■ အသင်းအားရောင်းချရန် မိုဗစ်ချ် ဆုံးဖြတ်ခြင်းမှာ ချယ်လ်ဆီးအတွက် ကြီးမားသည့် အပြောင်းအလဲဖြစ်သော်လည်း မိမိတို့ နစ်မြုပ်သွားမည်မဟုတ်ဟု တူဟယ်လ် ဆို     

■ အသင်းအားရောင်းချရန် မိုဗစ်ချ် ဆုံးဖြတ်ခြင်းမှာ ချယ်လ်ဆီးအတွက် ကြီးမားသည့် အပြောင်းအလဲဖြစ်သော်လည်း မိမိတို့ နစ်မြုပ်သွားမည်မဟုတ်ဟု တူဟယ်လ် ဆို     
Photo: Getty Images
Photo: Getty Images
Published 4 March 2022

ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်က ချယ်လ်ဆီးအသင်းအား ရောင်းချရန် အေဘရာမိုဗစ်ချ် ဆုံးဖြတ်ခဲ့ခြင်းမှာ အသင်းအတွက် ကြီးမားသည့်အပြောင်းအလဲဖြစ်သော်လည်း ချယ်လ်ဆီးအသင်းသည် နစ်မြုပ်သွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

    

ရုရှားလူမျိုး ဘီလျံနာ ရိုမန်အေဘရာမိုဗစ်ချ်က လူတန်အသင်းကို အနိုင်ရရှိခဲ့သည့် FA ဖလားပွဲစဉ်အပြီးတွင် ချယ်လ်ဆီးအသင်းကို ရောင်းချတော့မည်ဟု ကြေညာခဲ့ပြီး သူ့အတွက် အလွန်ခက်ခဲသည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အေဘရာမိုဗစ်ချ်သည် ချယ်လ်ဆီးအသင်းကို ၂၀၀၃ ခုနှစ်က စတင်ဝယ်ယူခဲ့ ခြင်းဖြစ်ပြီး ၎င်း၏လက်အောက်တွင် ချယ်လ်ဆီးအသင်းသည် အဓိကဆုဖလားပေါင်း (၁၉)လုံးအထိ ရယူနိုင်ခဲ့သည်။ 

သောမတ်စ်တူဟယ်လ်က "အခုအချိန်မှာ နည်းနည်းတော့ ပြောဖို့စောနေပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်က ချယ်လ်ဆီးနဲ့ ရိုမန်အေဘရာမိုဗစ်ချ်ကို အမြဲတွဲမြင်ထားတော့ ကျွန်တော့်အတွက် နည်းနည်းတော့ ခက်ခဲတယ်။ ကျွန်တော်တို့ ဖြစ်လာနိုင်တာတွေကို တွေးခဲ့ကြပြီးသားပါ။ ကျွန်တော်တို့ နားလည်ကြတယ်။ လက်လည်း လက်ခံကြတယ်။ အခုအခြေအနေက ရပ်တန့်သွားတာပါ။ နစ်မြုပ်သွားတာမဟုတ်ဘူး။ တော်တော်ကြီးမားတဲ့ အပြောင်းအလဲကြီးဖြစ်သွားတာ။ ကစားသမားတွေဆီမှာ အင်တာနက်ဆက်သွယ်ရေးတွေရှိတယ်။ သူတို့ဆီမှာ ဖုန်းတွေရှိတယ်။ TV ကြည့်ကြတယ်။ ဒါကြောင့် သူတို့ သတင်းတွေ ကြည့်တယ်။ သိတယ်။ သူတို့တွေဆီကို ပေးပို့လာတဲ့ စာတိုတွေကိုလည်း ရတယ်။ ဒါပေမဲ့ သူတို့ဟာ  အားကစားကိစ္စအပေါ်မှာ အပြည့်အဝ ဆက်ပြီးအာရုံစိုက်ထားနိုင်ကြပါတယ်။ မှန်ပါတယ်။ တချို့ကစားသမားတွေအတွက် ကြီးကြီးမားမား သက်ရောက်မှုတွေရှိတတ်ပေမဲ့ တချို့တွေဆီကိုတော့ သက်ရောက်မှုက နည်းပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်တော်တို့ ဘောလုံးကိုပဲ အပြည့်အဝ အာရုံစိုက်နိုင်လိမ့်မယ်။ အခြေအနေတွေအားလုံးကို ကိုင်တွယ်နိုင်ပါလိမ့်မယ်။ ပိုကောင်းတဲ့အသင်းဖြစ်လာပြီး နိုင် ပွဲတွေအတွက် သော့ချက်တွေကို ပိုပြီးသိလာကြပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။

    

အေဘရာမိုဗစ်ချ်သည် ချယ်လ်ဆီးအသင်းနှင့်ပတ်သက်ပြီး ထုတ်ပြန်ရာတွင် "ဘယ်တော့မှ စီးပွားရေးကိစ္စတစ်ခုလို ငွေကြေးအတွက်လိုမျိုး သဘောမထားခဲ့ပါဘူး။ ဒီကစားနည်းနဲ့ ဒီကလပ်အသင်းအပေါ် ချစ်တဲ့စိတ်နဲ့ပဲ နေထိုင်ခဲ့ပါတယ်။ ကလပ်အသင်းကို ရောင်းရတဲ့ငွေထဲကနေ ယူကရိန်းစစ်ပွဲအတွက် မြေစာပင်တွေကို လှူဒါန်းသွားမှာပါ" ဟုဆိုခဲ့ပြီး တူဟယ်လ်ကလည်း "ကျွန်တော် ဒီကိစ္စကို မဆွေးနွေးချင်ပါဘူး။ ဘုတ်အဖွဲ့က လုပ်စရာရှိတာလုပ်ပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။  

Most Read

Most Recent