အေးချမ်းမှုတွေ သယ်လာခဲ့ပါလား ၂၀၂၂ ရေ

အေးချမ်းမှုတွေ သယ်လာခဲ့ပါလား ၂၀၂၂ ရေ
Photo:istock
Photo:istock
Published 2 January 2022
မိုးသောက်ထွန်း

ခေါင်မိုးသွပ်ပြားမှာ ငွေ့ရည်ဖွဲ့တွဲလဲခိုနေရာကနေ အောက်ကို ခုန်ချလာတဲ့ နှင်းစက်အချို့က ပေါင်ပေါ်ကို စိမ့်ခနဲ လာပြီးရိုက်ခတ်တယ်။ “အေးလိုက်တာ” လို့ ညည်းမိရင်း ခြေရင်းနားမှာ အပုံလိုက်ဖြစ်နေတဲ့စောင်ကို ဆွဲ ယူပြီး ခြုံလိုက်ရတယ်။ အေးလိုက်တာလို့ ညည်းလိုက်မိတယ်ဆိုပေမဲ့ စိတ်ထဲမှာ ဆောင်းရဲ့အေးမြမှုအပေါ် တစိုးတစိမှ အပြစ်တင်လိုခြင်းမရှိပါ။ ဆောင်းဟာ ဆောင်းသဘာဝအတိုင်း အေးနေခြင်းအပေါ် အပြစ်ဖို့ စရာအကြောင်းမရှိ။ ပြီးတော့ အေးတဲ့ခံစားမှုကို ပိုပြီးကြိုက်သူမို့ ဆောင်းဟာ ဆောင်းလို ပီပီပြင်ပြင်အေးပြနေတာကို ကျေနပ်မိနေတာ။

ဒီနှစ်လိုမျိုး ဆောင်းဟာ ဆောင်းလို ပီပီပြင်ပြင် မအေးခဲ့တာ နှစ်ကာလတချို့ ကြာခဲ့ပြီ။ အရင်နှစ်တွေကဆို နှစ်ရက်၊ သုံးရက် အေးသွားလိုက်၊ ပြီးရင် အအေးလျော့သွားလိုက်နဲ့ ရက်အတော်ကြာ ရက်ဆက်အေးတာမျိုး မရှိသလောက်ပါပဲ။ အခုလို ရက်ဆက် အေးပြတဲ့အခါ တချို့က ညည်းညူကြတယ်။ အေးတစ်ဝက်၊ မအေးတစ်ဝက်ကို နှစ်အနည်းငယ်အသားကျသလိုဖြစ်သွားတော့ အေးတဲ့ခံစားမှုကို အရေးတယူပြုမိကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အပူပိုင်းဒေသဖြစ်တာမို့ ရာသီကာလအတော်များများ ပူလောင်မှုနဲ့ပဲ ထိတွေ့နေရတဲ့ ခန္ဓာကိုယ်အရေပြားဟာ အေးတဲ့အထိအတွေ့ကို ခပ်ကြာကြာကြုံတွေ့ ရတဲ့အခါ ညည်းညူမိကြမည်မှာပါပဲ။ အအေးကို နှစ်သက်သူတွေအဖို့ မထောင်းသာလှပေမဲ့ အအေးမကြိုက်သူတွေအဖို့ ညည်းညူကြတာကို အပြစ်တော့လည်း မဆိုသာပါဘူး။

