တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ နိုင်ငံရေးဆွေးနွေးခြင်းဖိတ်ခေါ်ချက်သည် လက်ရှိအထွေထွေနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရည်မှန်းပါက ကြိုဆိုကြောင်း RCSS ထုတ်ပြန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ နိုင်ငံရေးဆွေးနွေးခြင်းဖိတ်ခေါ်ချက်သည် လက်ရှိအထွေထွေနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရည်မှန်းပါက ကြိုဆိုကြောင်း RCSS ထုတ်ပြန်
Published 18 January 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံရေးဆွေး နွေးခြင်းဖိတ်ခေါ်ချက်သည် လက်ရှိအထွေထွေနိုင်ငံရေး အကျပ်အတည်းဖြေရှင်းနိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရည်မှန်းပါက ကြိုဆိုကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၏ တတိယအကြိမ်မြောက် ကောင်စီကွန်ဂရက်ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ထည့်သွင်းထားခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ ၂၂ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှ ၁၅ ရက်အထိလည်းကောင်း၊ တတိယအကြိမ်မြောက် ကွန်ဂရက်ကို ဇန်နဝါရီ ၁၆ ရက်မှ ၁၇ ရက်အထိ လည်းကောင်း  RCSS ၏ ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်း၌ ကျင်းပခဲ့ကြောင်း ဖော်ပြထားသည်။

၂၂ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် အဖွဲ့အစည်း၏ ပြီးခဲ့သည့် တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက်များကို ဌာနအသီးသီးမှ အစီရင်ခံစာတင်ပြပြီး သုံးသပ်ဆွေးနွေးခဲ့ကြောင်း၊ တတိယအကြိမ်ကွန်ဂရက်တွင်လည်း ပြီးခဲ့သည့် လေးနှစ်တာလုပ်ငန်းဆောင်ရွက်ချက်များကို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်စစ်က တင်ပြအစီရင်ခံခဲ့ကြောင်း ဖော်ပြထားသည်။

တတိယအကြိမမြောက်ကွန်ဂရက်တွင်  ဗိုလ်ချုပ်ကြီးရွက်စစ်ကို ဥက္ကဋ္ဌအဖြစ် ကောင်စီကွန်ဂရက်တက်ရောက်လာသူများက ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ပြီး အကြံပေးအဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဌာနအသီးသီးမှ ဌာနမှူးများကိုလည်း ရွေးချယ်အတည်ပြုပေးခဲ့ကာ လာမည့်လေးနှစ်တာ ရှေ့လုပ်ငန်းစဉ်များကိုလည်း ချမှတ်နိုင်ခဲ့ကြောင်း ပါရှိသည်။

ရှမ်းပြည်ညီညွတ်ရေးမှတစ်ဆင့် ပြည်ထောင်စုညီညွတ်ရေးကို ဦးတည်၍ အားလုံးလက်ခံသော ရှမ်းပြည်ဖက်ဒရယ်မူနှင့်အညီ ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအား တစ်ဆင့်ပြီးတစ်ဆင့်ရေးဆွဲနိုင်ရေးအတွက် ရှမ်းပြည်အမျိုးသားညီလာခံ ပြင်ဆင်ခြင်းအစည်းအဝေးကို မကြာမီကျင်းပသွာမည်ဖြစ်ကြောင်း၊ တိုက်ပွဲများကြောင့် ဒေသခံပြည်သူလူထုကို ဒုက္ခအဖုံဖုံခံစားရပြီး လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းကို ရှောင်ရှားလိုခြင်း၊ COVID-19 ကပ်ရောဂါဆက်လက်ကူးစက်ပျံ့နှံ့နေခြင်းကို ကာကွယ်တားဆီးလိုခြင်းတို့ကြောင့် ရှမ်းပြည်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအချို့နှင့် တိုက်ပွဲဖြစ်ပွားခြင်းအား ရပ်ဆိုင်းပြီး တွ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် ပြဿနာဖြေရှင်းနိုင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် လက်ရှိအထွေထွေနိုင်ငံရေးအကျပ်အတည်းဖြေရှင်းနိုင်ရေး အာဆီယံနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ၏ ဆောင်ရွက်ချက်များကို ကြိုဆိုပြီး လိုအပ်သလို ပံ့ပိုးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံရေးဆွေးနွေးခြင်းဖိတ်ခေါ်ချက်သည် လက်ရှိအထွေထွေနိုင်ငံရေး အကျပ်အတည်းဖြေရှင်းနိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရည်မှန်းပါက ကြိုဆိုကြောင်း RCSS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လက်တွေ့ကျကျ တည်ဆောင်နိုင်မှသာလျှင် ပြည်တွင်းပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း  RCSS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

 

 

                       

Most Read

Most Recent