ဘာကာ ဆေ့ဖ်အမည်ရှိအမျိုးသားသည် လက်မထပ်မီ သီတင်းနှစ်ပတ်အလို၌ ၎င်း၏ဇနီးလောင်းအား တွေ့၍ နေ့လည်စာ စားမည်ဟုမိခင် ဖြစ်သူအား ပြောကြားခဲ့သည်။ ထို့နောက်ညအချိန်အထိ သားဖြစ်သူ ကိုမတွေ့ရသည့်အတွက် သူ၏ဇနီးလောင်းကိုဖုန်းဆက်ရာ၌ ၎င်းထံ လာရောက်ခဲ့ခြင်းမရှိကြောင်း ဆေ့ဖ်၏ မိခင်အား ပြန်လည်ဖြေကြားခဲ့သည်။
ဒီဇင်ဘာ ၈ ရက်နေ့သည်ဆေ့ဖ်၏ မိခင်က ဆေ့ဖ်ကို နောက်ဆုံးမြင်တွေ့ခဲ့ရသည့်နေ့ဖြစ်သည်။ လွန်ခဲ့သည့်သီတင်းပတ်က ဆေ့ဖ်သည် အီရတ်နိုင်ငံအရှေ့ပိုင်းတွင် စစ်သွေးကြွများအား ပစ်မှတ်ထားသည့် အီရတ်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူကိုးဦး၌ အပါအဝင် ဖြစ်ခဲ့သည်။
ယင်းသေဆုံးသူများထဲမှ လေးဦးမှာ လက်ဘနွန်နိုင်ငံသားများဖြစ်ပြီး ၎င်းတို့မှာ ထရီပိုလီမြို့မြောက်ပိုင်းအနီးရှိ သေးငယ်ပြီးဆင်းရဲနွမ်းပါးသောရွာလေးတစ်ရွာမှဖြစ်သည်။
မကြာသေးမီလများအတွင်း လက်ဘနွန်နိုင်ငံသည် စီးပွားရေး ချွတ်ချုံကျမှုနွံအတွင်း ပိုမိုနက်ရှိုင်းစွာ နစ်ဝင်လာသောကြောင့်ဒါဇင်နှင့် ချီသည့် လူငယ်များသည် နိုင်ငံတွင်းမှ ပျောက်ကွယ်သွားပြီး နောက်ပိုင်းတွင် အီရတ်နိုင်ငံသို့ ရောက်ရှိနေကြကာ ၎င်းတို့သည် IS အဖွဲ့နှင့်သွားရောက်ပူးပေါင်းခဲ့ကြသည်ဟု ယူဆထားကြသည်။
ရွှေ့ပြောင်းအခြေချမှုများသည် စီးပွားရေးအထိနာမှုနှင့် ဂိုဏ်း ဂဏ စွဲတင်းမာမှုများကြောင့် စိတ်ပျက်အားငယ်မှုများနှင့် စိတ်ဓာတ်ကျမှုများကို အခွင့်ကောင်းယူသည့် အစွန်းရောက်လူသစ်စုဆောင်းမှုကို လှုံ့ဆော်ပေးနေသည့်အပေါ် စိုးရိမ်မှုများ မြင့်တက်နေကြသည်။
လက်ဘနွန်တွင် ပြည်တွင်းငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် လုပ်ခလစာတန်ဖိုးနှင့် ဘဏ်အကောင့်များမှာ အသုံးမခံတော့ဘဲ ကုန်စျေးနှုန်းတန်ဖိုးများမှာ မြင့်တက်ကာ နိုင်ငံသားအများအပြား ဆင်းရဲတွင်းနစ်ခဲ့ကြသည်။
ယင်းအကျပ်အတည်းမတိုင်မီကပင် ထရီပိုလီသည်လက်ဘနွန်၏ အဆင်းရဲဆုံးမြို့ဖြစ်ပြီး လူငယ်အများအပြားသည် အလုပ်လက်မဲ့ဖြစ်နေခြင်းနှင့်အတူ အရာအားလုံးမှာ ပိုမိုဆိုးရွားလာခဲ့သည်။
သို့သော် ဆင်းရဲမွဲတေမှုသည် လူငယ်အချို့အား IS အဖွဲ့နှင့်ပူးပေါင်းစေသည့် အကြောင်းအရင်းသာ ဖြစ်သည်မဟုတ်ပေ။ ထရီပိုလီနှင့်အနီးတစ်ဝိုက်ဒေသများသည် လက်ဘနွန်အစိုးရကို မျက်ကွယ်ပြုထားသည့် လက်ဘနွန်၏ဆွန်နီမွတ် စလင်အသိုင်းအဝိုင်းအများအပြား တည်ရှိရာ နေရာဖြစ်သည်။
လုံခြုံရေးတပ်များသည် အကြမ်းဖက်လိုသည့် ဆွန်နီလူငယ်များကို ပစ်မှတ်ထားဖြိုခွင်းခဲ့ပြီး တက်ကြွလှုပ်ရှားသူများ၏ ပြောကြားချက်အရ စစ်သွေးကြွအဖွဲ့နှင့်ဆက်နွှယ်သည်ဟု သံသယရှိသဖြင့်လူပေါင်း ထောင်ချီကို ခုံရုံးတင်စစ်ဆေးခြင်းမရှိဘဲ နှစ်ပေါင်းများစွာကြာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟုဆိုသည်။