အခုမှ မဟုတ်ပါဘူး။ ရှေးရှေးအခါ ကတည်းက ဘိုးဘိုး၊ ဘွားဘွားတွေလည်း အအေးဒဏ်နဲ့ ကြုံတွေ့ရတဲ့အခါ ညည်းညူကြပုံတွေကို စာတွေထဲမှာ မြင်တွေ့ရတယ်။ အချုပ်တန်းဆရာဖေက “ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့၊ မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်ပေါ့” လို့ ဆိုထားတယ်။ “ဝေရွှန်းစန္ဒာ၊ ချမ်းရိပ် သာက၊ မျက်နှာတူရူ၊ တသည့်သူလျှင်၊ ဇမ္ဗူအောင်ခန်း၊ ပြည်ကြငှန်းသို့၊ ရောက်ပန်းကြီးအင်၊ နေမရွှင်ခဲ့”ဆိုပြီး ဝန်ကြီးပဒေသာရာဇာ ရဲ့ လွမ်းရတုထဲမှာလည်း တွေ့ရတယ်။ “မပူပေါင် နောက်ဆီက ချမ်းရော့ထင်၊ အဖြူစောင် ခေါက်ထည်ကြမ်းကိုလ၊ လွှမ်းတဲ့လို့ လွှားကာခြုံ”၊ “သည်ဆောင်းတစ်ခါ၊ ထည်ပေါင်းရာ၊ ခြုံမနွေးနိုင်ဘု၊ တုန်ကွေးလေ့ဖေ၊ နွမ်းပြန်တော့တယ်၊ လွမ်းသူနှင့်ကင်း”ဆိုတဲ့ စာကဗျာတွေထဲမှာလည်း ဆောင်းရဲ့အေးချမ်းခြင်း သရုပ်လှမ်းမြင်တွေ့ရတယ်။

အဲကွန်းမရှိတဲ့ နယ်ဘက်ဒေသတွေမှာ ပူတဲ့ရာသီကာလတွေဆိုရင် ညဘက်အိပ်တဲ့အခါ ပူအိုက်မှုဒဏ်ကို အတော်လေးခံစားရတယ်။ ညဉ့်နက်သန်းခေါင်အထိ ယပ်တောင် တဖျပ်ဖျပ်နဲ့ မအိပ်နိုင် ရှိကြရတယ်။ အခုလို အေးမြတဲ့ကာလကြတော့ စောင်လေးခြုံပြီး ကွေးအိပ်ရတာက အဲကွန်းခန်းထဲရောက်နေ သလိုပါပဲ။ အအေးကြိုက်သူမို့လားတော့ မသိ၊ နွေလိုပူတာထက် ဆောင်းလိုအေးမြတာကို ပိုပြီး သဘောကျမိတယ်။ ဘာပဲဖြစ်ဖြစ်၊ ပူလောင်အိုက်စက်နေတာထက်စာရင် ချမ်းအေးနေတာက ပိုပြီးခံစားရ သက်သာတယ်လို့ မြင်မိတာပါပဲ။ ခန္ဓာကိုယ်ခံစားမှုတင်မဟုတ် စိတ်ခံစားမှုတွေမှာလည်း အဲဒီအတိုင်းပါပဲ။ ပူလောင်တဲ့ သောကခံစားမှုတွေထက် အေးမြတဲ့ဘဝ၊ ငြိမ်းချမ်းတဲ့ရသကိုပဲ လူတိုင်းခံစားချင်ကြမှာပါပဲလေ။

၂၀၁၉မှာ သန္ဓေတည်ပြီး COVID-19 လို့ အမည်တွင်တဲ့ ကပ်ရောဂါဆိုးဟာ ၂၀၂၀ နှစ်တစ်နှစ်လုံး ဖိစီးနှိပ်စက်ခဲ့တယ်။ အလုပ်တွေ နားရတယ်။ စီးပွားရေးအခြေအနေ ကမောက်ကမဖြစ်တော့ စားဝတ်နေရေးတွေလည်း ကျပ်တည်းကြရတယ်။ သူသူငါငါရဲ့ ရင်ထဲ (စိတ်ထဲ) မှာ အပူလှိုင်းသောကတွေ တဟုန်းဟုန်း တောက်လောင်ခဲ့ကြရတယ်။ ငြိမ်းတော့မလား ... ငြိမ်းတော့မလားနဲ့ သောကမီးညွန့်ဟာ တော်တော်နဲ့ အညွန့်မကျိုးနိုင်ဘဲ ရှေ့ဆက်ခဲ့တယ်။ အနည်းငယ်အရှိန်လျော့သွားလိုက် ရပ်သွားတော့မလားလို့ မျှော်နေစဉ်မှာပဲ အညွန့်တလူလူ ပြန်တက်လာလိုက်နဲ့ သောကမီးဟာ တငွေ့ငွေ့နဲ့ အပြီးမသတ်နိုင်ခဲ့ဘူး။ ၂၀၂၀ နှစ်ကုန်ပြီး ၂၀၂၁ နှစ်သစ်ကိုကူးတဲ့အချိန်မှာ သောကမီးတွေ ငြိမ်းလေမလား မျှော်ခဲ့မိတယ်။ ဒါပေမဲ့ မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး။

