■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 5 March 2022

လက်စတာ - လိဒ်စ် (မြန်မာစံတော်ချိန် မတ်လ ၅ ရက် ည ၇:၀၀ နာရီ)

လိဒ်စ်ယူနိုက်တက်က နည်းပြအပြောင်းအလဲဖြစ်သွားခဲ့ပြီး ဒီပွဲကို ဘယ်လိုပုံစံနဲ့ ပွဲထွက်လာမလဲဆိုတာကို စောင့်ကြည့်ရမယ်။ လက်စတာကလည်း နိုင်ပွဲတွေအကြာကြီး ဝေးကွာနေရာက ဘန်လေအသင်းနဲ့ပွဲမှာ နိုင်ပွဲပြန်ရှာတွေ့ခဲ့တယ်။ ဒီပွဲလည်း လက်စတာ နိုင်ပွဲဆက်မယ့် အနေအထားဖြစ်ပြီး ခက်ခက်ခဲခဲတော့ ကစားရလိမ့်မယ်ထင်တယ်။ လက်စတာ (၂-၁)လောက်ဖြစ်မယ်။ 



အက်စတွန်ဗီလာ - ဆောက်သမ်တန် (မြန်မာစံတော်ချိန် မတ်လ ၅ ရက် ည ၉:၃၀ နာရီ)

ဂျရတ်ရဲ့ အက်စတွန်ဗီလာက ကစားသမားအင်အား ကောင်းသလို၊ ခြေစွမ်းပိုင်းလည်း မဆိုးဘူး။ ခံစစ်ပိုင်းက နည်းနည်းတိုးတက်လာပေမဲ့ တိုက်စစ်က ဂိုးရဖို့ခက်နေတာလည်း တွေ့ရတယ်။ နောက်ဆုံးပွဲမှာတော့ ဘရိုက်တန်ကို နိုင်ပွဲရခဲ့တယ်။ ဆောက်သမ်တန်က အကောင်းဆုံးပုံစံကို ပြသနေပြီး ခံစစ်ရော၊ တိုက်စစ်ပါ ပုံစံကောင်းပြသနေတယ်။ ဒီပွဲက သရေကျဖို့များပြီး အနိုင်ဆိုရင်တော့ ဆောက်သမ်တန်ကို ကြိုက်တယ်။ 



ဘန်လေ - ချယ်လ်ဆီး (မြန်မာစံတော်ချိန် မတ်လ ၅ ရက် ည ၉:၃၀ နာရီ)

ချယ်လ်ဆီးအသင်းက အသင်းပိုင်ရှင်ရဲ့ နိုင်ငံရေးပြဿနာတွေကြောင့် အသင်း ပိုင်ဆိုင်မှုဆိုင်ရာကိစ္စတွေ ရှုပ်ထွေးနေတယ်။ ကစားသမားတွေကတော့ ပွဲကို အပြည့်အဝအာရုံစိုက်ဖို့ ကြိုးစားမှာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကလည်း သေချာတဲ့အနေအ ထားမျိုးဖြစ်ပြီး နိုင်သင့်တဲ့ပွဲတချို့ နိုင်သွားဖို့ပဲလိုတယ်။ ဒါကြောင့် အခြေအနေက ဖိအားလည်းကင်းပါတယ်။ ချယ်လ်ဆီးကို ကြိုက်တယ်။ 



နယူးကာဆယ် - ဘရိုက်တန် (မြန်မာစံတော်ချိန် မတ်လ ၅ ရက် ည ၉:၃၀ နာရီ)

နယူးကာဆယ်က ရလဒ်တွေဆက်တိုက်ကောင်းနေပြီး တန်းဆင်းဇုန်အန္တရာယ်ကလည်း လွတ်ဖို့ သေချာသလောက်ဖြစ်သွားပြီ။ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကြီးကြီးမားမား ပြောင်းလဲမှုမရှိဘဲ ရလဒ်တွေက သိသိသာသာတိုးတက်သွားခဲ့တယ်။ ဘရိုက်တန်က အသင်းကောင်းတစ်သင်းဆိုပေမဲ့ နောက်ဆုံး (၃)ပွဲဆက် ရှုံးပွဲတွေ့ခဲ့ပြီး လက်ရှိ နယူးကာဆယ်ရဲ့ ခြေစွမ်းနဲ့ဆိုရင် ဘရိုက်တန် ရှုံးပွဲတွေ့ဦးမှာပဲ။ 



