အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် မြင့်တက်နေသော်လည်း အင်ဒိုနီးရှားအပန်းဖြေကျွန်း ဘာလီက နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံတကာခရီးသွားများကို ပြန်လည်လက်ခံ

အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် မြင့်တက်နေသော်လည်း အင်ဒိုနီးရှားအပန်းဖြေကျွန်း ဘာလီက နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံတကာခရီးသွားများကို ပြန်လည်လက်ခံ
ဘာလီလေဆိပ်သို့ နိုင်ငံခြားသား ခရီးသွားများ ဆိုက်ရောက်လာသည်ကို ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ် (Photo : AFP)
ဘာလီလေဆိပ်သို့ နိုင်ငံခြားသား ခရီးသွားများ ဆိုက်ရောက်လာသည်ကို ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ် (Photo : AFP)
Published 17 February 2022
Ref: AFP

နှစ်နှစ်နီးပါးအကြာတွင် အင်ဒိုနီးရှား အပန်းဖြေကျွန်းဘာလီသို့ နိုင်ငံတကာခရီး သွားများလိုက်ပါလာသော ပထမဆုံးလေကြောင်းခရီးစဉ် ဆိုက်ရောက်လာခြင်းနှင့် အတူ ဖေဖော်ဝါရီ ၁၆ ရက်တွင် ဘာလီကျွန်း သည် ပြည်ပခရီးသွားများကို မရဲတရဲပြန်ဖွင့် ပေးခြင်းအား စတင်လိုက်ကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။

အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများ မြင့်တက်လာသည့် ပြဿနာနှင့် လုံးပန်းနေရသည့်တိုင် အရှေ့တောင်အာရှကျွန်းစုနိုင်ငံ အင်ဒိုနီးရှားသည် ကွာရန်တင်းစည်းကမ်းများကို ဖြေ လျှော့ပေးလိုက်ချိန်၌ လေကြောင်းခရီးများ  ပြန်လည် စတင်ခြင်းဖြစ်သည်။

နိုင်ငံတကာခရီးသွား ၁၀၉ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၄၇ ဦးကို တင်ဆောင်လာသော စင်ကာပူလေကြောင်းလိုင်းပိုင်လေယာဉ်သည် ဖေဖော်ဝါရီ ၁၆ ရက်တွင် ဘာလီ ကို ဆင်းသက်ခဲ့သည်ဟု ဘာလီအုပ်ချုပ်ရေး မှူးဝါယန်ကိုစတာက သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားသည်။

“လေကြောင်းခရီးစဉ်တွေ ပြန်စမယ့် ကိစ္စဟာ မတ်လအစောပိုင်းမှာ ဖြစ်လာမယ် လို့ မျှော်လင့်ထားတာပါ။ ကျန်းမာရေးစည်းကမ်းတွေ လိုက်နာနေသရွေ့၊ ဆိုက်ရောက်ရာမှာ ဖြစ်ဖြစ် ထွက်ခွာရာမှာ ဖြစ်ဖြစ် ကူးစက်ခံ ထားရခြင်းမရှိကြောင်း ဆေးစစ်ချက်အဖြေ ပြနိုင်သရွေ့ ကမ္ဘာလှည့်ခရီးသည်တွေအနေ နဲ့ ကွာရန်တင်းဝင်ဖို့ လိုအပ်တော့မှာမဟုတ်ပါဘူး”  ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတကာခရီးသွားများကို ပြန်ဖွင့်ပေး ခြင်းသည် ခရီးသွားလုပ်ငန်းအတွက် ကြီးမား သော သင်္ကေတဖြစ်သည်ဟု ဘာလီလေဆိပ် ကို ဆိုက်ရောက်လာသော သြစတြေးလျကမ္ဘာ လှည့်ခရီးသည် ဂျိမ်းစ်က ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါမဖြစ်ပွားမီက ဘာလီကျွန်းကို မကြာခဏ အလည်အပတ်လာရောက်တတ်သော ဆွစ်ဇာလန် နိုင်ငံသူ မန်နျူရယ်လာက ဘာလီကို ပထမဆုံးလာမည့် လေကြောင်းခရီးစဉ်ကို စိတ်အား ထက်သန်စွာ စောင့်မျှော်နေရခြင်းဖြစ်သည် ဟု ပြောကြားခဲ့သည်။

“ဘာလီကို မရောက်တဲ့ နှစ်နှစ်ဟာ အလွန်ကြာပါတယ်။ ဘာလီ ဖွင့်တော့မယ့် အကြောင်း သူငယ်ချင်းက အသိပေးတာဖြစ်ပါတယ်။ ဒါနဲ့ကျွန်မဟာ ပထမဆုံးခရီးစဉ် အတွက် ချက်ချင်း ကြိုတင်လက်မှတ်ဝယ်လိုက် တာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

လာရောက်လိုသူများ၏ ဆန္ဒကို ကောင်းမွန်စွာ ဖြည့်ဆည်းပေးရေးအတွက် မိမိတို့ လေကြောင်းလိုင်းသည် စင်ကာပူနှင့် ဘာလီ ကို နေ့စဉ် ပျံသန်းပေးနေသည်ဟု စင်ကာပူလေကြောင်းလိုင်းက ထုတ်ပြန်ခဲ့သည်။

သြစတြေးလျအခြေစိုက် ဂျက်စတား လေကြောင်းလိုင်းအပါအဝင် အခြားလေကြောင်းလိုင်းများသည် အစောဆုံးအနေဖြင့် ရှေ့လအစောပိုင်းလောက်တွင် ဘာလီသို့ လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲ ပေးနိုင်သည်ဟု ဘာလီအုပ်ချုပ်ရေးမှူးက  ဖြည့်စွက်ပြောကြားသည်။

အိုမီခရွန်မျိုးကွဲကူးစက်ခံရသူ ပိုမိုများ ပြားလာသည်ကို သိထားပြီးဖြစ်သော်လည်း ကျန်းမာရေးစည်းကမ်းများကို ချမှတ်ဆောင်ရွက်ထားသဖြင့် စိုးရိမ်စရာမရှိဟု ၎င်းက ပြောကြားခဲ့သည်။                            

Most Read

Most Recent