၂၀၂၁ နှစ်သစ်ဟာ ငြိမ်းအေးမှုတွေကို သယ်ဆောင်မလာခဲ့ဘူး။ သောကကို သောကဆင့်ပြီး အပူကိုဆင့်ကဲ လောင်ကျွမ်းစေခဲ့တယ်။ အသက်အိုးအိမ်စည်းစိမ်တွေ ကြေမွခဲ့ရတယ်။ ဘာသာတရားတွေ ညှိုးမှိန်ခဲ့ရတယ်။ ရင်းနှီးတဲ့မိတ်ဆွေတွေကြား ဝေးကွာခြင်း တံတိုင်းတွေ ခြားခဲ့ကြရတယ်။ သွေးစပ်တဲ့ မိသားစုတွေကြား သွေးဝေးခြင်းတွေ ခံစားကြရတယ်။ အယူဝါဒတွေ ကွဲလွဲကြတယ်။ အယူအဆတွေ စီးချင်းထိုးကြရတယ်။ ပြတ် နေတဲ့ အလုပ်တွေကနေ ငတ်သေမဲ့သရုပ်တွေအထိ နိမ့်ပါးခဲ့ရတယ်။ အနာဂတ်ရင်သွေးတွေရဲ့ ပညာရေးရေစီးကြောင်းဟာလည်း စီးဆင်းဖို့ တုံ့ဆိုင်းလေးကန်ခဲ့ရတယ်။ ၂၀၂၁ ဟာ ၂၀၂ဝနဲ့ သိပ်ပြီးတော့ မကွာခြားလှ။ ၂၀၂၀ ရဲ့သောကမီးကို ငြှိမ်းပေးရမယ့်အစား သောကအမွေဆက်ခံပြီး ဆင့်ကဲလောင်ကျွမ်းပြခဲ့ တယ်။

အခုတော့ ၂၀၂၁ ဟာလည်း နှစ်ဟောင်း တစ်ခုအဖြစ် ကုန်ဆုံးရပြန်ပြီ။ ၂၀၂၂ ဆိုတဲ့ နှစ်အသစ်၊ စာမျက်နှာအသစ်က ၂၀၂၁ ရဲ့ တာဝန်တွေကို ပခုံးပြောင်းတာဝန်ယူခဲ့ပြီ။ ၂၀၂၂ ဟာ ၂၀၂၀ နဲ့ ၂၀၂၁ က သောကအပူ မီးတွေကို ငြှိမ်းသတ်ပြီး တကယ်သစ်တဲ့ စာမျက်နှာအသစ်ကို ပုံဖော်ပေးနိုင်မှာလား။ ကမ္ဘာ့ကိုကိုင်လှုပ်ခဲ့တဲ့ ကိုဗစ်နတ်ဆိုးဟာ ၂၀၂၀၊ ၂၀၂၁ ကာလတစ်လျှောက် ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းဆိုပြီး လှိုင်းအဆင့်ဆင့် နဲ့ နှိပ်စက်ကလူ ပြုခဲ့ပြီးပြီ။ ၂၀၂၁ ကုန်လုလု မှာဆိုရင်လည်း ကိုဗစ်ရဲ့ ဗီဇမျိုးကွဲ SARS-CoV Variant Omicrom (အိုမီခရွန်)ဆိုပြီး ပေါ်လာတယ်။ “၂၈ - ၁၂  -၂၀၂၁ ဆေးစစ် ချက်အဖြေမှ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှ Relief Flight ဖြင့် ပြန်လာသော မြန်မာနိုင်ငံသား လေးဦး၏ ဓာတ်ခွဲနမူနာများတွင် အိုမီခရွန်ရောဂါပိုးကို တွေ့ရှိရသည်” ဆိုတဲ့ သတင်းမျိုးတွေ တွေ့လိုက်ရတယ်။ အဲဒီသတင်းဟာ အဲဒီဗီဇမျိုးကွဲနဲ့ ပတ်သက်ပြီး နောက်ဆုံးသတင်းဖြစ်စေချင်ပါတယ်။ ၂၀၂၂ ဆီ သယ် ဆောင်မလာဖို့လည်း မျှော်လင့်မိပါတယ်။

