အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် လက်ထပ်ပွဲရိုးရာဓလေ့ပွဲတစ်ခုကျင်းပနေစဉ် အမျိုးသမီးများနှင့် မိန်းကလေးငယ် ၁၃ ဦး ရေတွင်းထဲ မတော်တဆပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့ကဖေဖော်ဝါရီ ၁၇ ရက် တွင် ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၁၆ ရက်က အူတာပရာဒက်ရှ်ပြည်နယ်တွင် ရေတွင်းပေါ် ဖုံးထားသည့်သံချပ်ပေါ်လူအုပ်တက်ထိုင် ရင်း အလေးချိန်မခံနိုင်ဘဲ ပြုတ်ကျသေဆုံးသွားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ ရေတွင်းမှာ အိုဟောင်းနေပြီလည်းဖြစ်သည်။
‘လူတွေပြုတ်ကျသွားတယ်။ ပြုတ်ကျတဲ့အ ပျက်အစီးတွေကလည်း သူတို့ကိုပိသွားတယ်’ ဟု ရဲတပ်ဖွဲ့ကပြောသည်။အမျိုးသမီးများ နှင့် ကလေးငယ်များသည် ရွာတွင်းမင်္ဂလာဆောင်ရိုးရာပွဲတစ်ခုသို့ လာရောက်သည့်သူများဖြစ်သည်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီကပင် ယခုဖြစ်ရပ်ကို စိတ်နှလုံးကြေကွဲစရာအဖြစ်ဟု ပြောဆိုခဲ့ပြီး ဒေသအစိုးရက လိုအပ်သည်များ ကူညီဆောင်ရွက်ပါမည်ဟု တွစ်တာတွင် မှတ်ချက်ပြုခဲ့သည်။
အိန္ဒိယ မင်္ဂလာဆောင်များကို အကြီးအကျယ် ပြုလုပ်ကြပြီး ကျင်းပချိန်မှာလည်း ရက်ချီ ကြာလေ့ရှိသည်။ ၂၀၁၇ ခုနှစ်က ရာဂျက်စသန်မင်္ဂလာဆောင် တစ်ခုတွင် နံံရံပြိုကျပြီး ၂၄ ဦးသေဆုံးခဲ့သည်။














