လာမည့်ရွေးကောက်ပွဲများ၌ PR စနစ်အသုံးပြုမည်ဆိုပါက Close List PR စနစ်သာ သုံးသင့်ကြောင်း ဆန္ဒပြုထားဟု မွန်ညီညွတ်ရေးပါတီ ပြောကြား

လာမည့်ရွေးကောက်ပွဲများ၌ PR စနစ်အသုံးပြုမည်ဆိုပါက Close List PR စနစ်သာ သုံးသင့်ကြောင်း ဆန္ဒပြုထားဟု မွန်ညီညွတ်ရေးပါတီ ပြောကြား
Published 25 January 2022

လာမည့်ရွေးကောက်ပွဲများ၌ PR စနစ် အသုံးပြုမည်ဆိုပါက Close List PR စနစ်သာသုံးသင့်သည်ဟု ဆန္ဒပြုထားကြောင်း မွန်ညီညွတ်ရေးပါတီ အတွင်းအရေးမှူး (၂)ဖြစ်သူ နိုင်စံတင်က ပြောကြားသည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ဆုံးအပတ်တုန်းက ရန်ကုန်မြို့မှာ PR စနစ်နဲ့ပတ်သက်လို့ ဆွေးနွေးကြတုန်းက ခေါင်းစဉ်ခြောက်ခုကို အဖွဲ့ခြောက်ဖွဲ့ခွဲပြီး ဆွေးနွေးထားကြတာရှိတယ်။ ကျွန်တော်တို့က အဖွဲ့ (၄)မှာ အမျိုးသားလွှတ်တော်ရဲ့ PR Design ကိုပဲ ဆွေးနွေးရတာကိုး။ ကျွန်တော်တို့အဖွဲ့မှာက တိုင်းရင်းသားပါတီတွေများတော့ ညှိုနှိုင်းရတာလည်း လွယ်ကူတယ်။ အဲဒီမှာ PR နဲ့ပတ်သက်ပြီးတော့ မဲဆန္ဒနယ်မြေသတ်မှတ်တာရယ်။ ဘယ်လို PR ကိုအသုံးပြုမယ်ဆိုတာကို လောက်ပဲ ဆွေးနွေးထားကြတာ။ အကယ်၍များလောလောဆယ်မှာ ရွေးကောက်ပွဲမှာ PR စနစ်နဲ့ပဲသွားမယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့က Close List PR စနစ်ကိုပဲ သုံးသင့်တယ်လို့ တင်ပြထားပါတယ်။ ဘာကြောင့်လဲဆိုတော့ စာတတ်မြောက်မှုအခြေအနေရယ်၊ နောက်ဆန္ဒမဲထည့်ဖို့က အမျိုးမျိုးထည့်ရမယ်ဆိုရင် ဘယ်လိုမှထည့်တတ်ကြမှာမဟုတ်ဘူး။ ကိုယ်စားလှယ်လောင်းအမည်တွေ၊ ပါတီအမည်တွေ လိုက်ဖတ်နိုင်ဖို့က အဆင်မပြေဘူး။ အဲဒီတော့ ပါတီအမည်ကိုပဲ Close List သဘောမျိုးနဲ့လုပ်ဆောင်ဖို့ ဆန္ဒပြုထားပါတယ်” ဟု နိုင်စံတင်က ပြောကြားသည်။

ဆက်လက်၍ ၎င်းက “နောက်ပြီး မဲဆန္ဒနယ်မြေ သတ်မှတ်ဖို့အတွက်ကလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက အခြေအနေချင်းမတူဘူး။ လူဦးရေကအစ ကွာဟမှုတွေ ရှိနေတယ်။ ဖြစ်ပုံကလည်း အမျိုးသားလွှတ်တော်က တခြားလွှတ်တော်တွေနဲ့မတူဘူးလေ။ မြို့နယ်အလိုက်သတ်မှတ်ချက်လည်းမရှိဘူး။ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်က မြို့နယ်တစ်မြို့နယ်မှာ တစ်ဦးစီသတ်မှတ်ထားပေမဲ့ အမျိုးသားလွှတ်တော်က မဲဆန္ဒရှင်ဦးရေနဲ့ သွားတဲ့သဘောမျိုးမှာ ရှိနေတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအားလုံးမှာ ညီတူညီမျှပေးနိုင်မှပဲ ဖြစ်နိုင်မယ်” ဟု ပြောကြားသည်။

ဥပမာအားဖြင့် မွန်ပြည်နယ် ၁၀ မြို့နယ်တွင် အအမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် တစ်မြို့နယ်လျှင် တစ်ဦးစီရှိပြီး လူဦးရေများသည့် မော်လမြိုင်နှင့် ရေးမြို့နယ်များတွင် နောက်ထပ်နှစ်ဦး ထပ်ပြီးသတ်မှတ်ပေးထားကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း မြို့နယ်သုံးလေးခုပေါင်းပြီး လူဦးရေအလိုက်ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာ သတ်မှတ်ရသည့်အတွက် မဲဆန္ဒနယ်မြေသတ်မှတ်သည့်အခါတွင် အခက်အခဲများရှိကြောင်း ၎င်းက ဆိုသည်။

“အမျိုးသားလွှတ်တော်နဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမယ့်အဖွဲ့က နှစ်ဖွဲ့ရှိတယ်။ နောက်တစ်ဖွဲ့ကတော့ ဘယ်လိုပုံစံမျိုးနဲ့ တင်ပြမလဲဆိုတာကိုတော့ မသိရသေးဘူး။ လက်ရှိစာတမ်းတွေတင်ထားကြတုန်းပဲရှိသေးတယ်။ ဒါတွေကလည်း အတည်မဟုတ်သေးပါဘူး။ UEC က ဆွေးနွေးချက်တွေကို စုပြီးတော့မှ သူပြန်ခေါ်မလားတော့မသိဘူး။ ပြီးရင်တော့ သူတို့ကြိုက်တဲ့  Design တစ်ခုကို ချပေးမယ့် ပုံစံမျိုးတော့ရှိမယ်ပေါ့ဗျာ” ဟု နိုင်စံတင်က ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးအပတ်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးပွဲတွင် လာမည့်ရွေးကောက်ပွဲ၌ PR စနစ်ကို ကျင့်သုံးရန် နိုင်ငံရေးပါတီများက သဘောတူကြောင်းနှင့် စာရင်းပိတ်စနစ် (Close List PR)ကို အသုံးပြုသင့်ကြောင်း နိုင်ငံရေးပါတီများက အကြံပြုထားသည်ဟု UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီအစုအဖွဲ့ ခြောက်ဖွဲ့မှ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များအတွက် အစုအဖွဲ့ နှစ်ဖွဲ့၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များအတွက် အစုအဖွဲ့နှစ်ဖွဲ့နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်များအတွက် အစုအဖွဲ့နှစ်ဖွဲ့တို့က ဆွေးနွေးခဲ့ကြပြီး စာတမ်းများပြုစုခဲ့ကြကြောင်း UEC၏ ထုတ်ပြန်ချက်အရ သိရသည်။

ဘိုဘိုမြင့်

Most Read

Most Recent