ကံမကောင်းအကြောင်းမလှလို့ ကံကြမ္မာဆိုးကို ရင်ဝယ်ပိုက်ခဲ့ရတဲ့ ကမ္ဘာဟာ ကပ်ရောဂါဆိုးရဲ့ နှိက်စက်မှုဒဏ်ကို တစ်နှစ် တည်းမဟုတ်၊ နှစ်နှစ်လောက်တောင် ခံစားခဲ့ရပြီးပြီ။ ကမ္ဘာနဲ့ချီပြီး ပေးဆပ်ရတဲ့ ဝဋ်ကြွေး ဆိုရင်လည်း ကြေသင့်ပါပြီ။ ဒီလောက် နှိပ်စက်ရရင် ကျေနပ်ပါတော့လို့ ပြောရမှာပဲ။ သတ္တဝါအများ ရင်ဆိုင်ကြုံတွေ့ရတဲ့ အမှောင်ကာလတွေ ကုန်ဆုံးသင့်ပါပြီ။ ရောင်ခြည်သစ်၊ အလင်းသစ်တွေ ထွန်းတောက်သင့်ပါပြီ။ အရင်နဲ့မတူ ထူးထူးကဲကဲအေးချမ်းပြနေတဲ့ ဆောင်းရဲ့သရုပ်ဟာ သောကအပူတွေ ငြိမ်း အေးတော့မယ့်နိမိတ်၊ အေးချမ်းမှုတွေ ရောက်လာတော့မယ့်သင်္ကေတလို့ မျှော်လင့်ချင်မိတယ်။ ဖြစ် ပါစေလို့လည်း ဆုတောင်းမိတယ်။

မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါမျိုးမှာ ဝမ်းနည်းပူဆွေးမှုတွေ ဖြစ်လာတတ်တာမို့ မျှော်လင့်ခြင်းဟာ သိပ်ပြီးကောင်းတဲ့ အရာမဟုတ်ဘူးလို့ ဆိုတတ်ကြတယ်။ ဒါပေမဲ့ လူတိုင်းဟာ မျှော်လင့်ခြင်းနဲ့ မကင်းနိုင်ကြ ပြန်ဘူး။ မျှော်လင့်ချက်မရှိရင် ဘဝကို ဆက်ပြီးရှင်သန်ဖို့ အဓိပ္ပာယ်မပြည့်စုံနိုင်ဘူးလေ။ မျှော်လင့်ခြင်းဟာ လူတစ်ယောက်အတွက် အောက်ဆီဂျင်လိုပါပဲ။ ဒီတော့လည်း လူထဲက လူတစ်ယောက်အနေနဲ့ ၂၀၂၂ နှစ်သစ်အပေါ်မှာ မျှော်လင့်ချက်တွေ ထားမိတယ်။ နှစ်သစ်ဟာ အကောင်းမွန်ဆုံးကံကြမ္မာတွေကို သယ်ဆောင်လာလိမ့်မယ်လို့ပေါ့။ တောင်းဆိုခွင့် ရှိမယ်ဆိုရင်လည်း တောင်းဆိုချင်သေးတယ်။ “အေးချမ်းမှုတွေ သယ်ဆောင်လာခဲ့ပါလား ၂၀၂၂ ရေ”လို့ပေါ့။