးဘဏ်မှာ အခွန်ဆောင်ရတယ်။ အဲဒါ က ဘာတုန်းဆိုတော့ ယွမ်ငွေနဲ့ တိုက်ရိုက်လဲခွင့်မရှိတဲ့အချိန်တုန်းက။ အခုဆိုရင်တော့ ကျွန်တော်တို့က တရုတ်ပြည်ကို ယွမ်ငွေနဲ့ပဲ ရောင်းတယ်။ တရုတ်ဘက်ကလည်း ယွမ်ငွေနဲ့ လက်ခံတယ်။ အခွန်စည်းကြပ်တဲ့နေရာမှာလည်း  သတ်မှတ်ဈေးအဖြစ် အရင်လို အမေရိကန်ဒေါ်လာနဲ့မသတ်မှတ်တော့ဘူး”ဟု ဆန်စပါး ကုန်စည်ဒိုင်(မူဆယ်) ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောကြားသည်။

ယင်းသို့ အခွန်ဆောင်ရာတွင်  ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်သည့်  သတ်မှတ်ငွေလဲနှုန်းအတိုင်း မြန်မာ ကျပ်ငွေဖြင့် အခွန်ပေးဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရောင်းရတာက ဆိုကြပါစို့။ တစ်တန်ကို တရုတ်ယွမ် ငွေ ၃၀၀၀ ရောင်းရရင် အဲဒီတရုတ် ယွမ်ငွေ ၃၀၀၀ ကိုပဲ  သတ်မှတ်ဈေးအဖြစ် နိုင်ငံတော်က သတ်မှတ်တယ်။ ပြီးတော့မှ ဗဟိုဘဏ်ပေါက် ဈေးအတိုင်း ယွမ်ငွေကနေ ကျပ်ငွေ ပြောင်းပြီးတော့မှ ကျွန်တော်တို့က အခွန်စည်းကြပ်ရင် မြန်မာကျပ်ငွေနဲ့ပဲ ဆောင်ရတယ်။ ယွမ်ငွေနဲ့ မဆောင်ရဘူး။ ဒါကဘာလဲဆိုရင် ဗဟိုဘဏ်ကနေ နေ့စဉ်ယွမ်ငွေ ပေါက် ဈေးထုတ်ပြန်ပေးတယ်။ အဲဒီယွမ်ငွေပေါက်ဈေးအတိုင်း မြန်မာကျပ် ငွေနဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ  အခွန်ဆောင်ရတယ်။ အဲဒီကိစ္စကတော့ အခွန်ဆောင်တဲ့နေရာမှာ အရင်တုန်းက ဒေါ်လာကို ကျွန်တော်တို့က မှီခိုနေရတဲ့သဘောရှိတယ်။ဒေါ်လာဈေးကို အမြဲတမ်းမေးနေရတာ။ အခုက မေးလည်းမေးစရာမလိုတော့ဘူး။ ဒေါ်လာကိုလည်း မှီခိုစရာမလိုတော့ဘူး။ ဗဟိုဘဏ်က သတ်မှတ်တဲ့ယွမ်ငွေ ပေါက်ဈေးအတိုင်း မြန်မာငွေပြောင်းပြီး အခွန်ဆောင်လို့ရတယ်။ အဲဒီအတွက် အခွန်ဆောင်တဲ့နေရာမှာ ပိုပြီး အဆင် ပြေလာတယ်။အရင်တုန်းကတော့ တစ်ဆင့်ကျော် နေရတယ်။ အခုကတော့ တစ်ဆင့်ကျော်စရာမလိုတော့ ဘူး”ဟု မူဆယ်နယ်စပ်မှ ကုန်သည်တစ်ဦးက ပြောပြသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေမှုကိုဆောင်ရွက်ခွင့် ပြုလိုက်သည့်အတွက် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့် ဘဏ် (Designated Bank) များတွင် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်မည့် သွင်းကုန် တင်သွင်းသူများနှင့် ပို့ကုန်တင်ပို့သူများ၏ ယွမ်စာရင်းဖွင့်လှစ်ခွင့်ပြုထားသည်။ 

