ပြည်သူများအနေဖြင့် ကိုယ်တိုင်စက်သုံးဆီသုံးစွဲမှုကို ချင့်ချိန်ချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် ဝိုင်းဝန်းကူညီကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တိုက်တွန်း

ပြည်သူများအနေဖြင့် ကိုယ်တိုင်စက်သုံးဆီသုံးစွဲမှုကို ချင့်ချိန်ချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် ဝိုင်းဝန်းကူညီကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တိုက်တွန်း
Published 1 February 2022

ပြည်သူများအနေဖြင့် ကိုယ်တိုင်စက်သုံးဆီ သုံးစွဲမှုကို ချင့်ချိန်ချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ၀ိုင်းဝန်းကူညီကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ်မျိုးစုံ တစ်သန်းကျော်နှင့် ဆိုင်ကယ်ခြောက်သန်းကျော်ခန့်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ပြည်ပမှ စက်သုံးဆီတင်သွင်းမှုမှာ တန်ချိန် ၄ ဒသ မ ၁၂ သန်းကျော်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်းရှိခဲ့ကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံတွင်  အများသုံးသယ်ယူပို့ဆောင်ရေးစနစ် (Public Transportation) အားနည်းသည့်အတွက် ပြည်သူများက ကိုယ်ပိုင်ယာဉ်ဖြင့်သာ သွားလာနေရကြောင်း၊ အများသုံးသယ်ယူပို့ဆောင်ရေးစနစ်ဖြစ်သည့် ရထား၊ ဘတ်စ်ကား၊ သင်္ဘောရေယာဉ်များ၏ ဝန်ဆောင်မှုကို မြှင့်တင်ခြင်း၊ တစ်ဦးချင်း စက်သုံးဆီသုံးစွဲမှုကို ချွေတာခြင်းတို့ကို ဆောင်ရွက်ပြီး ယင်းကိစ္စကို ဖြေရှင်းရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အများသုံး သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်သည့် ရထားပို့ဆောင်ရေးစနစ်၊ ဘတ်စ်ကားယာဉ်များနှင့် ပို့ဆောင်ရေးစနစ်၊ သင်္ဘောရေယာဉ်များနှင့် ပို့ဆောင်ရေးစနစ်တို့ကို ဝန်ဆောင်မှုမြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားပြည်သူလူထုအနေနှင့်လည်း ကိုယ်တိုင်စက်သုံးဆီသုံးစွဲမှုကို ချင့်ချိန်ချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ ၀ိုင်းဝန်း ကူညီကြရန် တိုက်တွန်းလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

“ဥပမာ - ဆိုင်ကယ်ခြောက်သန်းဟာ တစ်ရက်ကို ဆီသုံးစွဲမှု နို့ဆီဗူးတစ်ဝက်ခန့် လျှော့ချနိုင်ရင် တစ်ရက်ကို ဂါလန် ၁၂၅၀၀၀ သက်သာမှာဖြစ်သလို ကားတစ်စီးဟာ တစ်ရက်ကို သုံးစွဲမှု ဆီပုလင်း တစ်ဝက်လျှော့ချနိုင်ရင် တစ်ရက်ကို ဂါလန် ၁၂၅,၀၀၀ လျှော့ချနိုင်မှာဖြစ်ပါတယ်။ တန်ဖိုးအားဖြင့် တစ်ဂါလန် ၆၀၀၀ ကျပ် ပျှမ်းမျှစျေးနဲ့တွက်ကြည့်ရင် တစ်ရက်ကို ငွေကျပ် ၁ ဒသမ ၅ ဘီလျံအထိ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့ ပူးပေါင်းဆောင်ရွက်မှုလိုပါတယ်။ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း နှိုးဆော်လိုပါတယ်။ ဒါမှကျွန်တော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်” ဟု  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် သဘာဝအရင်းအမြစ်များဖြစ်သည့် ရေ၊ နေနှင့် လေစွမ်းအားများရှိကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကြီးမားပြီး ကုန်ကျစရိတ်တန်ဖိုးများကို တိကျစွာတွက်ချက်နိုင်သော်လည်း ပြန်လည်ရရှိမည့်အကျိုးအမြတ်မှာ တန်ဖိုးဖြတ်၍ မရအောင် ကြီးမားကြောင်း၊ မြန်မာနိုင်ငံတွင် မိုးများသည့် ဒေသများမှအပ ကျန်နိုင်ငံတစ်ဝန်းလုံး၌ နေသာသည့်ရက်မှာ တစ်နှစ်လျှင် ရက်ပေါင်း ၂၀၀ မှ ၂၅၀ အထိရှိကြောင်း၊ ထို့ကြောင့် နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံများ လုံလောက်စွာ တည်ဆောက်ရေးဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊  နေ‌ရောင်ခြည်သုံး ဆိုလာလျှပ်စစ်ဓာတ်အားထုတ်ယူမှုမှာ အကြောင်းအမျိုးမျိုးကြောင့် ရင်းနှီးမြှုပ်နှံမှု ကြီးမားသော်လည်း တည်ဆောက်မှုအချိန်ကာလနည်းပါးပြီး နောက်ပိုင်းတွင် ကုန်ကျစရိတ်သက်သာသည့် အကျိုးကျေးဇူးများကို ရရှိစေကြောင်း၊ ရေအား၊ နေရာင်ခြည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုများကို ပိုမိုတွင်ကျယ်စွာဆောင်ရွက်နိုင်မည်ဆိုပါက လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်မှုနှင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုနည်းပါးသည့်  LED စနစ်သုံး လျှပ်စစ်ပစ္စည်းများကို ပြောင်းလဲသုံးစွဲမည်ဆိုပါက ပြည်ပမှ မှာယူသုံးစွဲနေရသည့် စက်သုံးဆီလိုအပ်ချက်များ လျော့နည်းသွားစေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Most Read

Most Recent