ယူကရိန်းအကျပ်အတည်းကို တရုတ်က အခွင့်အရေးယူဖွယ်ရှိနေဟု အမေရိကန်ဗိုလ်ချုပ်ကြီး သတိပေး

ယူကရိန်းအကျပ်အတည်းကို တရုတ်က အခွင့်အရေးယူဖွယ်ရှိနေဟု အမေရိကန်ဗိုလ်ချုပ်ကြီး သတိပေး
ဖေဖော်ဝါရီ ၄ ရက်က တရုတ်နိ်ုင်ငံ ပေကျင်းမြို့တွင် တရုတ်သမ္မတ ရှီကျင်းပင် (ယာ)နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံစဉ်
ဖေဖော်ဝါရီ ၄ ရက်က တရုတ်နိ်ုင်ငံ ပေကျင်းမြို့တွင် တရုတ်သမ္မတ ရှီကျင်းပင် (ယာ)နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံစဉ်
Published 16 February 2022
Ref: AFP

အနောက်နိုင်ငံများသည် ရုရှားနှင့်တင်းမာမှုများကို လျှော့ချရန် အာရုံစိုက်နေချိန်တွင် တရုတ်သည် ယူကရိန်းအကျပ်အတည်းကို အခွင့်အရေးယူပြီး အာရှတွင် တစ်စုံတစ်ခုကို ပြုလုပ်ဖွယ်ရှိနေသည်ဟု အမေရိကန်ဗိုလ်ချုပ်ကြီး ကန်းနက်ဝီလ်စ်ဘက်ချ်က ဖေဖော်ဝါရီ ၁၆ ရက်တွင် သတိပေးခဲ့သည်။

ယူကရိန်းနယ်စပ်တွင် ရုရှားကစစ်သားအင်အား ၁၀၀၀၀၀ ကျော်ဖြန့်ကြက်ချထားမှုသည် အမေရိကန်နှင့် အနောက်နိုင်ငံများကို ကျူးကျော်စစ်ဖြစ်လာနိုင်မည့် စိုးရိမ်ပူပန်မှုများ မြင့်တက်စေခဲ့သည်။

အမေရိကန်၏ ပစိဖိတ်လေတပ်အကြီးအကဲ ဝီလ်စ်ဘက်ချ်ကမူ တရုတ်သည် ယင်းအကျပ်အတည်းတွင် ရုရှားနှင့် ပူးပေါင်းခဲ့ပြီး အာရှတွင် ၎င်း၏ကိုယ်ပိုင်ရည်ရွယ်ချက်များအပေါ် မေးခွန်းများမြင့်တက်စေခဲ့သည်ဟု ပြောကြားခဲ့သည်။

“ဥရောပမှာဖြစ်ပျက်နေတာတွေကို တရုတ်က သိရှိနေပြီး အင်ဒို-ပစိဖိတ်မှာ တစ်ခုခုလုပ်ဖို့ ကြိုးစားနေသလားဆိုတဲ့ အမြင်ကနေကြည့်မယ်ဆိုရင် အဖြေက လုံးဝကို ဟုတ်မှန်နေပြီး ဒါဟာ စိုးရိမ်ဖို့ကောင်းပါတယ်” ဟု ဝီလ်စ်ဘက်ချက်က ပြောကြားခဲ့သည်။

“ကျွန်တော်ကတော့ ဒီအခြေအနေမျိုးမှာ တရုတ်က အခွင့်ကောင်းယူသွားမှာကို စိုးရိမ်မိပါတယ်” ဟု ၎င်းက စင်ကာပူလေကြောင်းပြပွဲ၏ သီးသန့်တွေ့ဆုံမှုတစ်ခုတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အကယ်၍ တရုတ်သည် တစ်စုံတစ်ရာပြုလုပ်ရန် ကြိုးပမ်းခဲ့မည်ဆိုပါက ယင်းလုပ်ဆောင်ချက်သည် စိန်ခေါ်မှုတစ်ခုဖြစ်လာဖွယ်ရှိပြီး နိုင်ငံတကာအသိုင်းအဝိုင်းက မည်ကဲ့သို့ တုံ့ပြန်မည်ကို စောင့်ကြည့်သွားရမည်ဟု ဝီလ်စ်ဘက်ချ်က ပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်းတွင် တရုတ်သည်ရုရှားဘက်က ထောက်ခံကြောင်းပြသနေချိန်တွင် ဝီလ်စ်ဘက်ချ်က ၎င်းသည် ၎င်း၏လက်အောက်ဝန်ထမ်းများ၊ ဒေသတွင်း အခြားအဖွဲ့များနှင့်တွေ့ဆုံပြီး ယူကရိန်းအကျပ်အတည်းကို ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ဟာဝိုင်အီတွင်အခြေစိုက်သည့် ဝီလ်စ်ဘက်ချ်၏ ဌာနသည် ပစိဖိတ်တွင် ပဋိပက္ခတစ်ခုပေါ်ပေါက်လာပါက အဓိကကျသည့်အခန်းအဏ္ဍမှ ပါဝင်ရမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်အစိုးရသည် တောင်တရုတ်ပင်လယ်အတွင်းရှိ အဓိကကျသည့် ကျွန်းစုများကို ထိန်းချုပ်ပြီး ဒေသတွင်း တင်းမာမှုများမြင့်တက်စေခဲ့မှုအတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

တရုတ်အစိုးရကမူ တောင်တရုတ်ပင်လယ်အတွင်းရှိ နယ်နိမိတ်အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ထွက်ဆိုထားသော်လည်း ထိုင်ဝမ်နှင့် အခြားအရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့နှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခဲ့သည်။

အမေရိကန်နှင့် အခြားအနောက်နိုင်ငံများကမူ တောင်တရုတ်ပင်လယ်၏ နယ်နိမိတ်အငြင်းပွားမှုတွင် ပါဝင်ခြင်းမရှိသော်လည်း မဟာဗျူဟာကျသည့် ရေလမ်းခရီးတွင် လွတ်လပ်စွာရေကြောင်းသွားလာခွင့်ကို တရုတ်က ထိန်းချုပ်မည့်အရေးကို စိုးရိမ်လျက်ရှိသည်။

မကြာသေးမီလများအတွင်းကလည်း တရုတ်သည် ထိုင်ဝမ်ကို ဖိအားများတိုးမြှင့်ခဲ့သဖြင့် ယခုကဲ့သို့ ယူကရိန်းအကျပ်အတည်းတွင် တရုတ်သည် အခွင့်အရေးယူပြီး တစ်စုံတစ်ရာ ပြုလုပ်ရန် စဉ်းစားဖွယ်ရှိနေသည်ဟု ဝီလ်စ်ဘက်ချ်က ပြောကြားခဲ့သည်။

Most Read

Most Recent