နောဝစ်ချ် - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် မတ်လ ၅ ရက် ည ၉:၃၀ နာရီ)

နောဝစ်ချ်က နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ပြီး ဘရန့်ဖို့ဒ်ကလည်း ရလဒ်တွေ ဆက်တိုက်ဆိုးနေတဲ့အသင်းဖြစ်တယ်။ နှစ်သင်းစလုံးအတွက် အရေးပါတဲ့ပွဲဖြစ်ပြီး ဘရန့်ဖို့ဒ်ကလည်း နောက်ပိုင်းပွဲရလဒ်တွေကြောင့် တန်းဆင်းအန္တရာယ် စိုးရိမ်လာရတယ်။ လိဂ်ချန်ပီယံရှစ် ပြိုင်ဘက်ဟောင်းတွေဖြစ်ပြီး တစ်သင်းနဲ့တစ်သင်း အကြောင်းသိတွေပါ။ ဒီပွဲမှာတော့ နောဝစ်ချ်ကို ကြိုက်တယ်။ 



ဝုလ်ဗ် - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် မတ်လ ၅ ရက် ည ၉:၃၀ နာရီ)

ဝုလ်ဗ်က အထင်ကြီးစရာ ခြေစွမ်းမျိုးကို ပြသနိုင်ပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ (၅) ပွဲမှာ (၃)ပွဲရှုံးခဲ့တာ၊ နောက်ဆုံးနှစ်ပွဲဆက် ရှုံးပွဲတွေ့ထားတာတွေကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်နဲ့ ဝေးသွားပြီ။ ပဲလေ့စ်ထက်တော့ ပိုအားကောင်းပြီး ကစားပုံရော၊ ရလဒ်ပိုင်းပါ သာပါတယ်။ ကစားရမှာကလည်း အိမ်ကွင်းဖြစ်နေလို့ ဝုလ်ဗ် နိုင်ပွဲပြန်ရှာတွေ့လိမ့်မယ်။ 



လီဗာပူးလ် - ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် မတ်လ ၅ ရက် ည ၁၂:၀၀ နာရီ)

မန်စီးတီးက မန်ယူနဲ့ အိမ်ကွင်းပွဲစဉ်ကစားရမယ့်အချိန်မှာ လီဗာပူးလ်ကလည်း အန်ဖီးလ်မှာ ဝက်စ်ဟမ်းကို အနိုင်ကစားပြီး နိုင်ပွဲရှာဖွေဖို့ ကြိုးစားရလိမ့်မယ်။ မန်စီးတီးရဲ့ခြေအချော်ကို စောင့်ကြည့်ရမှာဖြစ်တယ်။ ဝက်စ်ဟမ်းအသင်းက ကစားပုံကောင်းပြီး နောက်ပိုင်းပွဲတွေမှာလည်း ခြေပြန်ငြိမ်လာတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အသင်းကောင်းတစ်သင်းဖြစ်တဲ့ ဝုလ်ဗ်အသင်းကို အနိုင်ကစားခဲ့တယ်။ ဒါပေမဲ့ လက်စတာ၊ နယူးကာဆယ်တို့နဲ့ပွဲတွေမှာတော့ သရေကျခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်ရမယ့်အနေအထားဖြစ်နေတယ်။ လီဗာပူးလ်အသင်းက နောက်ဆုံးပွဲစဉ်တွေမှာ တောက်လျှောက်နိုင်ပွဲဆက်နေပြီး မန်စီးတီးကို ဆက်တိုက်ဖိအားလိုက်ပေးနေတဲ့အသင်းပါ။ ဒီပွဲမှာလည်း ဝက်စ်ဟမ်းကို လီဗာပူးလ် အနိုင်ကစားလိမ့်မယ်။ (၃-၁)လောက်ဖြစ်နိုင်တယ်။ 

Most Read

Most Recent