စိန်ရတုပြည်ထောင်စုနေ့နှင့် ကြုံကြိုက်သည့် အခါသမယတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ အချိန်မီတက်ရောက်ရန်နှင့် စိန်ရ တုပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်စဉ်ကာလအတွင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် ကျင်းပမည့် ထာဝရငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဖေဖော်ဝါရီ ၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ကာ ဖိတ်ကြားသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများမှအပ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် NCA စာချုပ်လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖိတ်ကြားခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်သည့် သမိုင်းအစဉ်အဆက်ဖြစ်ပေါ်တည်ရှိလာသည့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ စေ့စပ်ညှိနှိုင်းအဖြေရှာရေးနည်း လမ်းဖြင့် ထာဝရငြိမ်းချမ်းရေးကို ရှေးရှုဆွေးနွေးသွားကြမည်ဖြစ်ကြောင်း ယင်းဖိတ်ကြားစာတွင် ဖော်ပြထား သည်။
တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကလည်း နိုင်ငံတော်အစိုးရ၏ ထာဝရငြိမ်းချမ်းရေးအတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်မထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် စိန်ရတုပြည်ထောင်စုနေ့သို့ သက်ဆိုင်သူ အားလုံး တက်ရောက်နိုင်ရေး ဝိုင်းဝန်းအကျိုးဆောင်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မေတ္တာရပ်ခံ သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်မှာ ၇၅ နှစ်ခန့်ရှိပြီဖြစ်သော်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာခိုင်မာမှုနှင့် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးမှာ ရှိသင့်သလောက် မရှိဘဲ ခွန်အားများ၊ စွမ်းအားများ ဆုံးရှုံးနေကြောင်း၊ ၎င်းခွန်အား၊ စွမ်းအားများကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စွမ်းအားပြည့် အသုံးပြုနိုင်ရန်အတွက် ထာဝရငြိမ်းချမ်းရေးရရှိရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ၏ ဖိတ်ကြားစာတွင် ပါရှိသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးအတွက် ထာဝရငြိမ်းချမ်း ရေး ရရှိရေးသည် လွန်စွာအရေးကြီးကြောင်း ယင်းဖိတ်ကြားစာတွင် ဖော်ပြထားသည်။
ထို့ပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီအများစုကလည်း ၅ နှစ်အတွင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ဦးတည်ဆွေးနွေးခဲ့ကြောင်းလည်း ယင်းဖိတ်ကြားစာတွင် ဖော်ပြထားသည်။















