မြန်မာက အာဆီယံဘုံသဘောတူညီချက်ငါးရပ်အား အကောင်အထည်ဖော်ရန် သိသာသည့် တိုးတက်မှုမရသရွေ့ အစည်းအဝေး တက်ရောက်ခွင့်ကို ယခင်ဆုံးဖြတ်ချက်အတိုင်း အာဆီယံကဆုပ်ကိုင်ထားရန် လိုအပ်ကြောင်း အင်ဒိုနီးရှားသမ္မတ ပြောကြား

မြန်မာက အာဆီယံဘုံသဘောတူညီချက်ငါးရပ်အား အကောင်အထည်ဖော်ရန် သိသာသည့် တိုးတက်မှုမရသရွေ့ အစည်းအဝေး တက်ရောက်ခွင့်ကို ယခင်ဆုံးဖြတ်ချက်အတိုင်း အာဆီယံကဆုပ်ကိုင်ထားရန် လိုအပ်ကြောင်း အင်ဒိုနီးရှားသမ္မတ ပြောကြား
၂၀၂၁ ခုနှစ် ဧပြီလအတွင်းက အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်လာသော ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် အင်ဒိုနီးရှားသမ္မတတို့တွေ့ဆုံစဉ်
၂၀၂၁ ခုနှစ် ဧပြီလအတွင်းက အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်လာသော ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် အင်ဒိုနီးရှားသမ္မတတို့တွေ့ဆုံစဉ်
Published 24 January 2022
Ref:Ministry of Foregin Affairs of the Republic of Indonesia

ကမ္ဘောဒီးယားနိုင်ငံ၏ မေတ္တာရပ်ခံချက်အရ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကို ဖုန်းဖြင့် လက်ခံစကားပြောကြားခဲ့သည်ဟု ဇန်နဝါရီ ၂၂ ရက်တွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် မကြာသေးခင်က ၎င်း၏ မြန်မာနိုင်ငံ အလည်အပတ်ခရီးစဉ် ရလဒ်များနှင့်စပ်လျဉ်း၍ နောက်ဆုံးအခြေအနေကို ရှင်းလင်းပြောကြားရေးအတွက် အင်ဒိုနီးရှားသမ္မတနှင့် ဖုန်းပြောရန် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဖုန်းပြောဆိုရာတွင် အင်ဒိုနီးရှား သမ္မတဝီဒိုဒိုက မြန်မာနိုင်ငံကို အာဆီယံ၏ ချဉ်းကပ်နည်းမှာ အထူးသဖြင့်သဘောတူထားသည့် မူရပ်ချက်အပေါ်တွင် အခြေခံသင့်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာ ့တပ်မတော်က ဘုံသဘောတူညီချက်ငါးရပ်ကို ဖော်ဆောင်ခြင်းမရှိသည်ကို နောင်တရကြောင်း အင်ဒိုနီရှားသမ္မတက ပြောကြားခဲ့သည်ဟု  အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

ထို့အတူ အာဆီယံနှင့် ရရှိထားသည့် ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ခြင်းကို  မြန်မာ့တပ်မတော်အာဏာပိုင်အဖွဲ့ (နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ)က အဆိုပြုထားသည့် အချက်ငါးချက်ပါ လမ်းပြမြေပုံနှင့် ချိတ်ဆက်ရန် မသင့်ဆိုသည့်အချက်ကို အင်ဒိုနီးရှားသမ္မတကထပ်လောင်း ပြောကြားခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့တပ်မတော်သည်အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန်ကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် ချက်ချင်းဆက်ဆံပြောဆိုရန် အခွင့်အလမ်းပံ့ပိုးပေးရမည်ဟုဝီဒိုဒိုကပြောကြားခဲ့သည်။ ယင်းဆက်ဆံ ပြောဆိုမှုသည်အားလုံးပါဝင်သော အမျိုးသားစေ့စပ်ဆွေးနွေးရေး လမ်းပွင့်စေရန် မုချ လိုအပ်နေသည်ဟု ဆိုသည်။

ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် သိသာသည့် တိုးတက်မှုမရသရွေ့ အာဆီ ယံအစည်းအဝေး မှန်သမျှတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးနှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်သာ တက်ရောက်ရမည်ဆိုသော ဆုံးဖြတ်ချက်ကို ဆုပ်ကိုင်ထားရေးမှာ အာဆီယံအတွက် မုချလိုအပ်သည်ဟု ဝီဒိုဒိုက ပြောကြားခဲ့သည်ဟု သိရသည်။

ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်မှုကို စောင့်ကြည့်ရေးအတွက်  အာဆီယံအတွင်းရေးမှူးချုပ်၏ ထောက်ခံမှု နှင့်အတူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး /အထူးသံတမန်၊ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ ပါဝင်သော သုံးဦးပါအဖွဲ့ဖွဲ့စည်းရန် ဟွန်ဆန်၏ အကြံပြုချက်နှင့်ပတ်သက်၍ ဝီဒိုဒိုက “ဒီအဆိုပြုချက်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ထပ်မံဆွေးနွေးကြရမှာဖြစ်ပါတယ်” ဟု အကြံပြုခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ခွဲခြားမှုမရှိဘဲ ပေးဝေနိုင်ရေးအတွက် အာဆီယံအထူးသံတမန်၊ အာဆီယံအတွင်း ရေးမှူးချုပ်၊ မြန်မာအာဏာပိုင်များသာမက ကုလသမဂ္ဂအဖွဲ့အစည်းများပါဝင်သော ညှိနှိုင်းရေးအစည်းအဝေးကျင်းပရန် ဟွန်ဆန်၏အဆိုပြုချက်ကို သမ္မတဝီဒိုဒိုက သဘောတူခဲ့သည်ဟု သိရသည်။