ဗဟိုဘဏ်က ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေခွင့်အတွက် Bank of China-BOC (Hong Kong) ရန်ကုန်ရုံးခွဲနှင့် Industrial and Commercial Bank of China (ICBC) တို့ကို ဆောင်ရွက်ခွင့်ရသည့်ဘဏ် Designated Bank အဖြစ် ရွေးချယ်ထားကြောင်း သိရသည်။

သို့ဖြစ်ရာ ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် အဆိုပါ  ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank) များတွင် ယွမ်စာရင်းဖွင့်လှစ်ပြီး ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်သည်။

■ မတ် ၂၁ ရက်တွင် စတင် အသုံးပြုတော့မည့် ဘတ်-ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှု 

ထိုင်း- မြန်မာ နယ်စပ်ဒေသတွင် ဘတ်ငွေနှင့် ကျပ်ငွေတိုက်ရိုက်အသုံးပြုပေးချေနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် မတ် ၃ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်ရန်၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန်အပြင် ASEAN Financial Integration 

 ၏ရည်ရွယ်ချက်များနှင့်အညီ ပြည်တွင်းငွေကြေးသုံးစွဲမှုကို တိုးမြှင့်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်မည့် သွင်းကုန်တင်သွင်းသူများနှင့် ပို့ကုန်တင်ပို့သူများ၏ ဘတ်စာရင်းကို ဘတ်ငွေနှင့် ကျပ်ငွေတိုက်ရိုက်အသုံးပြုပေးချေမှု ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank) များတွင် ဖွင့်လှစ်ခွင့်ပြုခြင်း ဖြစ်သည်။

Designated Bank များအနေဖြင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ဘတ်၊  ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေး လုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက်ကို လိုက်နာရမည် ဖြစ်သည်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီ နှင့် တာချီလိတ်ဒေသများတွင် ဘတ်/ကျပ် တိုက်ရိုက်ပေးချေမှုကို မတ် ၂၁ ရက်စတင်၍ သုံးလစမ်းသပ်ဆောင်ရွက်မည်ဖြစ်ကြောင်း မတ်  ၁၀ ရက်က ပြုလုပ်သည့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေရေးဆိုင်ရာ လုပ်ငန်းစဉ်များရှင်းလင်းညှိနှိုင်း အစည်းအဝေးပွဲမှ သိရသည်။

ဘတ်/ကျပ်  ဈေးကွက် ငွေလဲလှယ်နှုန်းကို အသုံးပြုဆောင်ရွက်နိုင်ရေးနှင့် ကုန်သွယ်မှုမှရရှိသည့် ဘတ်ငွေကို မြန်မာကျပ်သို့လဲလှယ်၍ ငွေသားပြန်လည်ထုတ်ယူရာတွင် အဆင်ပြေစေရေးတို့ကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံနယ်စပ်များဖြစ်ကြသည့် မြဝတီနှင့်တာချီလိတ်ဒေသတို့တွင် ဘတ်/ကျပ် တိုက်ရိုက်ပေးချေမှုစနစ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရေး၊ စမ်းသပ်ကာလ (Pilot Period) အဖြစ် မတ် လ ၂၁ ရက်မှ စတင်၍ သုံးလဆောင်ရွက်ရန်ဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ငါးလကျော်အတွင်း  မြန်မာ-ထိုင်းနယ်စပ်ရှိ  တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီးနှင့် မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ နယ်စပ်ကုန်သွယ်မှု စုစုပေါင်း ဒေါ်လာ သန်း ၂၃၆၀ ကျော်ရှိသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကာလတူက ဒေါ်လာ ၁၇၆၇ သန်းကျော်သာရှိသည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် မတ် ၁၁ ရက်အထိမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ  ၅၉၃ ဒသမ ၀၃၁ သန်းအထိ ကုန်သွယ်မှု ပိုမိုပြုလုပ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

■ ယွမ်၊ ဘတ်ငွေကို လက်ခံပြီးနောက် ရူပီးကိုပါ အသုံးပြုပေးချေရန် စီစဉ်

နယ်စပ်ကုန်သွယ်ရေးအတွက် ထိုင်းဘတ်ငွေကို လက်ခံပြီးနောက်­အိန္ဒိယရူပီးငွေကို အသုံးပြုရန် မြန်မာနိုင်ငံက စဉ်းစားနေကြောင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