ဆေ့ဖ်၏မိခင်က ၎င်း၏သားဖြစ်သူသည် လက်ဘနွန်စုံစမ်းထောက်လှမ်းရေးအဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု ယူဆထားသည်။ သို့သော် ဆေ့ဖ်မသေဆုံးမီ ငါးရက်ခန့်က မိခင်ဖြစ်သူထံ ပထမဆုံးအကြိမ် ဖုန်းဆက်ပြီး ၎င်း၏တည်နေရာကို မပြောဘဲ အသေးစိတ်ရှင်းပြခြင်းမရှိကာ သူမှားသွားခဲ့ကြောင်းထပ်တလဲလဲ ပြောကြားနေခဲ့သည်ဟု ဆေ့ဖ်၏မိခင်က ပြောကြားခဲ့သည်။
ဆေ့ဖ်သည် အကြမ်းဖက်သည့် လုပ်ဆောင်ချက်သံသယဖြင့်ထောင်တွင် ခုနစ်နှစ်ကြာ နေထိုင်ခဲ့ရပြီးခုံ ရုံးတင်စစ်ဆေးခြင်းမရှိဘဲ ဇွန်လက ပြန်လည်လွတ်မြောက်လာခဲ့သည်။
ဆေ့ဖ်လွတ်မြောက်လာပြီးနောက် သူ့ကိုအလုပ်ပေးမည့်သူမရှိသည့်အတွက် ၎င်းမိသားစုကသူ့အတွက် ကုန်စုံဆိုင်လေးတစ်ဆိုင် ဖွင့်ပေးခဲ့ပြီး ၎င်း၏ရိုးသားမှုကို ထိန်းသိမ်းပေးခဲ့သည်။
“သူ(ဆေ့ဖ်)ဟာ အကြောက်တရားနဲ့ အမြဲတမ်းနေနေရတယ်။ ကျွန်တော့်မိသားစုကလွဲရင် ဘယ်သူ့ကိုမှ မယုံဘူးလို့ သူကျွန်မကိုအမြဲပြောလေ့ရှိတယ်” ဟု ဆေ့ဖ်၏မိခင်က ပြောကြားခဲ့သည်။
IS ထိပ်သီးခေါင်းဆောင် အဘူ အီဘရာဟင် အယ် ဟာရှီမီ အယ်ကူရာရှီသည် ဆီးရီးယားနိုင်ငံအနောက် မြောက်ပိုင်းရှိ ၎င်း၏ပုန်းအောင်းရာ နေအိမ်တွင်အမေရိကန်တို့၏စီးနင်းမှုအတွင်း သေဆုံးခဲ့သည်။ ၎င်း၏သေဆုံးမှုသည် IS အဖွဲ့အားကာလတို အနှောင့်အယှက်ဖြစ်စေခဲ့သည်ဟု ကျွမ်းကျင်သူများက ယူဆခဲ့ကြပြီး ထိုအဖွဲ့သည် ၎င်း၏နေရာအတွက် လူအစားထိုးခဲ့ကြပြီး အီရတ်နှင့် ဆီးရီးယားတွင် ၎င်း၏အကြမ်းဖက်ကမ်ပိန်းများကို ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။
လက်ဘနွန်နိုင်ငံသားအများအပြားသည် အိမ်နီးချင်းဆီးရီးယားသို့ သွားရောက်၍ IS အဖွဲ့နှင့်ပူးပေါင်းခဲ့ဖွယ်ရှိသည်။ ထို့ပြင်အီရတ်ရှိ IS တို့နှင့် ပူးပေါင်း၍ ရွှေ့ပြောင်းမှုမှာအသစ်တစ်ဖန် ဖြစ်ဟန်တူသည်။
အကျဉ်းသားများအခွင့်အရေးစင်တာအကြီးအကဲဖြစ်သူရှေ့နေ မိုဟာမက် ဆက်လောင်း၏ပြောကြားချက်အရ လွန်ခဲ့သည့်လအတွင်း ထရီပိုလီမြို့မှ လူငယ် ၇၀ မှ ၁၀၀ ကြား ပျောက်ဆုံးသွားဖွယ်ရှိပြီး အရေအတွက်အတိအကျကို မသိဟုဆိုသည်။
“အသက် ၁၅ နှစ်ကနေ ၃၀ ကြားလူငယ်တွေဟာ လက်မထပ်နိုင်ကြသလို တစ်ခုခုဝယ်ဖို့ ဒါမှမဟုတ် တခြားလူတွေလို စားသောက်ဆိုင် ထိုင်ပြီး နေ့လယ်စာစားဖို့မလုပ်နိုင်ကြပါဘူး။သူတို့တွေဟာ သေဆုံးဖို့ ရွေးချယ်ပြီးအလွယ်တကူ ပစ်မှတ်တွေဖြစ်လာပါလိမ့်မယ်” ဟု အစိုးရတပ်ဖွဲ့၏တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် အိုမာဆေ့ဖ်၏မိခင်ဖြစ်သူက ပြောကြားခဲ့သည်။














