ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ရေပြတ်တောက်နေမှု သုံးရက်ကျော်ကြာနေပြီဖြစ်သဖြင့် အခက်တွေ့နေ

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ရေပြတ်တောက်နေမှု သုံးရက်ကျော်ကြာနေပြီဖြစ်သဖြင့် အခက်တွေ့နေ
Published 7 February 2022
ဇော်မင်းနိုင်

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ရေပြတ်တောက်နေမှု သုံးရက်ကျော်ကြာနေပြီဖြစ်သဖြင့် အခက်တွေ့နေကြောင်း ရန်ကုန်မြို့ခံအချို့၏ ပြောကြားချက်အရ သိရသည်။

ဖေဖော်ဝါရီ ၄ ရက်ခန့်မှ စတင်ကာ ရေပြတ်တောက်နေခြင်းဖြစ်ပြီး မည်သည့်အချိန်တွင် ပြန်လည်ရရှိမည်ကို မသိရှိသေးကြောင်း တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူအချို့က ပြောကြားသည်။

“၄ ရက်နေ့ကတည်းက ပြတ်နေတာ။ စည်ပင်ကိုမေးတော့လည်း သေချာမသိရဘူး။ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ” ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ရေပြတ်တောက်မှုမှာ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ အရှေ့ဒဂုံ၊ တောင်ဥက္ကလာ၊ ဗဟန်း၊ ရန်ကင်း အစရှိသည့် မြို့နယ်များတွင်လည်း ရေပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“ရေကလုံးဝကို ပြတ်နေတာ။ နှစ်ရက်လောက်ရှိပြီ။ ရေတွင်းတူးထားတဲ့သူတွေက နည်းနည်းကူညီနေလို့ အဆင်ပြေနေတာ” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ရေပြတ်တောက်မှုကြောင့် အချို့မြို့နယ်များတွင် စက်ရေတွင်းတူးထားသူ အချို့က အခမဲ့ ရေပေးဝေခြင်းများကို လုပ်ဆောင်ပေးနေခြင်းကြောင့် အနည်းငယ်အဆင်ပြေနေကြောင်း ရန်ကုန်မြို့ခံအချို့က ပြောကြားသည်။

“ဒီနေ့ဆို သုံးရက်မြောက်ရှိပြီ။ ရေပြတ်တာ။ ပြတ်တာက ဂျိုးဖြူရေပြတ်တာ။ အဝီစိတွင်းရေက ရတယ်။ ခါတိုင်းတုန်းကလည်း ဒီလိုပဲ ရေပြတ်ဖူးတယ်။ ဒါပေမဲ့ အဲ့ဒီလောက် အကြာကြီး မပြတ်ဘူး။ မနေ့က ညကျတော့မှ ရေကမလာတာကို တွေ့တာ။ တချို့မြို့နယ်တွေမှာ ရေအကူအညီလိုရင် လာယူကြပါဆိုပြီး ပြောနေကြတယ်။ ရေမရှိတော့တဲ့သူတွေကတော့ ရေသွားယူလို့ရတယ်” ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော်စည်ပင်ကော်မတီက ရန်ကုန်မြို့တော်အတွင်း ရေပေးဝေလျက်ရှိရာတွင် ကုက္ကိုင်းရေကန်မှ လည်းကောင်း၊ ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်)မှ လည်းကောင်း၊ ဂျိုးဖြူရေကန်မှ ရေကို ရေတွန်းစက်ဖြင့် လည်းကောင်း ရေပေးဝေလျက်ရှိကြောင်း သိရသည်။

ရေပြတ်တောက်မှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

Most Read

Most Recent