နယ်စပ်ကုန်သွယ်ရေး၌ငွေလွှဲပြောင်းမှု ပြဿနာကို ဖြေရှင်းခဲ့ပြီးနောက် အလားတူကိစ္စအတွက် အလားတူအစီအစဉ်ဖြင့် အိန္ဒိယရူပီးငွေကိုလည်း အသုံးပြုရန် စဉ်းစားနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့က မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

“အမေရိကန်ဒေါ်လာအပေါ် မှီခိုနေရမှုကို လျှော့ချခြင်းအားဖြင့် ပြင်ပ ပထဝီနိုင်ငံရေးအကြောင်းခြင်းရာတွေကြောင့် ငွေလဲလှယ်နှုန်း ရုတ်တရက်ပြောင်းလဲတဲ့ အန္တရာယ်ကို  ကျွန်တော်တို့ လျှော့ချနိုင်ပါလိမ့်မယ်”ဟု အဆိုပါဝန်ကြီးဌာနများက ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြား ထားသည်။ ၎င်းအပြင်  ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် ဒေါ်လာငွေကြေးအား အလေးထားမှုကြောင့် ဖြစ်ပွားသော ငွေကြေးဖောင်းပွမှုကိုလျှော့ချရာတွင်လည်း အထောက် အကူပြုနိုင်လိမ့်မည်ဟုလည်း ဆိုသည်။

ယင်းကဲ့သို့ စီစဉ်မှုများသည်  စီးပွားရေး ပြန်လည်နာလန်ထရေးကိုလည်း အထောက်အကူပြုလိမ့်မည်ဟု ၎င်းဝန်ကြီးဌာနများက  ပြောကြားခဲ့သည်။ စွမ်းအင်ဈေးနှုန်းများ မြင့်တက်ခဲ့သည့်တိုင် မြန်မာနိုင်ငံသည် အောက်တိုဘာ ၂၀၂၂ ခုနှစ် တွင် ကုန်ဆုံးမည့်ဘဏ္ဍာရေး နှစ်အတွင်း GDP ကြီးထွားမှုနှင့်ပတ်သက်၍ စံချိန်တင်လောက်အောင် လိုက်လျောညီထွေအဖြစ်ဆုံးပြုနိုင်လိမ့်မည်ဟုလည်းဆိုကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ သုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှု၏ ၇၁ ရာခိုင်နှုန်း ကျော်ကို အာရှဒေသသို့ တင်ပို့ခဲ့ပြီး အီးယူသို့တင်ပို့မှု ၂၁ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်အများဆုံးတင်ပို့ခဲ့သည့် နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန် နှင့် အမေရိကန်တို့ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ သုံးစွဲမှု လိုအပ်ချက်များကို လျှော့ချနိုင်ရေး အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှုတွင် တရုတ်နှင့် ယွမ်-ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်နေပြီဖြစ်သည်။ ထို့ပြင် မြန်မာ -ထိုင်း နယ်စပ်တွင် ဘတ်-ကျပ် တိုက်ရိုက် အသုံးပြုပေးချေမှုကို မတ် ၂၁ ရက်တွင် စတင်စမ်းသပ် အသုံးပြုတော့မည်ဖြစ်သည်။

ထို့နောက် အိန္ဒိယနှင့်ကုန်သွယ်မှုတွင်လည်း ရူပီး-ကျပ်တိုက်ရိုက် ပေးချေနိုင်ရေး ညှိနှိုင်းမှုများ ဆောင်ရွက်နေပြီ ဖြစ်သည်။

ယင်းကဲ့သို့ တိုက်ရိုက်ငွေပေးချေမှုများကို ကနဦးအနေဖြင့် နယ်စပ်ကုန်သွယ်ရေး (Border Trade) တွင် ဆောင်ရွက်ပြီး ပုံမှန်ကုန်သွယ်ရေး (Normal Trade) ကိုပါ ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။                      

Most Read

Most Recent